နေပြည်တော်နှင့် မန္တလေးမှ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလင်းပိုင်စိုး သေဆုံးသွားပြီဟူသော သတင်းစကားကို တစ်နှစ်ကြာသည်အထိ မိသားစုက လက်ခံနိုင်ခြင်း မရှိသေးပေ။
“သူတစ်နေနေရာရာမှာ အသက်ရှင်သန်နေမယ်လို့ ကျွန်တော်တို့ယုံတယ်။ ခုချိန်ထိ တစ်နေနေရာရာမှာ ရှိနေဦးမယ်လို့ပဲ ထင်တယ်။ အမေကလည်း သူ့သားပြန်လာတာကို စောင့်နေတယ်။ သတိရတိုင်း ငိုနေတယ်” ဟု ကိုအောင်က ပြောသည်။
အစ်ကိုဖြစ်သူအကြောင်း ပြန်ပြောပြနေချိန်တွင် ကိုအောင်၏အသံ ဆို့နင့်နေသည်။
မောင်နှမ (၆) ဦးတွင် စတုတ္ထမြောက်သားအလတ်ဖြစ်သူ၊ အနေအေး၍ တည်ကြည်ရိုးသားသူ အစ်ကိုဖြစ်သူ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ကျဆုံးခဲ့ပြီဟူသော သတင်းစကားပြန့်နှံ့ခဲ့သည်မှာ တစ်နှစ်ပြည့်ရန် တစ်လသာ လိုတော့သည်ဟု ကိုအောင်က ဆိုသည်။
“ကျွန်တော်တို့ တစ်နှစ်ပြည့်ရင် သူ့အတွက် ဘာမှလုပ်ဖို့မရှိဘူး။ အမျှမဝေဘူး။ သပိတ်မသွတ်ဘူး။ သူမရှိတော့ဘူးဆိုတာ လက်ကိုမခံဘူး” ဟု ကိုအောင်က ဆိုသည်။
စာပေသမားလူငယ်
အသက် (၂၉) နှစ်အရွယ် ပျဉ်းမနားသား ကိုလင်းပိုင်စိုးသည် ပျဉ်းမနား အထက (၃) တွင် ပညာဆည်းပူးခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက အနေအေး တည်ကြည်သူဖြစ်သည်။ စာကြိုးစား၍ ထူးချွန်သောကြောင့် ဆယ်တန်းတွင် အမှတ်ကောင်းခဲ့ပြီး ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့် ရခဲ့သည်။
ငယ်စဉ်က နိုင်ငံရေးစိတ်ဝင်စားပုံမပြသော၊ အထက်တန်းကျောင်းသားဘဝကတည်းကပင် ကဗျာရေးခြင်း၊ ဘောလုံးကန်ခြင်း၊ စာဖတ်ခြင်းနှင့် ဂစ်တာတီးခြင်းကိုသာ ဝါသနာပါသော ကိုလင်းပိုင်စိုးသည် တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂထဲသို့ ဝင်သည်၊ ဘောလုံးကန် ထူးချွန်သူဖြစ်ရာ တက္ကသိုလ်၏ လက်ရွေးစင်ဘောလုံးသမားလည်း ဖြစ်ခဲ့သည်။
တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း သူ၏နေထိုင်မှုစရိုက်က ထူးခြားသည်။ အပေါင်းအသင်းများနှင့် လည်ပတ်ပျော်ပါးခြင်း၊ အခြားသော လူငယ်သဘာဝဖြတ်သန်းမှုတို့ကို စိတ်မဝင်စား။ စာအုပ်စာပေနှင့် ဂီတကိုသာ ကြိုက်နှစ်သက်သည်ဟု ဆိုသည်။
“သူ ကဗျာရေးတယ်။ အခန်းအောင်းပြီး စာအုပ်တွေဖတ်တယ်။ ဂစ်တာတီးတယ်။ သူ့ကြည့်လိုက်ရင် စာအုပ်နဲ့မျက်နှာ မခွာဘူး။ စာအုပ်တွေဖတ်ပြီး ငြိမ်ငြိမ်ပဲ နေတတ်တယ်”
စာအုပ်စာပေမှလွဲ၍ ကျန်တာ စိတ်ဝင်စားဟန်မရှိ၊ အနေအေး၍ စိတ်သဘောထားကောင်းသူ ကိုလင်းပိုင်စိုး ခံပြင်းဒေါသထွက်သည်ကို ညီဖြစ်သူ တစ်ကြိမ်တစ်ခါသာ အံ့ဩစွာ ကြုံဖူးသည်။
ထိုနေ့က နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ဖြစ်သည်။
“အာဏာသိမ်းတဲ့နေ့မှာ ဖုန်းလိုင်းတွေဖြတ်တော့ သူစပြောတယ်ဗျ၊ အာဏာသိမ်းလိုက်ပြီ ထင်တယ်ဆိုပြီး မိသားစုဝင်တွေ မသိခင် သူစပြောတယ်။ ပြီးတော့ သူဒေါသထွက်နေတယ်” ဟု ကိုအောင်က ဆိုသည်။
“အာဏာသိမ်းပြီး ၂ ရက်နေတော့ သူအပြင်ထွက်သွားတယ်။ သူက (ကိုဗစ်ကပ်ဘေးကာလမှာ) အိမ်ထဲကနေ ဘယ်မှမထွက်တဲ့သူဗျ။ အဲဒီနေ့မှာ မိသားစုကိုလည်း မပြောဘဲ ထွက်သွားတယ်။ ထွက်သွားပြီး သူငယ်ချင်းတွေနဲ့ လူစုပြီး သုံးရက်မြောက်နေ့မှာ သူတို့ ဆန္ဒထွက်ပြကြတာပဲ”
မိသားစုနှင့် ခွဲခွာရခြင်း
နေပြည်တော်ကျောင်းသားသမဂ္ဂနှင့် ပူးပေါင်းကာ နေပြည်တော်သပိတ်စစ်ကြောင်းများကို ဦးဆောင် ပါဝင်ခဲ့သူ ကိုလင်းပိုင်စိုးသည် အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် နိုင်ငံတော်ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။
ယင်းနောက် စစ်ကောင်စီက နေပြည်တော်သပိတ်စစ်ကြောင်း ဦးဆောင်သူများကို အပြင်းအထန်ရှာဖွေချိန်၌ သူချစ်ခင်သည့် မိသားစုနှင့် မြို့ကို စွန့်ခွာခဲ့သည်။
သူက မေလဆန်းပိုင်းတွင် မိခင်သမဂ္ဂအခြေစိုက်သည့် ကျောက်ဆည်နည်းပညာတက္ကသိုလ်သို့ သွားရောက်ကာ ကျောက်ဆည်မြို့သမဂ္ဂသပိတ်စစ်ကြောင်းများတွင် သွားရောက်ပူးပေါင်းခဲ့သည်။
ယင်းနောက် ဇူလိုင်လတွင် မန္တလေး၌ ကျောက်ဆည်နည်းပညာတက္ကသိုလ်သပိတ်စစ်ကြောင်းများကိုလည်း ဦးဆောင်ပါဝင်ခဲ့သည်။
၂၀၂၁ စက်တင်ဘာလသည် မန္တလေးမြို့စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လူငယ်များ အထိနာခဲ့သည့်လ ဖြစ်သည်။ ယင်းလကုန်ပိုင်း၌ မန္တလေးသပိတ်လူငယ်အများအပြား ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရရာ ထိုအထဲတွင် ကိုလင်းပိုင်စိုးတို့လည်း ပါဝင်သည်။
ယင်းနေ့က စက်တင်ဘာ ၃၀ ဖြစ်သည်။ ကိုလင်းပိုင်စိုးတို့ လုံခြုံသည်ယူဆကာ ရှောင်တိမ်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ရုတ်တရက်စီးနင်းလိုက်သည်။
တစ်ရပ်ကွက်လုံးကို ဝင်ပေါက်ထွက်ပေါက် ပိတ်ထားစဉ် အင်အား (၃၀) ကျော် စစ်သားများက နေအိမ်ကို စီးနင်းထားကာ သပိတ်လူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ထိုနေအိမ်မှ လွတ်မြောက်ခဲ့သည့် သူငယ်ချင်းဖြစ်သူ ကိုဘိသိတ်က ဆိုသည်။
“ကျွန်တော်တို့ရဲဘော်တွေ ပြင်ပကိစ္စလေး သွားကူပြီး ပြန်လာချိန်ပေါ့။ လမ်းထောင့်တိုင်းထောင့်တိုင်းမှာ စစ်သားတွေ အစောင့်ချထားတယ်။ နေအိမ်ကိုလည်း စီးနင်းနေတယ်။ ကျွန်တော်တို့လည်း ထွက်ပြေးရတာပေါ့” ဟု သူက ဆိုသည်။
ယင်းနေ့က နေအိမ်သို့ ခေတ္တအလည်ရောက်ရှိနေသည့် သူနာပြုဆရာမ မကြည်ပြာ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များဖြစ်သည့် ကိုတိုးတက်ဖုန်းမြင့်၊ ကိုလင်းပိုင်စိုးတို့ကို စစ်သားများက နေအိမ်တွင်ပင် လူမဆန်စွာ ရိုက်နှက်ကြသည်။
ဂေါ်ရခါးလူမျိုးဖြစ်သည့် ကိုလင်းပိုင်စိုးကို ဆဲဆိုကာ ပိုမိုပြင်းထန်စွာရိုက်နှက်သည်ဟု ကိုဘိသိတ်က ဆိုသည်။
“သူ့ကို xx ကုလား၊ xx ကုလားဆိုပြီး ပိုမဲပြီးရိုက်တယ်။ တခြားသူတွေထက် သူကပိုခံရတာပေါ့။ လူမျိုးရေးခွဲခြားပြီးတော့ ရိုက်တာပေါ့” ဟု ကိုဘိသိတ်က ပြောသည်။
“သူတို့ကို အရင်ဆုံး လေးမျက်နှာဘုရားထဲကို ဖမ်းခေါ်သွားတယ်။ အဲဒီမှာ တစ်ရက်နှစ်ရက်ကြာတယ်။ သူက ကျောင်းမှာတုန်းက ဘောလုံးကန်တုန်းက ဒူးခေါင်းအရွတ်ချော်ထားတဲ့ဒဏ်ရှိတယ်။ အဲဒီအပေါ်မှာ ထပ်အရိုက်ခံရတော့ ဖမ်းထားတဲ့ ဘုရားထဲမှာကိုက သူအခြေအနေ မဟန်တော့ဘူး။ ဆီးသွားဖို့တောင် အခြားသူက ဇစ်ဖွင့်ပေးရတဲ့ အခြေအနေဖြစ်သွားတယ်”
ယင်းနောက် စစ်ကောင်စီက ကိုလင်းပိုင်စိုးတို့ကို စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကာ ထပ်မံ၍ ရိုက်နှက်နှိပ်စက်ကာ စစ်ဆေးသည်။
“သူ စစ်ကြောရေးမှာ ဘယ်လိုမှ လမ်းမလျှောက်နိုင်တော့တဲ့ အနေအထားမှာ မင်းတို့နေခဲ့ဆိုပြီး သူ့ကို ခေါ်ထုတ်သွားတယ်။ နာရီဝက်လောက်ကြာတဲ့အခါ မင်းတို့ကောင် အသက်မရှိတော့ဘူးဆိုပြီး လာပြောတယ်။ အဲဒီလို ပြန်သိခဲ့ရတယ်” ဟု ကိုဘိသိတ်က ပြောသည်။
“သူနဲ့အတူ ဖမ်းခံရတဲ့ရဲဘော်တွေက ဒီအကြောင်းတွေကို အိုးဘိုထောင်ရောက်မှ ကျွန်တော်တို့ဆီ စာခိုးပို့တယ်၊ သူ့မိသားစုကို အကြောင်းကြားပေးပါ။ ကျွန်တော်တို့ ဒီလိုပဲ အတည်ပြုခဲ့ရတာ”
ကိုလင်းပိုင်စိုးနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် တစ်နှစ်နီးပါးအကြာ ယနေ့အချိန်ထိ ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့၊ မိသားစုကိုလည်း အသိမပေးခဲ့ပေ။
“ကျွန်တော်တို့ မိသားစုကို ခုချိန်ထိ အကြောင်းမကြားခဲ့ဘူး။ ကျွန်တော်တို့ အိုးဘိုထောင်ကိုလည်း စုံစမ်းခဲ့တယ်။ တစ်နှစ်တာအတွင်း ထောင်ဝင်စာတွေလည်း ပို့ကြည့်၊ နောက်ဆုံး ထောင်မှာ မရှိဘူးဆိုတာလည်း သိရတယ်။ ခုချိန်ထိ အစ်ကို့အကြောင်း ဘာမှမကြားရတော့ဘူး” ဟု မိသားစုဝင်က ပြောဆိုသည်။
သူငယ်ချင်းများက လေးစားသူ
ဂေါ်ရခါးလူမျိုး၊ ဗုဒ္ဓဘာသာဝင် ကိုလင်းပိုင်စိုးသည် စိတ်နေစိတ်ထားပြည့်ဝသူ၊ ခပ်အေးအေးနေပြီး ရင့်ကျက်သူ၊ ဦးဆောင်တတ်သူဖြစ်ကြောင်း သူ၏လုပ်ဖော်ကိုင်ဖက် သမဂ္ဂကျောင်းသားရဲဘော်များက ဆိုကြသည်။
“ကျွန်တော်တို့ အတူနေတယ်၊ ချက်စားကြတယ်။ သူက သားကြီးငါးကြီးမစားဘူး၊ ဒါပေမဲ့ ကျွန်တော်တို့စားဖို့ သူကိုယ်တိုင် လုပ်ကိုင်ချက်ပြုတ်ပေးတယ်။ အဲဒီလောက်အထိ စိတ်ထားပြည့်ဝတယ်။ သူ့မှာ ဘာခွဲခြားစိတ်မှမရှိဘူး” ဟု ကိုဘိသိတ်က ပြောပြသည်။
မန္တလေးဆန္ဒပြစစ်ကြောင်းများကို စစ်တပ်က အပြင်းအထန်ဖြိုခွင်းနေသည့်အချိန်က သပိတ်စစ်ကြောင်းဆက်လက်ထွက်ရှိရန် သူက ဦးဆောင်ပြောဆိုခဲ့သည်ဟု ဆိုသည်။
“မြို့ပေါ်မှာ သပိတ်လူငယ်တွေ တောက်လျှောက်ဖမ်းခံရနေတဲ့အချိန်မှာ ကျွန်တော်တို့သမဂ္ဂတွေ အစည်းအဝေးထိုင်ကြတယ်၊ ဆက်ထွက်ဖို့၊ မထွက်ဖို့ကိုပေါ့။ သူက ငါ့ကို အများကြီးမစဉ်းစားခိုင်းနဲ့၊ ငါတို့ဆက်ထွက်မှ ရမယ်၊ ဆက်ထွက်မှကို ရမယ်လို့ သူဒါပဲ တောက်လျှောက်ပြောခဲ့တယ်” ဟု ကိုဘိသိတ်က ဆိုသည်။
ဖြစ်ချင်သောဆန္ဒတို့ကို မြိုသိပ်၍ အမြဲသိုသိုသိပ်သိပ်နေတတ်သည်ဆိုသော ကိုလင်းပိုင်စိုးသည် အာဏာသိမ်းပြီးနောက် သူဖြစ်ချင်သောဆန္ဒတစ်ခုကိုတော့ ကိုဘိသိတ်ကို ပြောပြဖူးသည်၊ သူကိုယ်တိုင်ရေးသားထားသော ကဗျာများကို စုစည်းပြီး ကဗျာစာအုပ်တစ်အုပ်ထုတ်မည်ဟု ရင်ဖွင့်ခြင်းဖြစ်သည်ဟု ဆိုသည်။
သူက ကဗျာရေးခြင်းကို ရူးသွပ်သည်။ Silencer ဟူသည့် ကလောင်အမည်ဖြင့် ကဗျာရေးသားခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် သူရေးသားခဲ့သော ကဗျာတစ်ပုဒ် မိတ်ဆွေသူငယ်ချင်းများအကြား ရေပန်းစားခဲ့သည်။
“ငါတို့နိုင်မှ ပြန်ရမယ့် ရဲဘော်တွေရယ်
ငါတို့နိုင်မှ ဝေရမယ့် အမျှတွေရယ်
ကျောပိုးအိတ်ထဲက အဝတ်အစားနှစ်စုံရယ်
ရန်သူကို ရင်ဆိုင်ဖို့ အလံနဲ့အသံရယ်
အဲဒါပဲ ပါခဲ့တယ်……
သတ်ရဲပါတယ်ဆိုတဲ့ကောင်တွေကို
သေကောသေရဲပြီလား မေးဖို့
ငါတို့လက်တွေ အသားမာနဲ့ သွေးနေကြရတယ်။”
လာမည့်စက်တင်ဘာ ၃၀ ဆိုလျှင် ကိုလင်းပိုင်စိုးဖမ်းဆီးခံရမှု နှစ်ပတ်လည်တော့မည်။ အဆိုပါနေ့တွင် သူ့အတွက်ရည်စူးသည့် အွန်လိုင်းလှုပ်ရှားမှုများရှိမည်ဟု ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများက ဆိုသည်။
လူတစ်ဦးကို ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ကာ သေသည်ရှင်သည်ကိုပင် မိသားစုက သိရှိခွင့်မရသည့် အခြေအနေသည် လူသားတန်ဖိုးကင်းမဲ့လွန်းသည်၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ဆုံးရှုံးလွန်းသည်၊ ထိုလုပ်ရပ်ကို ရှုတ်ချသည်ဟု ကျောက်ဆည်တက္ကသိုလ်သမဂ္ဂကျောင်းသားရဲဘော် ကိုဘိသိတ်က ဆိုသည်။
“ကမ္ဘာစစ်မှာတောင်မှ တစ်ဖက်နဲ့တစ်ဖက် ပစ်ကြတိုက်ကြတယ်ဆိုပေမဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေ အခွင့်အရေးရှိတယ်ပေါ့။ ခုဟာက မိသားစုလည်း မသိလိုက်ရပါဘူး။ သူသေဆုံးသွားတယ်ဆိုတဲ့ သတင်းစကားသာ ရခဲ့တယ်။ ဒါကြီးက လူသားဆန်မှု အရမ်းကို ကင်းမဲ့လွန်းပါတယ်။ လူသားတန်ဖိုး လျော့ကျလွန်းပြီး မလုပ်သင့် မလုပ်အပ်ဘူး။ ရက်စက်ယုတ်မာလွန်းအားကြီးပါတယ်” ဟု ကိုဘိသိတ်က ပြောသည်။
“ကျွန်တော်တို့ရဲ့ရဲဘော် ဒီလိုဖြစ်ခဲ့တာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ တော်လှန်ရေးကြီးပြီးသွားရင် တကယ်ကျဆုံးခဲ့တာ သေချာရင်ပေါ့၊ သမိုင်းစာမျက်နှာမှာ ကမ္ပည်းမော်မော်ကွန်းတင်မယ်။ ကျောင်းမှာ အဆောက်အအုံတစ်ခုခုကို သူ့နာမည်ပေးတာမျိုး၊ လမ်းတစ်ခုခုကို သူ့နာမည်ပေးတာမျိုး ကျွန်တော်တို့ ဂုဏ်ပြုတောင်းဆိုသွားမယ်” ဟု ကျောင်းသားသမဂ္ဂရဲဘော် ကိုဘိသိတ်က ဆိုလိုက်သည်။
Source – Myanmar Now