၂၀၂၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာပြည်အရေး ထည့်သွင်းပြောဆိုခဲ့သူ အရှေ့ တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟောတာ၏ မိန့်ခွန်းကို အရင်ဆုံး ဖော်ပြချင်သည်။
မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စွန့်ပစ် သစ္စာဖောက်ခြင်းကို ခံနေရကြောင်း၊ သူတို့အပေါ် ယေဘုယျထောက်ပံ့မှုမှာ ယူကရိန်း နိုင်ငံသားများ ဒုက္ခသည်များနှင့် မတူဘဲ ဘာကြောင့် အကြီးအကျယ် ကွာဟနေရသနည်း ဟု မေးခွန်းထုတ်စရာရှိကြောင်း၊ ယူကရိန်း ခုခံမှုမှာ ခေတ်မီဆန်းပြားသော စစ်ရေး ထောက်ပံ့မှုရှိခြင်းနှင့် အသံတိတ်ခုခံနေရသော မြန်မာပြည်သူများအပေါ် ထောက်ပံ့မှု မရှိခြင်း ကွာခြားလွန်းနေကြောင်း၊ မြန်မာ၏ ပဋိပက္ခသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးအပေါ် အကျိုးဆက်သက်ရောက်နေပြီး ယူကရိန်းနှင့် မြန်မာတွင် ဘက်စုံပါဝင်သည့် ဆွေးနွေးပြောဆိုမှု လိုအပ်နေကြောင်း ပြောသွားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းခဲ့သည်မှာ လပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အာဏာသိမ်းကတည်းက ပြည်မနှင့်တောင်တန်းမကျန် မြို့ရွာအများစုတွင် သန်းနှင့်ချီသော လူထုက အုံကြွဆန္ဒပြခဲ့သည်ကို အများ မြင်တွေ့ခဲ့ရပြီ ဖြစ်၏။ ဆန္ဒပြပြည်သူများကို မြန်မာစစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့သည်ကို မြင်တွေ့ခဲ့ရသကဲ့သို့ ထိုအကြမ်းဖက် ဖြိုခွဲမှုကို မြန်မာလူထုက ရရာလက်နက်ဖြင့် အုံကြွခုခံတော်လှန်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ရရာလက်နက်ကိုင်စွဲခဲ့သည့် မြန်မာပြည်သူလူထုသည် ယနေ့ထိအောင် မည်သည့်နိုင်ငံထံမှ လက်နက်အကူအညီမရဘဲ တိုက်ပွဲဝင်ခဲ့ကြ၏။ ခေတ်မီလက်နက်၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံး၊ ခေတ်မီ ရဟတ်ယဉ်၊ တိုက်လေယဉ်၊ စစ်သင်္ဘောများဖြင့် ဖွဲ့စည်းထားသည့် မြန်မာစစ်တပ်အား တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသည်။ တူမီးသေနတ်ဆိုသည်မှာ ပထမ ကမ္ဘာစစ်မတိုင်မီက လက်နက်ဖြစ်၏။
ထိုသို့သောလက်နက်ဖြင့်ပင် ခေတ်မီလက်နက်တပ်ဆင်ထားသော မြန်မာစစ်တပ်ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြသည်။ လမ်းမများပေါ်၌ အံတုဆန္ဒပြခဲ့၍ ဖြစ်စေ၊ လက်နက်ကိုင်တိုက်ပွဲဝင်ကြ၍ ဖြစ်စေ မြန်မာလူထုပေးဆပ်ခဲ့ရသော အရင်းအနှီးက မနည်းလှပေ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့အထိ အာဏာသိမ်းခဲ့သည့် လပေါင်း ၂၀ အတွင်း မြန်မာစစ်တပ်သည် နိုင်ငံရေး အရ ဆန့်ကျင်သူ ၁၅၇၇၀ ဦး ဖမ်းဆီးခဲ့ပြီး ၃၁၂၇ ဦး ပြန်လွတ်ခဲ့သော်လည်း ၁၂၅၇၆ ဦး ဖမ်းဆီးခံနေရဆဲဖြစ်၏။
သေဒဏ်ချမှတ်ခံရသူ ၁၂၆ ဦး ရှိခဲ့ပြီး ၄ ဦးကို အတိအလင်း ကြိုးပေးကွပ်မျက်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် စစ်ကြောရေး စခန်း များတွင်လည်း ရာနှင့်ချီ၍ နှိပ်စက်သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။ နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၂၃၃၈ ဦးရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၇၈၀ ခန့် ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရသည်ကို တွေ့ရသည်။
မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးဌာန (ISP–Myanmar) ၏ စာတမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ ၁၈ လအတွင်း တိုက်ပွဲပေါင်း ၆၆၇၈ ပွဲ ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ နှစ်လတာအတွင်း တိုက်ပွဲများလျော့ကျမသွားဘဲ တိုး၍လာနေသည်ကို တွေ့ရသည်။
ထိုတိုက်ပွဲများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ စက်တင်ဘာ ၁၅ ရက်အတွင် တိုင်းနှင့်ပြည်နယ် ၁၁ ခုမှ လူထု၏ အိုးအိမ်အဆောက်အအုံ (ဘာသာရေး အဆောက်အအုံများအပါအဝင်) စုစုပေါင်း ၃၆၂၀၉ လုံး ကျော် မီးရှို့ တိုက်ခိုက် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။
ထိုတိုက်ပွဲဖြစ်စဉ်များအတွင်း အရပ်သား သေဆုံးမှု ၇၀၀၀ ကျော်ခဲ့ပြီဟု သိရသည်။ ထိုတိုက်ပွဲများကြောင့် ၂၀၂၁ ဖေဖဝါရီ ၁ ရက်မှ ၂၀၂၂ ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် တသန်းခွဲထိ တိုးလာကာ စစ်ဘေးဒုက္ခသည် နှစ်သန်းခွဲ ခန့် ရှိလာသည်ဟု ISP-Myanmar ၏ စာတမ်းများအရ သိရှိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရခိုင်တွင် တိုက်ပွဲများ မြင့်တက်လာ၍ ရခိုင်ပြည်နယ်နှင့် ပလက်ဝ ဒေသတွင် စစ်ဘေးဒုက္ခသည် ၈၀၀၀၀ ကျော် တိုးလာသည်ဟု ULA/AA က ထုတ်ပြန်သည်ကို တွေ့ရသည်။ ထို့ပြင် ဖမ်းဆီးခံရသည့်အထဲတွင် သတင်းသမား ၁၄၃ ဦး ပါဝင်ပြီး ၈၂ ယောက် ပြန်လွတ်ခဲ့သော်လည်း ၅၈ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ် ပြီး သတင်းသမား ၃ ဦး သေဆုံးခဲ့၏။
အဆိုပါ ၅၈ ဦးထဲမှ ၁၉ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး ကျန် ၃၉ ဦးမှာလည်း အကျဉ်းထောင်တွင် တနှစ်ကျော် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သည် သတင်းသမား ထောင်ချမှု အများဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး သတင်းလွတ်လပ်ခွင့်သည် ဆယ်စုနှစ်တစု နောက်ပြန်ဆုတ်သွားသည်ကို ISP-Myanmar က မှတ်တမ်းတင်ခဲ့သည်။
ထို့ပြင်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်သည် သူ၏ခြေလျင်/ခြေမြန် စစ်အင်အား အားလုံးအသုံးပြုသကဲ့သို့ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ ပစ်ခတ်အသုံးပြုခဲ့သည်ကို တွေ့မြင်ရ၏။
ထို့ပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် ခြင်း၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းချီ တိုက်ခိုက်ခြင်းစသည့် လေကြောင်း တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့သည်။ ကရင်ပြည်နယ်တွင် ဥကရစ်ထ တိုက်ပွဲကာလက တလအတွင်း လေကြောင်း တိုက်ခိုက်မှု ၄၀၀ ကျော်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
အထက်ပါ အချက်အလက်များအား ချုပ်၍ ဆိုရလျင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း လူ တသောင်းကျော် အဖမ်းဆီးခံခဲ့ရသည်။ စစ်ကြောရေးတွင် ရိုက်နှက်သတ်ဖြတ်ခံရသူ ၂၀၀ ခန့် အပါအဝင် နွေဦး တော်လှန် ရေးအတွင်း ၂၀၀၀ ကျော် ကျဆုံးခဲ့သည်။ တပြည်လုံးအနှံ့ တိုက်ပွဲပေါင်း ၆၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အရပ်သား အိုးအိမ် သုံးသောင်းကျော် ဖျက်ဆီးခံရသည်။ အရပ်သား သေဆုံးမှု ၇၀၀၀ ကျော်ရှိခဲ့သည်။
အရပ်သား လူထုကျေးရွာများ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံမချန် မြန်မာစစ်တပ်က ပစ်မှတ်ထား တိုက် ခိုက်ခဲ့သည်။ စစ်မြေပြင်တိုက်ပွဲ ၆၀၀၀ ကျော်အပြင် ရန်ကုန်မြို့အတွင်း ဗုံးခွဲ တိုက်ခိုက်မှု၊ ပစ်ခတ်မှု လေးထောင်ကျော် ရှိ ခဲ့ပြီး မန္တလေးအပါ အခြားမြို့ကြီးများတွင်လည်း တိုက်ခိုက်မှုများစွာ ဖြစ်ပွားနေသည်။ ထို့ပြင် သတင်း လွတ်လပ်ခွင့်များလည်း ဆုံးရှုံးနေသည်။
ထိုသို့သော အခြေအနေတွင် မြန်မာပြည်လူထုနှင့် ပတ်သက်၍ နိုင်ငံတကာရှိ အဖွဲ့အစည်းများ၊ နိုင်ငံများထံမှ တုံ့ပြန် သည်မှာ ဝမ်းနည်းကြောင်း၊ စာနာကြောင်းနှင့် စကစအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းမျှသာ ဖြစ်နေသေး၏။
မြန်မာအရေးအား ကမ္ဘာ့ကုလသမဂ္ဂသည်လည်း မယ်မယ်ရရ ဆုံးဖြတ်ချက်မချနိုင်ပေ။ အလားတူ အာဆီယံသည်လည်း ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထို့ပြင် မြန်မာ့အရေးကို ဖြေရှင်းမည့် အာဆီယံအတွင်းတွင်လည်း စစ်ကောင်စီနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေသည်။
တကယ် လက်တွေ့အခြေအနေတွင် မြန်မာစစ်တပ်သည် NUG/PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများအား ဆွေးနွေးမည့် သဘောထား မရှိပေ။ အပြုတ်တိုက်ရေး၊ လက်နက်ချ အညံခံရေးမူကိုသာ ကိုင်စွဲထားသည်။ လေကြောင်း၊ လက်နက်ကြီး အားသာချက်ဖြင့် မြန်မာလူထုအား ရက်ရက်စက်စက် နှိပ်ကွပ်နေ၏။
မည်သည့် စစ်စည်းကမ်း ကျင့်ဝတ်ကိုမှ လိုက်နာကျင့် သုံးခြင်းမရှိဘဲ အကုန်လု၊ အကုန်ရှို့၊ အကုန်သတ် ပေါ်လစီကို ကျင့်သုံးနေသည်။ ဤသို့သော အခြေအနေအောက်တွင် မြန်မာလူထုကလည်း ကြံ့ကြံ့ခံလက်နက်ကိုင် တွန်းလှန်နေသည်။ လက်ရှိ စကစ ဆန့်ကျင်တိုက်ပွဲဝင်နေသည်မှာ တပါတီ အစုအဖွဲ့တခု မဟုတ်ပေ။ လူတန်းစား အသီးသီး၊ လူ့အလွှာ အသီးသီး၊ ပါတီ အဖွဲ့အစည်း အသီးသီးမှ လူထုက တော်လှန်နေခြင်း ဖြစ်၏။ လက်နက်ကိုင်တော်လှန်နေခြင်း ဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် နိုင်ငံတကာမှ အစိုးရများ၊ အဖွဲ့အစည်းများသည် တီမောသမ္မတ ရာမို့စ်ဟော်တာ တပ်လှန့်သကဲ့သို့ မြန်မာလူထုအား တကယ်ကူညီလိုလျင် လက်နက်ခဲယမ်း အကူအညီပေးရန် အချိန်ကျပြီဟု ဆိုရပါမည်။
ဤသို့ မြန်မာပြည်လူထုအား လက်နက်အကူအညီပေးရန် လိုအပ်နေပြီကို အောက်ပါအချက်များအရ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ပထမ အချက်အနေနှင့် မြန်မာပြည်လူထု၏ ပုန်ကန်တော်လှန်မှုများသည် အချိန်တိုအတွင်း ချေမှုန်းခံရမည်ဆိုသည့်အချက်သည် မှားယွင်းသွားပြီ ဖြစ်၏။ တူမီးနှင့် စခဲ့သည့် လူထု၏ နွေဦးတော်လှန်ရေးသည် စကစ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်အင်အားသာလွန်မှုကို အံတု၍ ကြံ့ကြံ့ခံနိုင်ခဲ့သည်ကို ပြီးခဲ့သော လပေါင်း နှစ်ဆယ်အတွင်း တွေ့ခဲ့ရပြီ ဖြစ်သည်။
ထို့ပြင် စကစကို အံတုခဲ့သည် နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပို၍ ပေါင်းစည်းလာနေသည်ကို တွေ့မြင်နေပြီဖြစ်၏။ ယနေ့ မြန်မာပြည်တွင် လက်နက်ကိုင်တိုက်ပွဲ မဖြစ်သည့်နေရာဟူ၍ ရှမ်းတောင်နှင့် ရှမ်းအရှေ့သာရှိပြီး ကျန်တပြည်လုံးအနှံ့တွင် တော်လှန်ရေးအင်အားစုများ အားကောင်းမောင်းသန် လှုပ်ရှားနိုင်သည်ကို တွေ့မြင်နေရပြီဖြစ်၏။
ထို့ပြင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် လပေါင်းနှစ်ဆယ်အတွင်း စနစ်တကျလေ့ကျင့်၍ တပ်ရင်းတပ်ဖွဲ့များ ကောင်းစွာဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ထိုက်သင့်သလောက်ပြုလုပ်နိုင်ခဲ့ပြီကို ရှင်းလင်းစွာတွေ့မြင်နိုင်သည်။
သို့ဖြစ်ရာ စကစသည် နွေဦးတော်လှန်ရေးအင်အားစုများအား အချိန်တိုအတွင်း အနိုင်ယူရန် မဖြစ်နိုင်တော့သည်သာမက တော်လှန်ရေးအင်အားစုများက ပို၍တဆင့်တိုး တိုက်ခိုက်လာနိုင်တော့မည်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ဒုတိယအချက်အနေဖြင့် အိမ်နီးချင်းချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများအနေနှင့် ကောင်းစွာ သဘောပေါက်သင့်သည်မှာ စကစသည် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို အနိုင်တိုက်နိုင်သည့် အခြေအနေမရှိရာ မြန်မာအရှေ့ အနောက် နယ်စပ်တလျောက် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်စပ် ဒေသတည်ငြိမ်ရေး ဆိုသည်ကို ရနိုင်မည်မဟုတ်ပေ။
စကစ ရှိနေသ၍ နယ်စပ်ဒေသ တည်ငြိမ်မှု မရှိသည့်အခြေအနေကို နယ်စပ်ချင်း ထိတွေ့နေသော ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများအနေနှင့် ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီ ဖြစ်၏။ ထို့ပြင် စကစ အာဏာရယူထားသမျှ တိုင်းပြည် မတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုများကြောင့် စစ်ဘေးဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဒေသတွင်းနိုင်ငံများသို့ ဝင်ရောက်ခြင်း ပြဿနာကို ရင်ဆိုင်ရပေလိမ့်မည်။
တတိယအချက်အနေနှင့် မြန်မာပြဿနာအား မည်သို့ပင် တွေ့ဆုံဆွေးနွေးအဖြေရှာရန် လိုအပ်သည်ဆိုစေကာမူ နွေဦး တော်လှန်ရေး အင်အားစုများတွင် တောင့်တင်းသည့် အင်အားမရှိပါက စကစ အနေနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိမ့်မည် မဟုတ်ဘဲ အမြစ်ဖြတ်ချေမှုန်းရန်သာ နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေမည်သာဖြစ်ရာ နွေဦး တော်လှန်ရေး အင်အားစုများအား လက်နက်အင်အားတောင့်တင်းအောင် ကူညီမှုမရှိဘဲ မည်သည့်တွေ့ဆုံဆွေးနွေးမှုမှ ဖြစ်လာမည် မဟုတ်ပေ။ ထို့ပြင် လူထုလက်ခံနိုင်သည့် နိုင်ငံရေးအဖြေလည်း ထွက်နိုင်မည်မဟုတ်ပေ။
စတုတ္ထအချက်၊ လက်ရှိကာလတွင် မြန်မာစစ်တပ်သည် တော်လှန်ရေး အင်အားစုများထက် မြန်မာလူထု၏ ရပ်ရွာ၊ အိုးအိမ်၊ ဘာသာရေး အဆောက်အအုံများသာမက ကလေးသူငယ်များ၏ စာသင်ကျောင်းပါမကျန် ပစ်မှတ်ထား တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း လူထု သေဆုံးမှုနှင့် အိုးအိမ် အဆောက်အအုံများဖျက်ဆီးခံရမှု များပြားနေသည်။
ဤသို့ ဖျက်ဆီးနိုင်ခြင်းမှာလည်း အဓိက လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူကြောင့်ဖြစ်သည်ကို တွေ့မြင်ရ၏။ ထိုသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား တန်ပြန်နိုင်သည့် ခေတ်မှီ လက်နက်များကို မြန်မာနွေဦး တော်လှန်ရေး အင်အားစုများထံ ကူညီမှသာ အရပ်သား လူထု သေဆုံးမှု၊ အိုးအိမ် အဆောက်အအုံများ ဖျက်ဆီးခံရမှုနှင့် စစ်ဘေးဒုက္ခသည်ပြဿနာကို လျှော့ချနိုင်ပေလိမ့်မည်။
ပဉ္စမအချက်အနေနှင့် မြန်မာပြည်တွင်း ဒီမိုကရေစီစနစ်ထွန်းကားမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိ မြန်မာစစ်တပ် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ မြန်မာစစ်တပ်ရှိနေသ၍ မတည်ငြိမ်မှုနှင့် ဝရုန်းသုံးကားဖြစ်မှုများအား ရင်ဆိုင် နေရမည်ဖြစ်ရာ မြန်မာပြည်ဒီမိုကရေစီထွန်းကားမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးနိုင်သည့် နွေဦး တော်လှန်ရေး အင်အားစုများကို တောင့်တင်းသည့် လက်နက်ကိုင်တပ်တခုအဖြစ် ကူညီအားပေးမှသာ ဖြစ်ပေလိမ့်မည်။
ဆဌမအချက်အနေနှင့် မြန်မာ စကစသည် လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားအား ဗြောင်အတိအလင်းထောက်ခံပြီး ရုရှားအား ဇွတ်ဆရာတင်နေသည့်သူ ဖြစ်၏။ တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံများသည်ပင် ကြားနေသည့်ကာလတွင် ဘီလာရုစ်နိုင်ငံကဲ့သို့ ရုရှား၏ ခြေကုပ်တခု၊ နောက်လိုက်တယောက်အဖြစ် အရှေ့တောင်အာရှတွင် ရပ်တည်နေသည် ဖြစ်ရာ နိုင်ငံတကာ အခင်းအကျင်းအရ စကစအား ရုရှားနောက်လိုက်အဖြစ် ရပ်တည်ခွင့်ပေးထားခြင်းသည် ဒေသတွင်း မတည်မငြိမ်မှုကိုလည်းကောင်း၊ အင်အား ချိန်ခွင်လျာကိုလည်းကောင်း ထိခိုက်စေပေလိမ့်မည်။
သတ္တမအချက်အနေနှင့် မြန်မာပြည်အခြေအနေသည် ယူကရိန်းနှင့်မတူ၊ ပြည်ပကျူးကျော်မှုမဟုတ်သဖြင့် နိုင်ငံတကာမှ လက်နက်ကူညီ၍ မရနိုင်ဆိုသည်မှာလည်း သဘာဝ မကျပေ။ အနီးခေတ် ဆီးရီးယားမှ အာဆတ်အစိုးရအား ဆန့်ကျင်သည့် အင်အားစုများအား ပြည်ပမှ လက်နက်ကူညီသည့် သာဓကရှိသည်ဖြစ်ရာ မြန်မာပြည်လူထုအား လက်နက်ခဲယမ်း ကူညီခြင်းသည် မဖြစ်နိုင်စရာ မရှိပေ။
အဌမအချက်အနေနှင့် မြန်မာပြည်လူထုသည် တပြည်လုံး အနှံ့ အုံကြွတော်လှန်နေသည်။ စကစသည် သာလွန်လက်နက် အင်အားကို အသုံးပြု၍ လူထုအား ပစ်မှတ်ထား၍ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်နေသည်။ မြန်မာပြည်လူထုအား ကာကွယ်ရန် စကစအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်တပ်ဆင်ပေးရေး၊ စကစ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအား တန်ပြန်နိုင်သည့် လက်နက်များတပ်ဆင်ပေးရေးသည် လက် တွေ့ကျသည့် ချဉ်းကပ်မှုနှင့် လုပ်ဆောင်မှု ဖြစ်သည်။
ယခုအချိန်ကာလသည် မြန်မာပြည်လူထုအား စာနာသနားကြောင်း၊ ဝမ်းနည်းပူပန်ကြောင်းကို ကြေညာချက် ထုတ်ပြန်နေရမည့် အချိန်မဟုတ်တော့ပေ။ လက်တွေ့ပြသရမည့်အချိန်ဖြစ်၏။ မြန်မာစစ်တပ်အား ပိတ်ဆို့ဒဏ်ခတ်မှုမျှနှင့် ဖြေရှင်း၍ ရသည့် အချိန်မဟုတ်တော့ပေ။ တော်လှန်ရေး အင်အားစုနှင့် မြန်မာ ပြည်လူထုအား လက်တွေ့ကျကျ လက်နက်ခဲယမ်းကူညီရမည့် အချိန်ဖြစ်သည်။
ယူကရိန်း စစ်ပွဲတွင် ကူညီပေးနေသည့် လက်နက်ခဲယမ်း အကူအညီသည် လပိုင်းအတွင်း အမေရိကန်ဒေါ်လာ ဘီလီပေါင်း များစွာ ဖြစ်သော်လည်း စကစ၏ စစ်လက်နက်အင်အားကို ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာလူထုအား တကယ်တမ်း ကူညီပါက လေယဉ်ပစ်လက်နက်အပါ ထည့်သွင်းတွက်ချက်ပါက အမေရိကန်ဒေါ်လာ တစ်ဘီလီယံပင် မလိုလောက်ဟု ခန့်မှန်း ရသည်ဖြစ်ရာ ကူညီရန်ခက်ခဲလှမည် မဟုတ်ပေ။
သို့ဖြစ်ရာ NUG သည်လည်းကောင်း၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များသည် လည်းကောင်း၊ နိုင်ငံတကာတွင် လှုပ် ရှားနေကြသော အဖွဲ့အစည်းများသည် လည်းကောင်း ယနေ့ကာလတွင် အတိအလင်း တောင်းဆိုရမည်မှာ မြန်မာလူထုအား လက်နက်ခဲယမ်းအကူအညီပေးရန် ဖြစ်သည်။
ပိတ်ဆို့ကန့်ကွက်မှုများနှင့် အလုပ်မဖြစ်တော့ဆိုသည်ကို ရှင်းလင်းစွာ နိုင်ငံတကာအား အသိပေးရန် လိုအပ်သည်။ ယခုအချိန်တွင် နိုင်ငံတကာအား တောင်းဆိုရန်မှာ မြန်မာလူထုအား စာနာသည့် နိုင်ငံနှင့် အဖွဲ့အစည်းများအား တောင်းဆိုရန်မှာ အာတူးပီ မဟုတ်၊ အိုင်စီစီ၊ အိုင်စီဂျေ မဟုတ်တော့။
စကစအား ရဲရဲဝံ့ဝံ့ လက်နက်ကိုင်တိုက်ခိုက်နေကြသည့် မြန်မာလူထုအား လက်နက်ခဲယမ်း တပ်ဆင်ပေးရန်ဖြစ်၏။ မြန်မာ့ လူထုသည် လက်နက်ခဲယမ်း အကူအညီရပါက ဒီမိုကရေစီ၊ တိုင်းပြည်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုအား လျင်မြန်စွာ အကောင်အထည် ဖေါ်နိုင်မည့်အပြင် စစ်ရာဇဝတ်ကောင်များအားလည်း စစ်ခုံရုံးတင်နိုင်မည်သာ ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာပြည်လူထုအား စာနာသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများ၊ လူပုဂ္ဂိုလ်များအနေနှင့် မြန်မာလူထုအား လက်နက်ခဲယမ်း ကူညီရန် လိုအပ်သည့်အချိန်ရောက်ပြီ ဆိုသည်ကို လက်ခံရန်အတွက် ကျွန်ုပ်တို့ အားလုံး ပွင့်လင်း ကျယ်လောင်စွာ ပြောဆိုကြရန် လိုအပ်ပေပြီ။
Source – Irrawaddy