စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကဒေါ်လာရည်ညွှန်းဈေးနှုန်းကို၁၈၅၀ကျပ်မှ၂၁၀၀ကျပ်ကိုပြောင်းလဲလိုက်ပြီးနောက်စက်သုံးဆီဈေးတွေသုံးရက်အတွင်းတစ်လီတာကျပ်ငါးရာခန့်ခုန်တက်ကုန်တယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်ပကနေစက်သုံးဆီတင်သွင်းမှုကိုလျော့ချဖို့ပြောလိုက်တော့အခြေအနေတွေကပိုဆိုးကုန်တာပေါ့။ဒီနေ့အထိဈေးတွေဆက်တက်နေတုန်းပဲ။
ရန်ကုန်မှာတောင်ဆိုင်ကြီးတွေမှာစက်သုံးဆီကိုမနက်ပိုင်းပဲဝယ်လို့ရတယ်။ညနေပိုင်းလောက်ဆိုဆီဆိုင်တွေအတော်များများမှာဆီမကျန်တော့ဘူး။နယ်မြို့ကြီးတွေမှာလဲသယ်ယူပို့ဆောင်စားရိတ်တွေထပ်ပေါင်းတာကြောင့်စက်သုံးဆီတွေပြတ်လပ်ကုန်ပြီ။မန္တလေးလိုမြို့ကြီးမှာတောင်ဆီဆိုင်ကြီးနှစ်ဆိုင်လောက်ပဲရောင်းနိုင်တော့တယ်။ကျန်တဲ့ဆိုင်တွေအကုန်ဆီမရှိလို့ပိတ်ကုန်ပြီ။မန္တလေးဟာဆိုင်ကယ်မြို့တော်ဖြစ်တဲ့အတွက်တမြို့လုံးဒုက္ခရောက်ကုန်ပြီ။အပြင်မှောင်ခိုဆီဆိုင်လေးတွေကနေတစ်လီတာ၅၀၀၀လောက်နဲ့ဝယ်သုံးနေရပြီ။ရှမ်းပြည်နယ်တို့ပူတာအိုတို့မှာဆိုတစ်လီတာကိုကျပ်တစ်သောင်းနားကပ်နေပြီ။
စစ်ကောင်စီဟာပြည်ပကနေစက်သုံးဆီတင်သွင်းဖို့ဒေါ်လာအလုံအလောက်မထုတ်ပေးနိုင်တော့ဘူး။လုပ်ငန်းရှင်တွေကလဲအပြင်ဈေးကွက်ကနေဒေါ်လာဝယ်ပြီးမတင်သွင်းနိုင်ဘူး။ဒါကြောင့်ရန်ကုန်ဆိပ်ကမ်းမှာဆီတင်သင်္ဘောကြီးတွေရောက်နေပေမယ့်လဲငွေချေစရာဒေါ်လာမရှိဖြစ်နေတယ်။