ယနေ့ (ဇူလိုင် ၂၁) ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်အရ ဆင်းရဲနွမ်းပါးသူဦးရေ ၄၀ ရာခိုင်နှုန်းရှိသွားပြီဖြစ်ရာ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေသန်း ၅၀ ကျော်ရှိ မြန်မာနိုင်ငံတွင် လူသန်း ၂၀ နီးပါး ဆင်းရဲသွားသည်။
လူတစ်ဦး တစ်နေ့ဝင်ငွေ အမေရိကန်တစ်ဒေါ်လာ (၁ ဒသမ ၉ ဒေါ်လာ) အောက် ရောက်ရှိပါက ဆင်းရဲနွမ်းပါးသူဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတ်မှတ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀ ခန့်ပင် မပြည့်သူ သန်း ၂၀ နီးပါးရှိနေသည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် မြန်မာနိုင်ငံ၏ အနေအထားမှာ လွန်ခဲ့သော ၁၅ နှစ်ကျော် နအဖအစိုးရလက်ထက်အခြေအနေကို ပြန်ရောက်သွားသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအဟောင်းများအရ နအဖအစိုးရလက်ထက် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၄၈ ရာခိုင်နှုန်းရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ အဆိုးရွားဆုံးစီးပွားရေးအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး ခုနှစ်တွင်လည်း အခြားနိုင်ငံများထက် နောက်ကျကျန်နေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် Mariam Sherman က ဆိုသည်။
“ဒီအခြေအနေက ဆက်သွားနေဦးမယ်”
ပဋိပက္ခများအကြား စားနပ်ရိက္ခာနှင့် ဆင်းရဲမွဲတေမှုကို တွန်းလှန်လျက် ဝင်ငွေကျဆင်းနေသော မြန်မာပြည်သူများ၏ ခံနိုင်ရည်ရှိမှုကို စမ်းသပ် မြန်မာပြည်သူများ၏ ခံနိုင်ရည်ကို စမ်းသပ်အနေအထားဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က ပြောသည်။
ငွေကြေးဖောင်းပွမှုက စီးပွားရေးလုပ်ငန်းအားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ စားသုံးဈေးဆနှုန်း (CPI) အရ ငွေကြေးဖောင်းပွမှုမှာ ပြီးခဲ့သည့်မတ်လ၌ပင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်က ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ၁၈ ရာခိုင်းနှုန်းအထိ ကျုံ့ဝင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ လာမည့်စက်တင်ဘာလတွင် ဘဏ္ဍာနှစ် ကုန်ဆုံးမည်ဖြစ်သည်။
မြန်မာ့စီးပွားရေးအခြေအနေမှာ ယခုနှစ်အစပိုင်းကတည်းက အတောမသတ်သော ရိုက်ခတ်မှုများ ရင်ဆိုင်ခဲ့သည်ဟုလည်း ယနေ့ထုတ်ပြန်သော စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဖွင့်ဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ချိန်တွင် အာဏာရှင်အုပ်စိုးမှု အဆုံးသတ်ပြီဆိုသော ယူဆချက်ဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကမ္ဘာ့ဘဏ်ကဲ့သို့ ဖွံ့ဖြိုးမှုအကူအညီပေးရေးအဖွဲ့အစည်းများ မြန်မာနိုင်ငံ ဝင်ရောက်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ခဲ့သော ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းများရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေခြင်းကြောင့် ပြီးခဲ့သည့်လဆန်းပိုင်းက ထုတ်ပြန်ချက်တွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအခြေအနေကို ခန့်မှန်းခဲ့ခြင်း မရှိပေ။
Source – Myanmar Now