ရုရှားနိုင်ငံခြားရေဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် ကမ္ဗောဒီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသော ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံမိတ်ဖက်နိုင်ငံအဖြစ် တက်ရောက်ရန် ရောက်ရှိနေစဉ် မြန်မာနိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ကို ရုရှားနိုင်ငံခြားရေးဌာနက Twitter မှတစ်ဆင့် တစ်ရက်အလို ဩဂုတ်လ ၂ ရက်နေ့မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ (အာဏာမသိမ်းမီ ၉ ရက်အလို) တွင် မင်းအောင်လှိုင်ကို တွေ့ရန် နေပြည်တော်သို့ ရောက်လာသော ရုရှားကာကွယ်ရေးဝန်ကြီးခရီးစဉ်အပြီး၊ အာဏာသိမ်းစစ်ကောင်စီလက်ထက် ရုရှားအစိုးရ အဆင့်မြင့်အဖွဲ့ဝင်တဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။
ဒီမိုကရေစီအရေး ဦးဆောင်ကြိုးပမ်းသူများဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားတက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်ကို သွေးစာနေသော စစ်မိစ္ဆာ မင်းအောင်လှိုင်က ကွပ်မျက်သတ်ဖြတ်လိုက်အပြီး ၁၀ ရက်အကြာ ဆာဂျေလဗ်ရောဗ် မြန်မာနိုင်ငံကို ရောက်လာခြင်း ဖြစ်သည်။
ကမ်းကုန်အောင်မိုက်နေသော မင်းအောင်လှိုင် ရုရှားမှ ပြန်လာပြီးသည်နှင့် ဒီမိုကရေစီအရေး ကြိုးပမ်းသူ ၄ ဦးကို မတရားကွပ်မျက် သတ်ဖြတ်မှု ဖြစ်ပေါ်လာသည်ကို ထောက်ရှု၍ စစ်ကောင်စီသည် ရုရှားနိုင်ငံမှ စစ်ရေးနိုင်ငံရေး အာမခံချက် ခိုင်ခိုင်မာမာရရှိလာ၍ ယခုကဲ့သို့ မိုက်မိုက်ကန်းကန်းအပြုအမူများ ပြုလုပ်သည်ဟု သုံးသပ်သူမှုများရှိသည်။
ဒီမိုကရေစီအရေး ကြိုးပမ်းသူ ၄ ဦးကို သတ်ဖြတ်ခဲ့မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးရာတွင် ထူးထူးခြားခြား ယခုတစ်ကြိမ် ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်သည် တစ်လုံးတစ်ပါဒမျှ ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ၊ တရုတ်နိုင်ငံ၏ဆွေးနွေးချက်သဘောအတိုင်း ဖြစ်သည်ဟုသာ မှတ်ချက်ပြုခဲ့ကြောင်း အဆိုပါအစည်းအဝေးအခြေအနေကို သိရှိထားသူ ကုလသမဂ္ဂအသိုင်းအဝန်းထံမှ သိရှိရသည်။
မင်းအောင်လှိုင်ကို အမြဲကာကွယ်ပေးနေသော တရုတ်နှင့် ရုရှားတို့သည် မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးတစ်ခုတည်းကို ကြည့်ပြီး နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွပ်မျက်သတ်ဖြတ်မှုကြောင့် ကမ္ဘာ့သံတမန်ရေးစင်မြင့် လုံခြုံရေးကောင်စီတွင် အကျပ်ရိုက်သွားခဲ့သည်။
လုံခြုံရေးကောင်စီက မင်းအောင်လှိုင်၏ သွေးစာနေသော ကွပ်မျက်မှုလုပ်ရပ်ကို ကြေညာချက် SC/14986 ထုတ်ပြန် ကန့်ကွက်ရှုချခဲ့မှုအပေါ် တရုတ်နှင့် ရုရှားတို့ မတတ်သာ၍ သဘောတူခဲ့ရသော်လည်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဟု ပြောခဲ့ပြီး၊ ရုရှားနိုင်ငံကမူ ယနေ့ထိ လုံးဝ ရေငုံနှုတ်ဆိတ်နေခဲ့သည်။
မင်းအောင်လှိုင်၏ အဆိုပါလုပ်ရပ်သည် မြန်မာပြဿနာကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းနေသည့် အာဆီယံအသင်းကြီး၏ “တူညီဆန္ဒ ၅ ရပ်” ကို ကြိုးစင်တင်ခဲ့ ကွပ်မျက် အဆုံးစီရင်လိုက်သကဲ့သို့ ဖြစ်သည်။
ကမ်းကုန်အောင်မိုက်နေသော မင်းအောင်လှိုင်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်အထိ သွားရောက် တွေ့ဆုံခြင်းက “မိစ္ဆာမိတ်ဖက်” (Axis of Evil) ဆက်ဆံရေးတည်ဆောက်ရန် သွားရောက်ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်မရှိနိုင်ပါ။
နိုင်ငံတကာနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော ရုရှားနှင့် မြန်မာ
၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုင်းပြည်အတွင်း စစ်အာဏာသိမ်းပြီး ကိုယ့်ပြည်သူများကို ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုကြောင့် ပြည်သူတစ်ရပ်လုံးက တော်လှန်ပုန်ကန်နေသဖြင့် ဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနေသော မြန်မာစစ်ခေါင်းဆောင်နှင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီး နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော ရုရှားတို့၏ အပြန်အလှန်အကျိုးစီးပွားတွေက မည်သည့်အရာများ ဖြစ်နိုင်သနည်း။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ခရီးစဉ်အတွင်း ဆွေးနွေးမည့်အကြောင်းအရာများမှာ နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးကြီးသော ကိစ္စရပ်တို့ကို ဆွေးနွေးကြမည်ဟု ဖော်ပြထားသည်။
အမှန်အားဖြင့် မြန်မာသည် ရုရှားနှင့် မိုင်ပေါင်းထောင်ချီကွာဝေးသော အိန္ဒိယသမုဒ္ဒရာဘက် မျက်နှာမူထားသည့် အရှေ့တောင်အရှနိုင်ငံငယ်တစ်ခုဖြစ်ပြီး၊ ရုရှားအတွက် ပထဝီအနေအထားအရ မဟာဗျူဟာကျသောနေရာ (Geo-strategic Position) တစ်ခုမဟုတ်ပါ။
လတ်တလော ဒေသတွင်းနိုင်ငံရေးအရ အလွန်အကဲဆတ်နေသည့် ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ်အရေးတို့သည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်နေပြီး၊ ရုရှားနှင့် မဆိုင်လှသလို မြန်မာနှင့် ပထဝီအနေအထားအရ မည်သို့မျှ မသက်ဆိုင်လှပါ။ သို့ဆိုလျှင် ရုရှားက မြန်မာဆီက မည်သည့်အရာကို လိုချင်၍ ဆာဂျေလဗ်ရောဗ် နေပြည်တော်အထိ လာရသနည်း။
ရုရှားသည် ၎င်း၏ မဟာရန်သူဖြစ်သော အမေရိကန်ကို အာခံဆန့်ကျင်သော မည်သည့်နိုင်ငံကိုမဆို မဟာမိတ်ဖွဲ့ရန် ကြိုးစားနေသည်။ အထူးသဖြင့် ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးကတည်းက ကမ္ဘာကြီး၏ ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုခံနေရသော ရုရှားသည် စစ်အေးခေတ်နည်းလမ်းအတိုင်း အမေရိကန်ဆန့်ကျင်ရေးအုပ်စုကို အရှေ့တောင်အာရှဒေသတွင် တရုတ်နှင့် ပူးပေါင်းပြီး ထူထောင်ရန် ကြိုးစားနေပုံရသည်။
အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ဖိအားပေးမှုကို ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် ရုရှားလိုချင်သော မိတ်ဖက်ဖြစ်သည်။ သို့သော် ရုရှားက မြန်မာကို လိုအပ်သည်ထက် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက ရုရှားကို လိုအပ်သည်က ပို၍များပါသည်။
အာဏာသိမ်းမှုကြောင့် ကမ္ဘာကြီး၏ ဖယ်ကြဉ်ခြင်းခံထားရပြီး၊ အမေရိကန်နှင့် မဟာမိတ်များ၏ သံတမန်ရေးနှင့် စီးပွားရေး ပိတ်ဆို့ဖိအားပေးမှုများကို အာခံရန် အားကိုးရှာနေသော မင်းအောင်လှိုင်အတွက်လည်း မည်သည့်နည်းဖြင့်ဖြစ်စေ ရုရှား၏ ကာကွယ်ပေးမှုကို ရရှိရန် အရေးတကြီး လိုအပ်နေသည်။
၁၉၉၀ ခုနှစ်များကတည်းက မြန်မာစစ်တပ်မှ အရာရှိများကို အဓိက လေ့ကျင်ပေးခဲ့သော ရုရှားသည် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း မြန်မာကို ခေတ်မီတိုက်လေယာဉ်များနှင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ စသည့် မဟာဗျူဟာမြောက်လက်နက်ရောင်းချနေသော နိုင်ငံဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်နေချိန်တွင် ၎င်း၏ အရှေ့တောင်အာရှဒေသက လက်နက်ဖောက်သည်နိုင်ငံ (Client State) ဖြစ်သော မြန်မာကြောင့် ဒေသတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်နေခြင်းကို အသုံးချပြီး၊ အမေရိကန်နှင့် မဟာမိတ်များကို ရသည့်နည်းလမ်းဖြင့် နှောင့်ယှက်လိုသော ၎င်း၏ အဖျက်ဩဇာကို ထူထောင်ရန် ကြိုးစားနေဟန်ရှိသည်။
ထိုသို့ရည်ရွယ်ပါက မြန်မာ့အရေးသည် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုမှ အာဆီယံအသင်းကြီး စိုးရိမ်သကဲ့သို့ ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လာခြင်းကနေ အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးကစားကွက်ထဲက နယ်ရုပ်တစ်ခုအဖြစ် တဖြည်းဖြည်းရောက်လာနိုင်ခြေ များနေပြီဖြစ်ကြောင်း လေ့လာ သုံးသပ် တွေ့ရှိရသည်။
Source – Myanmar Now