ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ မူလတန်းကျောင်း ဝေဟင်ပစ်ခတ်မှုဖြစ်စဉ်မှာ ပျောက်ဆုံးသွားတဲ့ ညောင်ဇီးကုန်းကျေးရွာက အဖ … ၊ အမိ…. တို့ရဲ့သမီး၊ မဇင်နွယ်ဖြိုးကို တွေ့ရှိပါက ဆက်သွယ်ပေးပါရန် ဖုန်းနံပတ်…..ဆိုတဲ့ လူပျောက်ရှာနေတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ရက်မှာ တွေ့လိုက်ရပါတယ်။
ဆံပင်တိုတိုလေးမှာ ဖဲပြားကလစ်အပြာရောင်လေးပန်ပြီး ဆံမြိတ်ချ၊ ဇာဂါဝန်အဖြူရောင်လေးဝတ်၊ ရှုးဖိနပ်လေးစီး၊ ဆွမ်းအုပ်ကလေးကိုင်၊ ဝက်ဝံရုပ်လေး၊ပူပေါင်းလေးတွေနဲ့အတူ ခုံတန်းရှည်လေးပေါ်မှာ အမှတ်တရရိုက်ထားတဲ့ မိန်းကလေးငယ်ရဲ့ဓာတ်ပုံလေးလည်း ပါပါတယ်။
လက်ယက်ကုန်းကျေးရွာကို ကျောင်းတက်ဖို့သွားတဲ့ မူလတန်းကျောင်းသူလေး မဇင်နွယ်ဖြိုးဟာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုအပြီးမှာ ရှာမတွေ့တော့တာကြောင့် မိသားစုဝင်တွေက ရှာဖွေနေကြတာပါ။
“အဲ့ဒီနေ့က ကလေးကို ပုံမှန်အတိုင်း ရေမိုးချိုး ၊ သနပ်ခါးလိမ်း၊ သေချာလေးပြင်ဆင်ပေးပြီး လွှတ်လိုက်တာ၊ ရွာမှာက ကျောင်းမရှိဘူး။ ကလေးကလည်း စာအရမ်းတတ်ချင်တော့ တခြားရွာမှာ သွားထားရတာပေါ့။ သူကျောင်းသွားချိန်က ၁၂ နာရီ ၄၅ လောက်ထွက်သွားတာ၊ ၁ နာရီလောက်မှာ ဝေဟင်ကနေဆက်တိုက်ပစ်တာ၊ အဲ့တော့ ကျွန်တော်တို့ကလည်း သွားခေါ်လို့မရတော့ဘူး။ ဝေဟင်ကဆိုတော့ ဘယ်မိဘကမှလည်း မတိုးဝံ့ဘူးပေါ့။ ”လို့ မူလတန်းကျောင်းသူလေး ကျောင်းအသွားမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို ဦးလေးဖြစ်သူက ပြောပြတာပါ။
စစ်ကြောင်းထွက်သွားချိန်မှာတော့ လက်ယက်တွင်းရွာက စာသင်ကျောင်းကို သွားကြည့်တဲ့အခါမှာ တူမလေးဖြစ်သူ ထိုင်တဲ့ ထိုင်ခုံနေရာလေးမှာ လွယ်အိတ်လေးနဲ့ ဖိနပ်လေးရယ်၊ တူမလေးဝတ်သွားတဲ့ အင်္ကျီအဝတ်စလေးရယ်ကလွဲပြီး ကလေးကိုလုံးဝရှာမတွေ့တော့ပါဘူး။
“အဝတ်စလေးတွေ့ပေမဲ့ သွေးမပေဘူး။ကလေးအမေ၊ ကျွန်တော့ ညီမလေးက ကျန်ခဲ့တဲ့ ကလေးလွယ်အိတ်လေးပိုက်ပြီး သူ့သမီးကိုလိုက်ရှာလိုက်၊ လျှောက်သွားလိုက်၊ စကားတွေပြောလိုက်၊ သတိလစ်သွားလိုက်နဲ့ဖြစ်နေတာ။ အဲ့ကတည်းက သူ့မှာ ရူးမတက်ပါပဲဗျာ”လို့ မဇင်နွယ်ဖြိုးရဲ့ ဦးလေးဖြစ်သူက ပြောပြပါတယ်။
လေကြောင်းပစ်ခတ်မှုတွေအပြီးမှာ ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်စီးပြီးနောက် သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကို ထုပ်ပိုး သယ်ဆောင်သွားတာကြောင့် မဇင်နွယ်ဖြိုးဟာ သေဆုံးသွားတဲ့အထဲ ပါသွားလေသလား၊ စစ်ကြောင်းထိုးခံရတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရချိန်မှာ သူတို့နဲ့အတူများ လိုက်ပါသွားလေသလားဆိုတဲ့ မသေချာ မရေရာတဲ့ အဖြစ်အပေါ် မိသားစုဝင်တွေ ပူပန် နေကြရပါတယ်။
“ကျွန်တော့ညီမ ကလေးအမေက ဘာမှကိုမစားဘူး၊ ရေလည်းမသောက်တော့ဘူး။ ညီမအငယ်ဆုံးဆိုတော့ အရမ်းကို ဂရုစိုက်နေရတာ၊ သူ့အနားက ခွာမရဘူး။ ဒီကလေးကလည်း ညီမလေးရဲ့ တစ်ဦးတည်းသော သမီးလေးလေ”
လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် မောင်ဘုန်းတေဇ ( အသက် ၇ နှစ်) ၊ မောင်ဇင်ကို ( အသက် ၁၄ နှစ်) ၊ မဆုရတီလှိုင် ( အသက် ၇ နှစ်) ၊ မဝင်းဝင်းခိုင် ( အသက် ၁၁ နှစ်) မဇင်နွယ်ဖြိုး ( အသက် ၉ နှစ်) ၊ မောင်စိုးမင်းဦး ( အသက် ၁၃ ) နှစ် ၊ မောင်အောင်အောင်ဦး အသက် ၁၆ နှစ်၊ အမည်စုံစမ်းဆဲ ကလေးတစ်ယောက်၊ စတဲ့ ကလေးငယ် ၈ ယောက်ဟာ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ လက်ယက်ကုန်းရွာဒေသခံတွေထံက သိရပါတယ်။
ဒေသခံတွေက သိရတဲ့ သေဆုံးသူစာရင်းမှာ မဇင်နွယ်ဖြိုး အမည်ပါပေမဲ့ အခြားဒေသတွင်းသတင်းတွေမှာ မဇင်နွယ်ဖြိုး အမည်မတွေ့ရသေးဘဲ အတည်ပြုစုံစမ်းနေဆဲလို့ ဖော်ပြကြပါတယ်။
အဲ့ဒီထဲက မောင်စောမင်းဦးနဲ့ မောင်အောင်အောင်ဦးတို့ရဲ့ဟာ စာသင်ကျောင်းမှာမဟုတ်ဘဲ လက်ယက်ကုန်းကျေးရွာထဲမှာ သေဆုံးတာကြောင့် အလောင်းပြန်ရကြတာလို့ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ လက်ယက်ကုန်းကျေးရွာထဲက ဖမ်းဆီးပြီး အသတ်ခံရသူတွေကတော့ ဦးကျော်ထွန်း အသက် ၄၉ နှစ်၊ ဦးအောင်စောထွေး အသက် ၃၄ နှစ်၊ ဦးတင်စိုးခိုင် အသက် ၃၁ နှစ်၊ မယု အသက် ၃၇ နှစ်၊ မောင်အောင်ချစ်မိုး ၂၂ နှစ် တို့ ဖြစ်တယ်လို့ လက်ယက်ကုန်းကျေးရွာက ဒေသခံတွေရဲ့ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။
စစ်ကောင်စီဘက်က လက်ယက်ကုန်းမှာ သေဆုံးခဲ့သူတွေ စာရင်းကို ထုတ်ပြန်ချင်းမရှိသေးပါဘူး။
“ အလောင်းတွေကို စစ်တပ်က ထုတ်ပိုးယူသွားတော့ ကျန်ခဲ့တဲ့ အင်္ကျီစလေးတွေ၊ ဖိနပ်လေးတွေ၊ လွယ်အိတ်လေးတွေကိုကြည့်ပြီး ဒါကတော့ ကျမသား၊ သမီးလွယ်အိတ်ပါ ဆိုပြီး အမှတ်သားလေးတွေနဲ့ မိဘတွေက ပြောပြတာတွေလည်းရှိတယ်။ အဲ့လိုနဲ့အတည်ပြုရတာ။ တခြားရွာက ကလေးတွေလည်း ပါတယ်၊ ညောင်ဇီးကုန်းရွာက ကလေးမလေးအမေဆိုရင် ကျောင်းပေါက်ဝကတည်းက အမလေးသမီးလေးရဲ့ဆိုပြီး အော်ပြီးငိုလာလိုက်တာ၊ စိတ်ကိုမကောင်းဘူး“လို့ စာရင်းကောက်ယူတဲ့ ဒေသခံက ပြောပါတယ်။
ကျောင်းတွင်းပစ်ခတ်မှုမှာ နေရာတင်သေဆုံးတဲ့ ကလေး ၄ ယောက်နဲ့ စစ်တပ်က ခေါ်ဆောင်သွားအပြီး နောက်ထပ်သေဆုံးတဲ့ ၂ ယောက် စုစုပေါင်း ၆ ယောက်ကို ရေဦးသုဿာန်မှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက သင်္ဂြိုဟ်သွားတာကြောင့် သေဆုံးသွားတဲ့ ကလေးတွေရဲ့နာမည်တွေ အတိအကျဖြစ်အောင် အတည်ပြုဖို့ခက်ခဲနေတယ်လို့လည်း အဲ့ဒီဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ကခေါ်ပြီး ရေဦးဆေးရုံမှာပို့ထားတဲ့ ကလေးငယ်နဲ့ဒေသခံ ၁၅ ယောက်ဝန်းကျင်ကလည်း ဘယ်သူတွေဖြစ်တယ်ဆိုတာကိုလည်း အတည်ပြုလို့မရနိုင်သေးတာကြောင့် ဒီရရှိထားတဲ့စာရင်းဟာ အပြောင်းလဲရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
အသက် ၉ နှစ်အရွယ် ညောင်ဇီးကုန်းရွာသူ မဇင်နွယ်ဖြိုးရဲ့ မိသားစုတွေကတော့ အလောင်းကို မတွေ့လိုက်ရတာကြောင့် သေဆုံးတယ်လို့ လက်မခံနိုင်သေးတဲ့အကြောင်း ဦးလေးဖြစ်သူက ပြောပါတယ်။
“တူမလေးကို ဖုန်းနံပတ်လည်း အလွတ်ရအောင် သင်မပေးထားမိဘူး။ အဲ့တော့ ကလေးက ဖုန်းနံပတ်မသိတော့ မဆက်သွယ်တာလားပေါ့နော်။ တကယ်လို့ မဆက်သွယ်လာဘူးဆိုရင်တော့ ဆုံးတယ်လို့ပဲ ယူဆရတော့မှာပေါ့။ သူ့အမေကတော့ သူ့သမီးကို မျှော်နေတုန်းပဲ”
အခုချိန်မှာတော့ မဇင်နွယ်ဖြိုး အသက်သေဆုံးတဲ့အထဲ ပါ၊ မပါ မသေချာသေးပေမဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာအရ ရက်လည်ဆွမ်းသွတ်တော့ လုပ်ဖို့စီစဉ်နေကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကလေးလေးရှိနေတဲ့အကြောင်း ဆက်သွယ်လာတဲ့ဖုန်းများ ဝင်လာမလားလို့လည်း မျှော်လင့်နေကြပါတယ်။
Source – BBC