အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း၊ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာတွေက ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများအပြားမှာ ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ ကား၊ ဆိုင်ကယ်နဲ့ စက်ဘီး၊ ဆိုက္ကားပါမကျန် တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်။
စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ လမ်းမပေါ်တက်လာတဲ့ ဆိုင်ကယ်ဟူသမျှကို တားဆီးပြီး ပထမဆုံး ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်း၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ရှိမရှိ စစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ဆိုင်ကယ်လိုင်စင်တွေ ရှိကြသော်လည်း အများ အားဖြင့် ယာဉ်မောင်းလိုင်စင်တွေ မရှိကြတဲ့အတွက် မောင်းလိုင်စင်မရှိသူတွေ အဖမ်းခံရပြီး ဒဏ်ငွေ ဆောင်ရပါတယ်။
အပေါ်ကအချက်တွေ ပြည့်စုံနေရင် နောက်ကြည့်မှန်ပါမပါ၊ ပါဝါအိတ်ဇောတပ်မတပ်၊ ဆိုင်ကယ်မှာပါသင်တဲ့ ပစ္စည်းတွေ ပါမပါ အသေးစိတ်စစ်ဆေးပြီး တစ်ခုခု ချို့ယွင်းနေတာနဲ့ ဖမ်းပြီးဒဏ်ရိုက်ပါတယ်။လိုင်စင်တွေလည်း အကုန်ပါ၊ ဆိုင်ကယ်မှာ ပါသင့်တဲ့ပစ္စည်းတွေလည်း အကုန်ပြည့်စုံနေပြီး အပြစ်ရှာ မရတော့ဘူးဆိုရင် ဆိုင်ကယ်ကို ရေမဆေးလို့၊ အမျိုးသားတွေ ဆိုင်ကယ်မောင်းစဉ် အောက်ခံဘောင်းဘီ မပါလို့၊ အမျိုးသမီးတချို့ဆို အတွင်းခံဘော်လီမဝတ်လို့ စတဲ့ခေါင်းစဉ်မျိုးစုံနဲ့ အပြစ်ရှာဖမ်းဆီးတာတွေ လုပ်နေတယ်။မြန်အောင်မြို့နယ်မှာ ဆိုင်ကယ်မောင်းစဉ် အတွင်းခံဘော်လီမဝတ်လို့ ဒဏ်ငွေအရိုက်ခံရသလို အောက်ခံဘောင်းဘီမဝတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရသူတွေလည်း ရှိနေတယ်။
ဖမ်းဆီးခံရသူတွေဟာ အမှုအပေါ်မူတည်ပြီး ဒဏ်ငွေ ၂ သောင်းကနေ ၁ သိန်းအထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။ ယခင်က ကား၊ ဆိုင်ကယ်ဖမ်းရင် မြို့ပေါ်လောက်ပဲ အချိန်ပိုင်းနဲ့ ဖမ်းလေ့ရှိပေမယ့် အခုအခါမှာတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ မြို့ပေါ်သာမက ကျေးလက်တောရွာက မြို့ပေါ်တက်တဲ့ အစွန်အဖျားလမ်းတွေအထိပါ ဆင်းဖမ်းနေတယ်။ပုသိမ်မှာဆို နေ့တိုင်းဖမ်းတယ်။ လိုင်စင်မပါ ၃ သောင်း၊ကျန်တာ ၂ သောင်း။ ချလန်ဖြတ်တယ်။ စီမံချက်နဲ့ဖမ်းနေတာမို့ တနေ့ကို အဖမ်းခံရတာမနည်းဘူး။ တခါတလေ တနေ့ထဲ ဆိုင်ကယ်ရာဂဏန်း လောက်အထိ အဖမ်းခံရတယ်။
အခုလိုမျိုး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြပြီး ဖမ်းနေတာဟာ ဒေသခံတွေကို စည်းကမ်း လိုက်နာစေချင်တာမဟုတ်ဘဲ စစ်ကောင်စီအတွက် အခွန်ငွေလိုအပ်နေလို့ ဆိုင်ကယ်တွေ အပြစ်ရှာဖမ်းပြီး အခွန်ရှာနေတာလို့သုံးသပ်ကြတယ်။
ဆိုင်ကယ်တွေကို အပြစ်ရှာဖမ်းဆီးနေတာ ၁ ပတ်ကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာတွေဟာ ဆိုင်ကယ်သာမက စက်ဘီးနဲ့ အနှေးယာဉ်ဆိုက္ကားတွေကိုပါ အပြစ်ရှာဖမ်းဆီးမှုတွေ ပြုလုပ်လာပါတယ်။
ဟင်္သာတမှာ ဘဲလ်မရှိတဲ့ စက်ဘီးနဲ့ ဆိုက္ကားတွေကို ဖမ်းနေတယ်။ နောက်ဘီးမှာ ရောင်ပြန်မပါရင်လည်း ဖမ်းတယ်။ ဆိုက္ကားတွေဆိုလည်း တချိူ့ကိုလည်း ဆိုက္ကားအင်္ဂါရပ်နဲ့မညီလို့ဆိုပြီး ဖမ်းတယ်။ ဖမ်းချင်တိုင်းကို ဖမ်းကြတယ်။ အရင်က ဆိုင်ကယ်တွေဖမ်းတော့ ဆိုင်ကယ်တွေကုန်တော့ စက်ဘီးတွေဘက်လှည့်လာတယ်။ ယာဉ်စည်းကမ်းလုပ်နေတာနဲ့ မတူဘူး။ လမ်းမပေါ်မှာ ပြည်သူတွေကို တရားဝင် ဓားပြတိုက်နေသလို ဖြစ်နေတယ်။
စစ်ကောင်စီရဲ့ အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးဒဏ်ရိုက်မှုတွေကြောင့် ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆိုင်ကယ်စီးပြီးအိမ်အပြင်ထွက်ဖို့တောင်စိုးရိမ်ကြောက်ရွံ့နေရကြောင်းသိရပါတယ်။ဧရာဝတီတိုင်းဟာတော်လှန်ရေးလှုပ်ရှားမှုတွေအားနည်းတဲ့ဒေသတစ်ခုလို့စစ်ကောင်စီကလုပ်ချင်တိုင်းလုပ်နေတယ်။