ဒီရက်ထဲ နိုင်ငံခြားသုံးငွေကန့်သတ်ချက်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အမိန့်စာတွေဟာ အရမ်းကြောက်စရာကောင်းတယ်။ကုမ္ပဏီတွေရဲ့နိုင်ငံခြားဘဏ်အကောင့်တွေထဲက နိုင်ငံခြားငွေတွေကို မြန်မာငွေပြောင်းခိုင်းတယ်။ ဗဟိုဘဏ်က၁၈၅၀နဲ့ဖြတ်ယူလိုက်တယ်။ကုမ္ပဏီတွေကနိုင်ငံခြားကုမ္ပဏီတွေကို ငွေပြန်ပို့ရတဲ့အခါ ၁၈၅၀ စျေးနဲ့ ဖြတ်ယူခံလိုက်ရတဲ့ မြန်မာငွေတွေကို ပြင်ပကနေ ၂၂၀၀ စျေးနဲ့ ပြန်ဝယ်ပြီး ပို့ရတော့တယ်။ ကုမ္ပဏီတစ်ခုရဲ့ လည်ပတ်စီးဆင်းငွေဟာ ကုမ္ပဏီရဲ့ အကြီးအသေးပေါ်မူတည်ပြီး ဒေါ်လာသောင်းဂဏန်းကနေ သိန်းဂဏန်း၊ သန်းဂဏန်းရှိတယ်။ တစ်ဒေါ်လာကို တစ်ရာဟရင်ကို အများကြီးထိနေပြီ။ တစ်ဒေါ်လာကို ၂၀၀ ကနေ ၄၀၀ ကြား ဟလာတဲ့အခါ ကုမ္ပဏီတွေ ရင်ဆိုင်ရတဲ့အရှုံးက အလုပ်မလုပ်ဘဲထိုင်စားနေတာထက် ပိုထိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ ရှင်းပါတယ်။ ထွက်သွားကြရုံအပြင် ဘာမှမှ မရှိတာ။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေကို ရွှေ့ကြမယ်။ လုပ်ငန်းတွေ ထွက်သွားတဲ့အတွက် ပြည်တွင်းမှာ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ကြမယ်။ Cash Flow က ပြန်နှေးသွားမယ်။ စီးပွါးက ပိုကျလာမယ်။ ပိုဆိုးတာက နိုင်ငံခြားကြွေးမြီမဆပ်ကြဖို့ ညှိကြဖို့ဆိုတဲ့ကိစ္စပဲ။ ကြွေးမဆပ်ရင် ပစ္စည်း မပို့ဘူးလေ။ ပစ္စည်းမပို့ရင် ကုန်ကြမ်းကအစ ပြည်ပသွင်းကုန်ကို 100% မှီခိုရတဲ့ မြန်မာနိုင်ငံက ဘာဆက်ဖြစ်ဖို့ပဲ ရှိတော့လဲ။ ပြည်ပသွင်းကုန်တွေ ရပ်မယ်၊ အကျိုးဆက်က ဘာထွက်ကုန်မှ မရှိတော့ဘူး။ ပြည်ပကသွင်းတဲ့ ဆေးဝါး၊ အစားအစာ၊ အဝတ်အစား၊ လောင်စာဆီ အစစအရာရာ ရှားပါးမယ်။ အလုပ်လက်မဲ့ဦးရေအများကြီးတိုးလာချိန် အစစအရာရာစျေးကြီးပြီဆို ငတ်ကြမယ်၊ လုကြ၊ ယက်ကြ၊ သတ်ကြ၊ ဖြတ်ကြ ဖြစ်ကြမယ်။ ဒီအမိန့်စာရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာမယ့်ပြိုလဲမှုတွေက နောက်နှစ်လသုံးလအတွင်းပဲ။ ဒီအခြေအနေတွေ နောက်ဆုံးထိ ဒီစီမံမှုအလွဲနဲ့ ဆက်သွားမယ်ဆိုရင် သီရိလင်္ကာပြီး နောက်တစ်နိုင်ငံဟာ မြန်မာပြည်ပဲ။