စားသောက်ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် အခြေခံလုပ်ခ နှစ်ဆတိုးပေးရန် ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားများ အရေးဆိုလာကြသည်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ နာမည်ကျော် Adidas ဖိနပ်များချုပ်သည့် မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက အခြေခံလုပ်ခလစာကို ၄၈၀၀ မှ ၈၀၀၀ ကျပ်သို့ တိုးပေးရန် ဩဂုတ် ၁၄ ရက်တွင် စတင်တောင်းဆိုသည်။
ဝန်ထမ်း ၆၅၀၀ ကျော်အလုပ်လုပ်နေသည့် ယင်းစက်ရုံမှ သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၁၀၀ ကျော်က ယခုကဲ့သို့ လုပ်ခတိုးပေးရန် ဆန္ဒပြုသည်ဟု ထိုစက်ရုံမှသမဂ္ဂ ဥက္ကဋ္ဌ မဖြိုးသီတာဝင်းက ပြောသည်။
“အခြေခံလုပ်ခလစာ ၄၈၀၀ က ပြောင်းလဲမှုမရှိဘူး။ ပြောင်းလဲတာက ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားတယ်။ ဒီ ၄၈၀၀ နဲ့က ဘယ်လိုမှ အဆင်မပြေတော့လို့ တောင်းဆိုရတာပါ” ဟု ၎င်းက ဆိုသည်။
“ဒါက ပြောရဲတဲ့သူသမဂ္ဂအဖွဲ့ဝင် အယောက် ၁၀၀ လောက်က သမဂ္ဂအနေနဲ့ တောင်းဆိုချင်တယ် လုပ်ဆောင်ပေးဖို့ဆိုပြီး ပြောလို့ပါ။ တကယ်တမ်း သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ အလုပ်သမားတွေကို မေးလည်းပဲ ဒီသဘောပါပဲ” ဟု မဖြိုးသီတာဝင်းက ဆက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယခုလဆန်းပိုင်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ နှုန်းသို့ ပြောင်းလဲလိုက်ပြီးနောက် ပြည်တွင်းရှိ စက်သုံးဆီ၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုး တက်နေသည်။
အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်သာ ရှိခဲ့သော်လည်း တစ်နှစ်ခွဲကျော်ကာလတွင် တစ်ဒေါ်လာ ၃,၀၀၀ ကျပ်၊ စက်သုံးဆီ တစ်လီတာ ၂,၄၀၀၊ ရွှေတစ်ကျပ်သား ၂၅ သိန်းကျော်အထိ ရောက်လာသည်။
ယမန်နှစ်က တစ်အိတ်လျှင် ကျပ်ငါးသောင်းခန့်သာ ပေးရသည့် ရွှေဘိုပေါ်ဆန်းကို ယခု ကျပ်တစ်သိန်းနီးပါး ပေး၍ ဝယ်နေရသည်။ အခြေခံလူတန်းစားများ စားသုံးသည့် ဆန်ကြမ်းစျေးနှုန်းများမှာလည်း သိသိသာသာ တိုးမြင့်လာပြီး အမျိုးအစားပေါ်မူတည်၍ တစ်အိတ်လျှင် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိ မြင့်တက်လာသည်။
ဆန်ကြမ်းတစ်အိတ်လျှင် ၂၀၂၀ ခုနှစ်က ကျပ်၂၅,၀၀၀၊ ၂၀၂၁ တွင် ၂၇,၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည့် အခြေအနေမှ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ယခုနှစ်တွင် ၄၅,၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်နေပြီဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သည်။
အနည်းဆုံးအခကြေးငွေ ဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံးပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သော်လည်း ထိုနှုန်းထားမှာ ၅ နှစ်ဝန်းကျင်ရှိလာချိန် ယနေ့တိုင်အထိ အတည်ဖြစ်နေသည်။
အရပ်သားအစိုးရလက်ထက်ကတည်းက အလုပ်သမားတို့၏ အနိမ့်ဆုံးလုပ်ခပိုမြှင့်ပေးရန် တောင်းဆိုမှု မအောင်မြင်ခဲ့သဖြင့် စစ်တပ်က အာဏာသိမ်းထားချိန် လက်ရှိကာလ၌ ပို၍ ခက်မည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ (FGWM) ၏ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က သုံးသပ်သည်။
“ခေတ်ဆိုး စနစ်ဆိုးကြားမှာ တောင်းဆို တိုက်ပွဲဝင်ရတာဖြစ်တဲ့အတွက် စိန်ခေါ်မှုတော့ရှိတယ်။ အလုပ်သမားတွေ ပါဝင်တဲ့အပေါ် မူတည်ပါတယ်။ စုပေါင်းအားနဲ့ အပြန်အလှန်ကာကွယ်ပြီး သပိတ်တိုက်ပွဲဝင်ဖို့တော့ လိုတယ်” ဟု ၎င်းက ဆိုသည်။
ထိုအခြေအနေတွင် လုပ်ခတိုးပေးရန် တောင်းဆိုမှု ပိုမိုအားကောင်းလာစေရန် အလုပ်သမားထုအားလုံး ပါဝင်ရန် လိုအပ်သည်ဟု မြန်မာပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကလည်း တိုက်တွန်းသည်။
“ကျွန်မတို့ စက်ရုံတစ်ရုံတည်းက ဒီလိုတောင်းဆိုနေရုံနဲ့ မပြီးဘူး တစ်နိုင်ငံလုံးက စက်ရုံတွေက တောင်းဆိုရင်တော့ အဆင်ပြေနိုင်ခြေ ရာခိုင်နှုန်းများတယ်။ ဒါကြောင့် တောင်းဆိုစေချင်တယ်” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီးတစ်နှစ်အတွင်းပင် မြန်မာတွင် အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း အလုပ်သမားရေးဆောင်ရွက်သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များ၊ အဖွဲ့ အစည်းများကို တရားမဝင်အဖွဲ့အစည်းအဖြစ် အာဏာသိမ်းစကတည်းကပင် ကြေညာထားသည်။
လက်ရှိတွင် စက်ရုံများ၌ အလုပ်ရှင်က အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ အခွင့်အရေးတောင်းဆိုသူများကို အလုပ်ထုတ်ခြင်းတို့ကို အလုပ်သမားတို့ ရင်ဆိုင်နေရသည်။
ထို့ပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိခြင်းတို့ ကြုံနေရသည်ဟု စစ်ကောင်စီက ဖျက်သိမ်းထားသည့် အလုပ်သမားအဖွဲ့အချို့က ပြောထားသည်။
Source – Myanmar Now