မနက်မိုးလင်းလို့အိပ်ရာနိုးတာနဲ့ပထမဆုံးစဉ်းစားရတာကဆိုင်ကယ်ဆီဘယ်မှာလွယ်လွယ်ကူကူထည့်လို့ရမလဲဆိုတာပဲ။မန္တလေးမှာဒီရက်ပိုင်းဆီဆိုင်တွေအတော်များများဆီမရောင်းကြတော့ဘူး။DENKO BOCစတဲ့ဆိုင်ကြီးတွေလောက်ပဲဖွင့်လှစ်ရောင်းချပေးတယ်။ထိုဆိုင်တွေမှာလဲဆိုင်ကယ်တွေ၊ကားတွေကြိတ်ကြိတ်တိုးပဲ။အဲ့ဒီတော့အွန်လိုင်းပေါ်မှာဘယ်ဆိုင်အဆင်ပြေနိုင်မလဲအရင်လေ့လာရတယ်။ပြီးရင်အဆင်ပြေတဲ့ဆိုင်တစ်ခုခုမှာသွားတန်းစီရတယ်။တန်းစီရတာလဲအတော်စိတ်ညစ်ဖို့ကောင်းတယ်။မိုးရာသီဆိုပေမယ့်မန္တလေးရာသီဥတုကမိုးရွာတဲ့အချိန်လောက်ပဲအေးပြီးအချိန်တိုင်းပူနေတာလေ။နေပူပူအောက်မှာအချိန်ကုန်ခံ၊အလုပ်ပျက်ခံပြီးဆိုင်ကယ်ဆီရဖို့အရေးပင်ပန်းကြီးစွာတန်းစီရတယ်။ဒါတောင်အချို့ဆိုင်တွေကဆီတိုင်ကီအပြည့်ဖြည့်လို့မရပဲခွဲတန်းနဲ့သာရောင်းချပေးတယ်။ကိုယ့်အလှည့်ရောက်ခါနီးမှဆီကုန်သွားရင်တော့ပင်ပန်းထားသမျှအလကားပဲ။အဲ့ဒီလိုမှတန်းမစီချင်တော့အပြင်ကမှောင်ခိုဆိုင်လေးတွေမှာဈေးကြီးပေးပြီးဝယ်သုံးရတယ်။
အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မရှိတဲ့မန္တလေးမှာသွားရေးလာရေးအတွက်ဆိုင်ကယ်ကအသက်ပဲ။ဆိုင်ကယ်မရှိရင်ခြေထောက်ပြတ်သလိုပဲ။အခုတော့တမြို့လုံးကပြည်သူတွေမကြုံစဖူးဒုက္ခတွေခံစားနေရပြီ။ဒီနှစ်ထဲမှာစက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လေ့ရှိပေမယ့်တရက်နှစ်ရက်လောက်ဆိုပြန်အဆင်ပြေသွားတတ်တယ်။အခုတကြိမ်ကတပတ်လောက်ကြာနေပြီ။ဒီတိုင်းဆိုအိမ်မှာချောင်ထိုးထားတဲ့စက်ဘီးလေးကိုပြန်ထုတ်စီးရတော့မလားပဲ။