အလျှံငြီးငြီး တောက်လောင်နေသည့် မီးတောက်မီးလျှံများကြားတွင် ပြေးလွှားအော်ဟစ် ငိုယိုသံများ၊ သေနတ်သံများနှင့် ဩဂုတ် ၉ ရက်နေ့ညသည် တောင်ကုန်းတောင်တန်းထူထပ်သည့် ကချင်ပြည်နယ်၊ ဖားကန့်ခရိုင် ဥရုချောင်းဘေးရှိ ဆယ်ဇင်းရွာအတွက် ကမ္ဘာပျက်သည့်ည ဖြစ်ခဲ့ရသည်။
ညဦးပိုင်းတွင် အိမ်များလိုက်ဖျက်ဆီးသည့် စစ်ကောင်စီတပ်နှင့် ကချင်ပြည်နယ်တွင်လှုပ်ရှားနေသော ရှမ်းနီအမျိုးသားများတပ်မတော်(SNA) လက်နက်ကိုင်အဖွဲ့ မှ စစ်သားတချို့ ဓာတ်ဆီပုလင်းများကိုင်ပြီး အိမ်ရှေ့ရောက်လာချိန်မှာ နံနက် ၂ နာရီခန့် ဖြစ်သည်ဟု ဆယ်ဇင်းရွာ ရပ်ကွက်(၁)မှ ကိုမျိုးဝင်းက ပြောသည်။
“အိမ်ကို မီးရှို့တော့မယ်၊ ထွက်ကြတော့ဆိုပြီးတော့ လာပြောတယ်။ ဝမ်းလျားမှောက်ခိုင်းထားတယ်၊ ဘယ်အဖွဲ့အစည်းကလဲလို့မေးတယ်၊ အရပ်သားတွေပါဆိုတော့ အဲဒါဆို အိမ်မီးရှို့တော့မယ်၊ သွားကြတော့ဆိုပြီး ပြောတယ်” ဟု အသက်(၄၀)ခန့်ရှိသည့် ကိုမျိုးဝင်းက ပြောသည်။
အထွန့်မတက်ရဲ၊ ဆင်ခြေမပေးရဲ။ စစ်သားများ စိတ်မပြောင်းခင် အဝတ်အစားနှင့် ပစ္စည်းအချို့ကို ကပြာကယာကောက်ယူကာ မိသားစုအားလုံး ရွာရှိ သာသနာ့ပါလ အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသို့သွားရာ လမ်းတွင် ရွာသားတချို့ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့မြင်ရသည်ဟု ကိုမျိုးဝင်းက ပြောသည်။
“ကျွန်တော်အိမ်နဲ့ ဘုန်းကြီးကျောင်းနဲ့က နီးနီးလေးရယ်၊ ဘုန်းကြီးကျောင်းသွားတဲ့ လမ်းမှာတင် အလောင်း ၆ လောင်းလောက် တွေ့ခဲ့ရတာ၊ ဒါတောင် ကျွန်တော်သွားတဲ့ လမ်းကြောင်းပဲရှိသေးတယ်၊ ဘုန်းကြီးကျောင်းမှာတင် ခြေထောက်မှန်ပြီး၊ သွေးလွန်ပြီး သေတာ ၂ ယောက်ရှိတယ်” ဟု ကိုမျိုးဝင်းက ပြောသည်။
အိမ်ခြေ၇၀၀ ခန့်ရှိသည့် ဆယ်ဇင်းရွာကို စစ်ကောင်စီတပ်နှင့် SNA တို့ တစ်ညလုံး မီးလိုက်ရှို့ကြသလို မဲမဲမြင်ရာ ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၄၀ ခန့် သေဆုံးနိုင်သည်ဟု ရွာခံများက ခန့်မှန်းသည်။ ပျောက်ဆုံးနေသူများလည်းရှိနေ၍ ထိုဖြစ်စဉ်အပြီး ၁၀ရက်ကြာချိန် (ဩဂုတ် ၁၈) အထိ စာရင်းအတိအကျ မသိ ရသေးပေ။
စစ်ကောင်စီတပ် အာဏာသိမ်းပြီး နိုင်ငံအနှံ့ တိုက်ပွဲဖြစ်နေရာ ၎င်းတို့ အထိနာသည့် နေရာတိုင်းတွင် နေအိမ်များ မီးရှို့၊ အရပ်သားများကို တိုက်ခိုက်နေရာ ဆယ်ဇင်းသည် လတ်တလောပစ်မှတ်များထဲမှ တစ်ခု ဖြစ်လာသည်။
SNA သည် ဗုဒ္ဓဘာသာအဓိကကိုးကွယ်သော ရှမ်းနီလူမျိုးများအရေးအတွက်လှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတဝိုက်တွင် လှုပ်ရှားမှုများရှိသည်။ ထိုတပ်ဖွဲ့သည် ခရစ်ယာန်အဓိကကိုးကွယ်သော ကချင်ပြည်နယ်ရှိ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ကြားဖြစ်သည့် ပဋိပက္ခများတွင် မြန်မာစစ်တပ်ဖက်က ပါဝင်မှုရှိကြောင်း မကြာခဏစွပ်စွဲခံရမှုများရှိနေသည်။
ဆယ်ဇင်းရွာ ငရဲခန်းအစ
ဆယ်ဇင်းသည် ကမ္ဘာကျော် ကျောက်စိမ်းမြို့ဖြစ်သည့် ဖားကန့်မြို့နယ်၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် ရှိပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည်။
ကျောက်စိမ်းနှင့် ရွှေတူးဖော်ခြင်းကြောင့် အမြဲလိုလို ရေနောက်ကျိနေတတ်သည့် နာမည်ကျော် ဥရုချောင်း၏ အရှေ့ဘက်ကမ်းတွင် ရွာတည်ထားပြီး တောင်ဘက်က နမ့်ပုတ်ချောင်းဖြင့် အနားသတ်ထားကာ စိမ်းစိုနေသည့် တောင်တောင်များက ပတ်လည်ဝန်းရံထားသည်။
ရွာအနီးတွင် ရွှေမှော်များရှိပြီး အနယ်နယ်အရပ်ရပ်မှ ရွှေတူးဖော်သူများက လာရောက်လုပ်ကိုင်ကြကာ ရွာအတွင်း၌ပင် ရွှေပန်းတိမ်ဆိုင်ပေါင်း ၄၀ ခန့်ရှိသည်။
မူရင်းဒေသခံများမှာ အနည်ငယ်သာရှိပြီး အများစုမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ရွှေ့ပြောင်းအခြေချသူများဖြစ်သည်။
စစ်အာဏာမသိမ်းမီ သုံးနှစ်ခန့်က ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဇိမ်ခန်း၊ KTV လုပ်ငန်းများဖြင့် စည်ကားသည့် တောခေါင်ခေါင်ကြီးထဲမှ မြို့ငယ်လေးပမာ ဖြစ်ခဲ့သည့်၊ ရွှေအရောင်းအဝယ်လုပ်သည့် ဤရွာကိုရွာပျက်ကြီးအဖြစ် ပြောင်းလဲပေးမည့် အကြောင်းတရားများက ဇွန်လအတွင်းဖြစ်ပွားလာခဲ့သည်။
ဇွန် ၂၈၊ ၂၉ တို့တွင် ဆယ်ဇင်းရွာအတွင်း SNA တပ်များဝင်ရောက်လာရာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ရေးတင်းမာလာခဲ့သည်။
ဇူလိုင် ၁၆ တွင် ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၂၆)တပ်က ပိတ်ဆို့ တိုက်ခိုက်လိုက်ခြင်းက မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်လာပြီး ထိုနေ့မှစကာ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။
ဩဂုတ် ၈ တွင် KIA က ရွာအနီး စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းနှင့် SNA ၏ ဂိတ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်သည်၊ နောက်တစ်နေ့တွင် ဆယ်ဇင်းရွာ ရဲစခန်းကို တိုက်ခိုက်သည်။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ပြီး တိုက်လေယာဉ်များဖြင့် ၉ ကြိမ်ခန့်ဗုံးကြဲသည့်အတွက် ထိုနေ့တစ်နေ့လုံး ဗုံးသံသေနတ်သံများဖြင့် ဆယ်ဇင်းတစ်ရွာလုံး ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့သည်။
ပိုမိုပြင်းထန်သည့် ငရဲခန်းများကို ဆက်လက်ရင်ဆိုင်ရဦးမည်ကိုတော့ ဆယ်ဇင်းဒေသခံများ စိုးစဉ်းမျှ မသိခဲ့ပေ။
မီးရှို့၊ သတ်ဖြတ်မှုများ
ထိုနေ့ မှောင်ရီပျိုးစ အချိန်တွင် စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်များ ရွာအတွင်း ဝင်ရောက်လာကြသည်၊ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် KIA တပ်များ ဆုတ်ခွာသွားကြသည်။
ဆယ်ဇင်းရွာအတွင်း ၎င်းတို့ကို ခုခံတိုက်ခိုက်သူများ မရှိတော့သည့်နောက် အကြမ်းဖက် မီးရှို့၊ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်များ စတင်ပြုလုပ်တော့သည်။
မီးလောင်နေသည့် နေအိမ်များကို မီးထွက်ငြိမ်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်သလို အိမ်မီးလောင်လို့ ထွက်ပြေးရသည့် ဒေသခံများကိုလည်း တွေ့သည့်နေရာတွင် ပစ်သတ်သည်ဟု ဆယ်ဇင်းဒေသခံတစ်ဦးက ပြောသည်။
“တချို့ အလောင်းတွေဆိုရင် မီးလောင်နေတဲ့ အိမ်ထဲကို ပစ်ထည့်လိုက်ပြီး အလောင်းဖျောက်ပစ်လိုက်တာ၊ ညမှာ အိမ်မီးရှို့နေတဲ့ချိန် ထွက်လာလို့ ပစ်သတ်လိုက်တဲ့သူကို မနည်းဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ဝန်းကျင် အထက်ပါ အမျိုးသားက ပြောသည်။
“အဲဒီနေ့က တကယ့်ကို အကြောက်တရားနဲ့ ပြောပြလို့မရလောက်အောင်ပဲဗျာ၊ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းဖို့ အသက်ရှင်သန်ဖို့ ကြိုးစားရခဲ့ရတာပေါ့”
သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများ မီးရှို့ဖျောက်ဖျက်သလို အကြောင်းမျိုးမျိုးကြောင့် နေအိမ်အတွင်း ရှိနေသူများကိုလည်း အိမ်မီးလောင်သည့်အထဲ ပါသွားကြသည်၊ ထိုသို့ရင်ဆိုင်ခဲ့ရသူများထဲတွင် လေဖြတ်ထားသည့် သက်ကြီးရွယ်အို ၃ ဦး ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။
ထိုအထဲမှ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)မှ အဘွားအိုနှစ်ဦး၏ အမည်နှင့် အသက်တို့ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
ကျန်တစ်ဦးမှာ ရပ်ကွက်(၁) မှ ကျန်းမာရေးမကောင်းသူ အသက်(၇၉)နှစ်အရွယ် ဦးမောင်ကိုဖြစ်သည်ဟု အိမ်နီးချင်းဖြစ်သူ ကိုမျိုးဝင်းက ဆိုသည်။
“အရှင်လတ်လတ်မီးရှို့တာလေ၊ လေဖြတ်ထားလို့ အိမ်ထဲက မထွက်နိုင်ပါဘူးဆိုမှ တစ်ခါတည်း ဓာတ်ဆီလောင်းပြီး မီးရှို့ထားခဲ့တာ” ဟု ကိုမျိုးဝင်းက ပြောသည်။
အသက်(၃၀) ခန့်ရှိသည့် ငမူးဟု ခေါ်သည့် သူငယ်ချင်းတစ်ဦးက စစ်ကောင်စီတပ်ကို တောင်းပန်ခဲ့သေးသည်ဟု သိရကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ကိုမျိုးဝင်းက ပြောသည်။
“မီးရှို့နေတာကို သူက သွားတားတာတဲ့၊ မင်းက ဘာကောင်လဲ ဆိုပြီး ဒူးထောက်ခိုင်းပြီး ဖမ်းထားတာကို သူက ထွက်ပြေးတာ၊ ထွက်ပြေးတဲ့အချိန်မှာ လှမ်းပစ်တယ်လို့ပြောတယ်” ဟု ကိုမျိုးဝင်းက ပြောသည်။
သေဆုံးသူများထဲတွင် မော်တော်ယာဥ်တစ်စီးပေါ်မှ ကလေးအပါအဝင် မိသားစုဝင် သုံးဦး၊ မီးလောင်စဉ် ဖခင်အိုကြီးကို သယ်ထုတ်လာသည့် ညီအကိုနှစ်ဦး၊ သုံးဘီးမောင်းသူများ၊ လဖက်ရည်ဆိုင်ဝန်ထမ်းများနှင့် ကုန်ထမ်းသူများလည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။
တကွဲတပြားပြေးလွှားနေရခြင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်း၊ အချက်အလက် စုစည်းနိုင်သူ မရှိသေးခြင်းတို့ကြောင့် အသေးစိတ် အချက်အလက်ရရန် မလွယ်ကူသေးပေ။
ဒေသခံများနှင့် သတင်းဌာနများက ဆယ်ဇင်းရွာ မီးရှို့၊ လူသတ်ပွဲကို စစ်ကောင်စီတပ်နှင့် SNA တို့က ကျူးလွန်သည်ဟု အကျယ်တဝင့်ဖော်ပြနေသော်လည်း SNA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကမူ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း တွင်တွင်ငြင်းဆိုသည်။
“အမှန်တကယ် မီးရှို့တာက KIA နဲ့ PDF ကရှို့တယ်ဆိုတာ အကုန်လုံးသိတယ်၊ မြင်လည်း မြင်တယ်၊ မြင်တဲ့ ကြားတဲ့ သူတွေလည်း အများကြီးပဲ” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
ထို့အပြင် ဆယ်ဇင်းရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ပူးတွဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဆယ်ဇင်းရွာအနီးရှိ ဟုမ္မလင်းမြို့နယ်အတွင်း ၎င်းတို့ ရှေ့တန်းစခန်းရှိပြီး အဆိုပါ စခန်းကို KIA က လာရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပူးတွဲဆောင်ရွက်နေတာ ဘာတစ်ခုမှမရှိဘူး၊ တစ်ခုရှိတာက ကျွန်တော်တို့ စခန်းလာတိုက်ခိုက်ခံရတယ်၊ လာတိုက်တော့ ကျွန်တော်တို့ ပြန်ပစ်ခတ်တယ်၊ ဒီလောက်တော့ရှိမှာပဲ” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
သုံးပွင့်ဆိုင် တိုက်ပွဲများဖြစ်နေသည့် ဆယ်ဇင်းတိုက်ပွဲများအတွင်း ထူးဆန်းစွာပင် SNA တပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုများနှင့် လက်ယဉ်နေသည့် စစ်ကောင်စီတပ်ကို ဆယ်ဇင်းရွာ မီးရှို့၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပက်သက်ပြီး မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ဒေသခံများ ထွက်ခွာပြီးနောက် ဆယ်ဇင်းရွာတဝိုက်တွင် တိုက်ပွဲပြန်ဖြစ်သည်ဟု သတင်းများကြားရသည့်အတွက် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခု
ကမ္ဘာပျက်သည့်အလား ဆယ်ဇင်းရွာ မီးရှို့၊ လူသတ်ပွဲများအတွင်း ပြီးခဲ့သည့် လအနည်းငယ်က ဆယ်ဇင်းရွာကို ရောက်ရှိနေသည့် ဒေါက်တာကျော်မျိုးဇင်၏ ဇနီးလည်း သေဆုံးခဲ့သည်။
၎င်းသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ ဆရာဝန်တစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့ပြီး ဆယ်ဇင်းရွာတွင် ဆေးခန်းဖွင့်ကာ နေထိုင်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသက် ၃၀ ကျော်ခန့်ရှိသည့် ဇနီးသည်မှာ ထိုနေ့ညက စစ်ကောင်စီတပ်လက်ချက်ကြောင့် ဦးခေါင်းတွင် ဒဏ်ရာရသေဆုံးသွားပြီးနောက် ၎င်းလည်းပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။
သို့သော် နောက်တစ်နေ့တွင် အဆိုပါ ဆရာဝန်ကို ဟောင်းပါးနှင့် တာမခန်ဘက်တွင် ပြန်တွေ့ကြရသည်၊ စိတ်ရောဂါနေသည်ဟု ဒေသခံများက ဆိုသည်။
၎င်းကို ဆေးကုသရန် လူမှုကူညီရေးကား၏ အကူအညီဖြင့် မြစ်ကြီးနားသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံတချို့ကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မရေတွက်နိုင်သော သေကွဲ၊ ရှင်ကွဲဒဏ် ခံကြရသည့် မိသားစုများတွင် ဒေါက်တာ ကျော်မျိုးဇင်လည်း ပါဝင်ခဲ့သည်။
“သူတို့ရောက်တာ ဘာမှကိုမကြာသေးတာ၊ ဒီမှာအေးဆေးနေရပြီထင်တဲ့အချိန်မှာ အခုလိုဖြစ်သွားတော့ စိတ်လွတ်သွားတာနေမှာပေါ့၊ ဟိုနေ့က တွေ့သေးတယ် အခုတော့ ဘယ်ရောက်သွားပြီလည်း မသိဘူး” ဟု ဆယ်ဇင်းရွာသား ကိုမျိုးဝင်းက ပြောသည်။
ရွှေတောင်ကြီး ပြိုပြီ
ဩဂုတ် ၁၀ ရက် နံနက် ၄ နာရီခန့်တွင် ဒေသခံအများစုက ကား၊ ဆိုင်ကယ်၊ သုံးဘီးစသည့် တို့ဖြင့် ဆယ်ဇင်းရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် ဟောင်ပါးနှင့် တာမခန်ရွာသို့ စတင်တိမ်းရှောင်ကြသည်။
ဝေးရွာသို့ ထွက်ပြေးရန် ကြိုးစားကြသော်လည်း စစ်ကောင်စီတပ်က ထွက်ခွင့်မပေးသည့်အတွက် သာသနာ့ပါလ ဘုန်းကြီးကျောင်းထဲတွင် စစ်ရှောင် ၄၀၀ ကျော်ကျန်နေခဲ့သည်။
အသက်(၄၄)နှစ် အရွယ် ဆယ်ဇင်းရွာသူ ကုန်စိမ်းသည် မနိုင်နိုင်ဝင်း ဩဂုတ် ၉ တစ်နေ့လုံး တစ်ညလုံး ရင်ဆိုင်ရသည့် ဗုံးကြဲခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းမျာကို ကျော်လွှားနိုင်ခဲ့သည့်အတွက် တာမခန်းရွာသို့ အန္တရာယ်ကင်းကင်းနှင့် တိမ်းရှောင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ခင်ပွန်းဖြစ်သူ အသက်(၃၃)နှစ် အရွယ် ကိုဖိုးပိန်မှာ လက်သမားဖြစ်သည်။
ရွာဖျက်ဆီးခံရပြီး နောက်တစ်နေ့ နံနက် ၆ နာရီခွဲခန့်တွင် တာမခန်ကို ဘုန်းကြီးကိုယ်တိုင် ဦးဆောင်ပြီး ပို့ပေးမည်ဟု မိတ်ဆွေများက ဖုန်းဆက်ပြောသောကြောင့် သူတို့ လင်မယားက အသက်(၄)နှစ်၊ (၁၂)နှစ် သမီးနှစ်ယောက်ကို ဆိုင်ကယ်ကြုံဖြင့် ဘုန်းကြီးကျောင်းကို ထည့်ပေးလိုက်ကြသည်။
ထိနေ့တွင် စစ်ကောင်စီတပ်က မိုးလင်းသည်အထိ ဘုန်းကြီးကျောင်းမှ ထွက်လာသူများကို ပစ်ခတ်နေသလို ကျောင်းထဲဝင်မည့် သူများကိုလည်း ပစ်ခတ်နေခဲ့သည်ကိုတော့ မနိုင်နိုင်ဝင်းတို့ မသိခဲ့ပေ။
သူတို့ လင်မယား ကျောင်းထောင့်နားရောက်ရှိချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်ထောင့်က မနိုင်နိုင်ဝင်း၏ နားရွက်နားက ဖြတ်ပြီး ရှေ့မှ သွားနေသည့် ကိုဖိုးပိန်၏ နောက်စေ့ကို ထိမှန်သွားခဲ့သည်။
ကံတရားက မနိုင်နိုင်ဝင်းကို အရှိုက်ထိအောင် ထိုးနှက်လိုက်နိုင်သည်၊ ဘုန်းကြီးကျောင်းထဲရောက်ရန် စက္ကန့်အနည်းငယ်၊ ခြေလှမ်းအနည်းငယ်သာ ဝေးတော့သည့် အချိန်တွင် ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရသည်။
“လေယာဉ်ပေါ်က လက်နက်ကြီးတွေနဲ့ ပစ်တာတောင်မသေခဲ့ဘဲ အခုမှ သေရတော့ ကျွန်မ ယူကျုံးမရ ဖြစ်မိပါတယ်” ဟု မနိုင်နိုင်ဝင်းက ငိုရှိုက်ရင်းပြောသည်။
“ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီးဆိုတော့ အမျိုးသားမရှိတော့ ကျွန်မ ရင်ကွဲမတတ်ခံစားရပါတယ်၊၊ ပြီးတော့ ကျွန်မ မွေးထားတာ သမီးတွေပါ၊ ကျွန်မမှာ အားကိုးစရာမရှိသလိုမျိုး ကျွန်မ မျှော်မှန်းလို့ကို မရတော့အောင် ဖြစ်သွားပါတယ်”
ကိုဖိုးပိန်၏ အလောင်းကို ဆွေမျိုးများ၏ အကူအညီဖြင့်နောက်တစ်ရက်မှသာ သွားကောက်နိုင်ခဲ့သည်။ ထိုနေ့မှာပင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို ဥရုချောင်းထဲ မျောလိုက်သည်ဟု မနိုင်နိုင်ဝင်းက ဆိုသည်။
ထိုနေ့က သမီးများနှင့်အတူ အိမ်မှထွက်ခွာလျှင် အသက်ဘေးမှ ကင်းလွတ်နိုင်သော်လည်း ကိုဖိုးပိန်က သမီးကြီး၏ စက်ဘီးလေးကို ဝင်ယူပေးနေရာမှ အသက်ဆုံးရခြင်းဖြစ်သည်ဟု မနိုင်နိုင်ဝင်းက မချိတင်ကဲ ဆိုသည်။
ဩဂုတ် ၁၄ ရက်နေ့အထိ ဆယ်ဇင်း စစ်ရှောင်အတော်များများ ဟောင်ပါးနှင့် တာမခန်တွင် သောင်တင်နေကြပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည့် နေရာ ၈ ခုခန့်တွင် ခိုလှုံနေရကာ စားရေးသောက်ရေးအတွက် ဒေသခံများ၏ လှူဒါန်းငွေများကို အားပြုနေရသည်ဟု ဆိုသည်။
စစ်ရှောင်အားလုံးပေါင်းဆိုလျှင် လူဦးရေ၂၀၀၀ ဝန်းကျင် ရှိနိုင်ပြီး အချို့စစ်ရှောင်များမှာ ရွာပျက်ကြီးဖြစ်ပွားသည့် ဆယ်ဇင်းကို ခြေဦးပြန်လှည့်ဖို့ စိတ်မကူးကြတော့ဘဲ မိမိရပ်ရွာများသို့သာ အပြီးပြန်သွားကြသည်။
ဘုန်းကြီးကျောင်းနှင့် အိမ်အနည်းငယ်သာ ကျန်တော့သည့် ဆယ်ဇင်းရွာတွင် ပြန်လည်အခြေချရန် ဒေသခံများက စိတ်ကူးနေသော်လည်း လတ်တလောတွင်တော့ ပြေးစရာမြေမရှိ ဆိုသလိုဖြစ်နေသည်။
ဩဂုတ် ၁၂ ရက်နေ့က တာမခန်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ရေးတင်းမာမှုမှာ ဟောင်ပါးနှင့် တာမခန်ဘက်သို့ ရောက်ရှိလာသည့်အတွက် ဆယ်ဇင်းစစ်ရှောင်အချို့နှင့် ဒေသခံအချို့မှာ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်သို့ သွားရောက် ခိုလှုံကြသည်၊ မန္တလေးမြို့အထိ ဆက်လက် တိမ်းရှောင်နေကြသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
ဆယ်ဇင်း ဒေသခံများ၏ စစ်ရှောင် ခရီးရှည်ကြီးက အဆုံးမသတ်နိုင်သေးပေ၊ တိုက်ပွဲပြီးလျှင် ဆယ်ဇင်းရွာ ပြန်အခြေချမည်ဆိုသည့် ဒေသခံများ၏ ဆုံးဖြတ်ချက်မှာလည်း ဝေဝါးလျက်ရှိသည်။
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလိုပင် ခင်ပွန်းဖြစ်သူကို လောလောလတ်လတ် ဆုံးရှုံးထားရသည် မနိုင်နိုင်ဝင်း ရွာပျက်ဆယ်ဇင်းသို့ မပြန်နိုင်သေးဘဲ ခင်ပွန်းသည်၏ ဆွေမျိုးများရှိရာသို့ လိုက်ပါသွားရသည်။
ဖြေမဆည်နိုင်ဖြစ်နေပြီး ရှေ့ဆက် ရပ်တည်ရေး စဥ်းစားမရသေးသော်လည်း အဖမဲ့ သမီးနှစ်ယောက်အတွက်တော့ ကြံ့ကြံ့ခိုင်ရပ်တည်သွားရန် မနိုင်နိုင်ဝင်းက ဆုံးဖြတ်ထားသည်။
ထို့အပြင် ကိုဖိုးပိန်ကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်သားများကိုလည်း မေတ္တာပို့ကြောင်း ငိုရှိုက်ရင်းကပင် မနိုင်နိုင်ဝင်းက ပြောသည်။
“ကျွန်မကတော့ မေတ္တာပို့ပါတယ်၊ ကျွန်မယောက်ျားကို ပစ်တဲ့သူတွေကို ကျွန်မ မေတ္တာထားပါတယ်၊ ကိုယ့်လို မဖြစ်ပါစေနဲ့လို့ ကျွန်မဆုတောင်းတယ်” ဟု ပြောနေရင်း မနိုင်နိုင်ဝင်း၏ အသံမှာ တဖြည်းဖြည်း တိမ်ဝင်သွားသည်။
Source – Myanmar Now