လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ လူမှုကွန်ရက်တွင် အခကြေးငွေဖြင့် ဖြန့်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံ ထားရသည့် မော်ဒယ် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အပေါ် စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို စိုးရိမ်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ဆိုကြသည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ၎င်းတို့ နှစ်ဦးကို ဖမ်းဆီးကာ တရားစွဲလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်ပြီး မော်ဒယ် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် Website တစ်ခုတွင် အခကြေးငွေ ရယူကာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ ဖြန့်ဝေခဲ့ကြောင်းနှင့် မော်ဒယ် နန်းမွေစံ သည်လည်း၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစကာ အမေရိကန်နိုင်ငံရှိ Exantria Website တွင် လိင် အသားပေး ဓာတ်ပုံများ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။
အဆိုပါ နာမည်ကြီး မော်ဒယ်အမျိုးသမီးနှစ်ဦးမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ရာတွင် ပါဝင်သူများဖြစ်ရာ ယခုအခါမှ လိင်အသားပေးဓာတ်ပုံများ ငွေကြေးယူပြီး ဖော်ပြသည်ဆိုကာ အရေး ယူခြင်းက စစ်ကောင်စီအပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်း နာမည်ကျော် အမျိုးသမီးနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မည်ကို စိုးရိမ်ကြောင်း အမျိုးသမီးအဖွဲ့အစည်း များက ဆိုသည်။
အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသည့် Sisters 2 Sisters အဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က “အခု သူတို့ ၂ ဦးကို ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အများကြီး စိုးရိမ်တယ်။ သူတို့က နာမည်ကျော်အမျိုးသမီးတွေ ဖြစ်တယ်ဆိုတော့ သူတို့အပေါ်မှာ စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ အမြတ်မထုတ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီလို သူတို့ရဲ့ အလုပ်အကိုင်ကို ထိပါး နှောင့်ယှက်တာဟာ မင်းသား မင်းသမီး မော်ဒယ် အသိုင်းအဝိုင်း တခုလုံးကိုပါ ရန်စလိုက်တာ နှောင့်ယှက်လိုက်တာ။ အမျိုးသမီးတွေကို ထိန်းချုပ်ချင်တဲ့ သဘောသဘာဝကို ပြသ လိုက်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။
စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟု စွပ်စွဲကာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က ဖြင့် အရေးယူခဲ့ကြောင်း ကြေညာခဲ့သည့်အပြင် ထိုကဲ့သို့ ရိုက်ကူးနေသူများကို အရေးယူ ဆောင်ရွက်သွားမည် ဟုလည်း ဆိုထားသည်။
၎င်းတို့၂ ဦးအား စွဲဆိုထားသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ (က) သည် ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ် ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။
ထိုသို့ မော်ဒယ်နှစ်ဦးအား ဖမ်းဆီးတရားစွဲ အရေးယူခြင်းကြောင့် Sexy Model လုပ်ငန်းဖြင့် ဖျော်ဖြေရေး လုပ် ဆောင်လျက်ရှိသည့် အသိုင်းဝိုင်းသို့ပါ ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။
လိင်ပိုင်းဆိုင်ရာများကို ဖော်ပြပေးနေသည့် Exantria Website နှင့် သင်ဇာဝင့်ကျော် တို့အား ချိတ်ဆက်ပေးခဲ့သည်ဟု ဆိုသော မော်ဒယ် ရှင်ယွန်းမြတ်ကမူ သင်ဇာဝင့်ကျော်အား အဆိုပါ ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတဦးနှင့် ဖုန်းအဆက် အသွယ်ပေးလိုက်ရုံသာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
မော်ဒယ် ရှင်ယွန်းမြတ်က “ကျမကို Exantria Website က တာဝန်ရှိသူနဲ့ သင်ဇာဝင့်ကျော်ကို ချိတ်ဆက်ပေးခဲ့တယ် ဆိုတာကို ငြင်းချင်ပါတယ်။ ဘယ်လိုလဲဆိုတော့ Exantria Website က တာဝန်ရှိသူဝန်ထမ်းကနေ မသင်ဇာကို ကြော်ငြာရိုက်ဖို့အတွက် စာပို့ထားတာကို မမြင်လို့ ကျမက သွားပြောတယ်။ မသင်ဇာက သူ့ရဲ့ ဖုန်းနံပါတ်ပေးလိုက်ပါ ဆိုလို့ ပြောလိုက်ရုံပါပဲ” ဟု ပြောသည်။
မော်ဒယ်ရှင် ယွန်းမြတ်သည် အဆိုပါ Exantria Website နှင့် ယခင်က တွဲဖက် အလုပ် လုပ်ကိုင်ခဲ့သော်လည်း လက်ရှိ တွင် လုပ်ကိုင်ခြင်း မရှိတော့သည်မှာ ၈ လကျော်ခန့် ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် လုပ်ပိုင်ခွင့်မရှိသလို ၎င်းတို့ ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြင့် ဖျော်ဖြေ ရေး လုပ်ဆောင်နေခြင်းသာ ဖြစ်သည့်အတွက် ရာဇဝတ်မှု မမြောက်ကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများက ထောက်ပြ ပြောဆိုသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက “သူတို့ရဲ့ ဒီလိုမျိုး လုပ်ဆောင်ချက်က ဘယ်သူ့ကိုမှ နစ် နာစေတာလည်း မဟုတ်ဘူး။ ရာဇဝတ်မှုလည်း ကျူးလွန်နေတာ မဟုတ်တဲ့ အတွက်ကြောင့် အရေးယူတာတွေ တရား စွဲတာတွေ လုပ်ခွင့် မရှိဘူး။ သူတို့ ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို သူတို့အနေနဲ့ တရားဝင်လမ်းကြောင်းအရ ရာဇဝတ်မှုနဲ့ လုံးဝ မညှိဘဲနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်။ တရားစွဲလို့ မရဘူး။ အခုလိုမျိုး အလှပြပြီး အလုပ် လုပ်တာက ဖျော်ဖြေ ရေးပဲ။ သူတို့ခန္ဓာကိုယ်ကို ဘယ်အစိုးရမှလည်း ပိုင်ဆိုင်ပြီးတော့ ဆုံးဖြတ်ပေးလို့ မရဘူး။ အထူးသဖြင့် လူ့အခွင့်အရေး ကို လေးစား လိုက်နာမှုမရှိတဲ့ စစ်အာဏာရှင်လိုမျိုးက ပိုဆိုးတာပေါ့” ဟု ပြောသည်။
မော်ဒယ် သင်ဇာဝင့်ကျော်မှာ ဇူလိုင်လဆန်းက ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာန ချုပ်တွင် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု၏ သမီးမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ပြီး နောက် ရန်ကုန်သို့ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆို အရေးယူခံရခြင်းမှာ အကြောင်းအရာတခုဖြင့် စွဲ၍မရသဖြင့် တခြား အကြောင်းအရာအား ခေါင်းစဉ်တပ်၍ ဖမ်းဆီးခြင်းသာ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။
မော်ဒယ် နန်းမွေစံမှာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ရန် နိုင်ငံကူးလက်မှတ် သက်တမ်းသွားတိုးစဉ် ပတ်စပို့စာအုပ်သိမ်းဆည်းခံလိုက်ရ၍ ဖခင်အား ဆေးသွားကုသပေးမည့် ဘန်ကောက်ခရီးစဉ်အား ဖျက်သိမ်းခဲ့ရ ကြောင်း သိရသည်။ မည်သည့် အကြောင်းကြောင့် ထိုသို့ သိမ်းဆည်းလိုက်သည်ကိုမူ စစ်ကောင်စီက ထုတ်ဖော်ပြော ဆိုထားခြင်း မရှိပေ။
Sexy Model နန်းမွေစံက ၂၀၂၁ ခုနှစ် မတ်လက စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး စစ်အာဏာရှင်များ၏ အကြမ်း ဖက်မှု၊ ဆန္ဒပြပြည်သူများအား သတ်ဖြတ်မှုအခြေအနေများနှင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ကြောင်း အစရှိသည့် အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံဖိုင်တခုကို ဖြန့်ဝေခဲ့သည်။
အဆိုပါ ရုပ်သံတွင် “ရှင်တို့ သိကြတဲ့အတိုင်းပဲ။ သူတို့ (မြန်မာစစ်တပ်) က မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အပြစ်မဲ့ပြည်သူတွေ အများကြီးကို သတ်ဖြတ်နေကြတယ်” ဟုလည်း ပြောဆိုထားသည်။
ထိုသို့သော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတချို့တွင် ပါဝင်ခဲ့သည့်အတွက် ထိုသို့ ဖမ်းဆီး တရားစွဲရခြင်း ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံလျက်ရှိသော Sexy Model များနှင့် တစုံတရာ ဝေဖန်ခြင်းမရှိသည့် Sexy Model များကိုမူ အရေးယူမှုများ ပြုလုပ်ခြင်း မရှိသော်လည်း ၎င်းတို့ ၂ ဦးကိုသာ ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေ သည်ဟု စွပ်စွဲ ဖမ်းဆီးမှုအပေါ်တွင် အနုပညာရှင်အသိုင်းဝိုင်းနှင့် ပြည်သူများက မေးခွန်း ထုတ်နေကြလျက်ရှိသည်။
ဒေါ်တင်တင်ညိုက“ယဉ်ကျေးမှုနဲ့ လိုက်ပြီး ထိန်းချုပ်မှုအပိုင်းပေါ့။ အဲဒီ ယဉ်ကျေးမှုက ဘာလဲ။ အဲဒီ ယဉ်ကျေးမှုက ကောင်းတဲ့ ယဉ်ကျေးမှုလား။ သူများရဲ့ ခန္ဓာကိုယ် စိတ်ပိုင်းရုပ်ပိုင်းကို ထိန်းချုပ်တဲ့ ယဉ်ကျေးမှုလားဆို တာကို ခွဲခြမ်းရမယ်။ အခုက မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သောဆိုတာ ဘာကိုပြောချင်တာလဲ။ သူတို့အနေနဲ့ ခန္ဓာကိုယ် လှတယ်။ ဖျော်ဖြေရေးအဖြစ် ဖော်ထုတ်တယ်။ ဒီလိုမျိုးပဲ မြင်ရမယ်။ သူတို့ရဲ့ အခွင့်အရေးပဲ ထိန်းချုပ်လို့ မရဘူး” ဟု ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ခွဲ နီးပါးအကြာမှာ မြန်မာနိုင်ငံတွင် အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ရပြီး ၂၄၀၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ဇူလိုင် ၃၁ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး ၂၃၇၂ ဦးနှင့် သေဆုံးသွားသည့် အမျိုးသမီး ၂၄၁ ဦး ရှိကြောင်း BWU ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ အချက်အလက်များမှာ မြန်မာ့အမျိုးသမီးသမဂ္ဂနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး ယခုထက် ပိုများနိုင်ကြောင်း သိရသည်။