၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဥပေက္ခာပြုပြီး မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံအနှံ့မှ ပြည်သူများနည်းပေါင်းစုံဖြင့် တော်လှန်နေကြရာ နိုင်ငံ၏ဒေသအချို့မှာ တော်လှန်ရေးနယ်မြေဖြစ်လာကြသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်တို့သည် လက်နက်ကိုင် ခုခံအားကောင်းသည့် တိုင်းနှင့် ပြည်နယ်များဖြစ်သလို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်လည်း ပြောက်ကျားစနစ်ဖြင့် စစ်အာဏာရှင်ကို တော်လှန်နေကြသည်။ ထိုအထဲ မန္တလေးမြို့လယ်တွင်ရှိသည့် မဟာအောင်မြေမြို့နယ်သည်လည်း အာဏာရှင်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီတပ်သားများက အကြမ်းဖက်ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းတို့ မဟာအောင်မြေမြို့နယ်အတွင်း စတင်ပေါ်ပေါက်လာချိန်တွင် မဟာအောင်မြေသည် မူလအမည်နှင့် မလိုက်ဖက်အောင်ပင် မတရားမှုကို တော်လှန်သည့်နယ်မြေ ဖြစ်လာတော့သည်။
စစ်ကောင်စီ အာဏာသိမ်းပြီး ရက် ၂၀ အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင်ဖြစ်သည်။ မန္တလေးမြို့၏တောင်ဘက် မဟာအောင်မြို့နယ်ရှိ ကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းဝန်ထမ်းများက အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အလုပ်မဆင်းဘဲ နေခဲ့ကြသည်။
သို့သော် စစ်ကောင်စီတပ်သားများက ရေကြောင်းဝန်ထမ်းများကို သင်္ဘောများထွက်ခွာရန် ဖိအားပေးစေခိုင်းနေသည်။ ထိုသတင်းကို ကြားရသည့် မဟာအောင်မြေဒေသခံတို့ မခံမရနိုင်ဖြစ်ကြကာ သင်္ဘောကျင်းရှေ့သို့ လူထောင်နှင့်ချီသွားရောက်ပြီး ကန့်ကွက်ဆန္ဒပြကြတော့သည်။
“အဲဒီတုန်းက ကျွန်တော်တို့ ကြွေးကြော်တောင်းဆိုခဲ့ကြတာက သင်္ဘောမထွက်ရေး ဝန်ထမ်းတွေကို လက်နက်နဲ့ အတင်းအကျပ်ဖိအားပေးနေလို့ သွားစုဝေးခဲ့ကြတာ။ ဒါပေမဲ့ သူတို့တုံ့ပြန်မှုက မထင်မှတ်ခဲ့ဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုလင်းက အဖြစ်အပျက်ကို ပြန်ပြောရင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ထိုနေ့က အင်အားထောင်ချီသည့် လူအုပ်ကြီးကို စစ်ကောင်စီက အကြမ်းပတမ်း ဖြိုခွင်းခဲ့သည်။
ရာဘာကျည်များဖြင့် စတင်ပစ်ခတ်ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့နောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ကျည်အစစ်တို့ဖြင့်ပါ အကြမ်းဖက်ဖြိုခွင်းချိန်တွင် မဟာအောင်မြေဒေသခံများ ရှိရာလက်နက်များဖြစ်သော လောက်လေးခွများ၊ ခဲများဖြင့် ခုခံကြသည်။
နှစ်ဖက်ထိပ်တိုက် ပဋိပက္ခတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့ အင်အားမမျှသော်လည်း ဒေသခံတို့က အပြင်းအထန်ခုခံခဲ့ကြသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်သားအချို့က သေနတ်များဖြင့် ဆန္ဒပြသူများကို စတင်ပစ်ခတ်တော့သည်။
စစ်ကောင်စီတပ်သားတို့၏ ပစ်ခတ်မှုကြောင့် ကမ်းနားလမ်းနေ အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်းအမည်ရှိ လူငယ်တစ်ဦးနှင့် စိန်ပန်းရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် ကိုမင်းမင်းတို့ သေဆုံးခဲ့သည်။
“စနိုက်ပါနဲ့ကို သူတို့ပစ်ခဲ့တာကလေးကို ကျွန်တော်တို့က ရာဘာကျည်ပဲ ထင်ပြီး လောက်လေးခွနဲ့ ပြန်ပစ်ကြတာပေါ့။ ဒီလောက်ထိလည်း လုပ်မယ်ထင်မထားဘူး ဝေယံထွန်းလေးကို မှန်သွားမှ ဟာခနဲဖြစ်သွားတယ်၊ ဘာလို့ဆိုတော့ ခေါင်းတစ်ခုလုံး မွကြေတဲ့အထိ ရက်ရက်စက်စက် လုပ်ခဲ့တာ” ဟု ကိုလင်းက ပြောသည်။
သေဆုံးသူ လူငယ်သည် ကမ်းနားလမ်းဈေးတွင် ကုန်စိမ်းထမ်းသည့် အလုပ်လုပ်ကိုင်သည်။ ယင်းနေ့က မွေးစားမိခင်ဖြစ်သူထံ “သား ကုန်စိမ်းထမ်းသွားဦးမယ်” ဆိုကာ ထွက်လာခဲ့ပြီး ဈေးရှေ့တွင်ပင် စစ်ကောင်စီ လက်ဖြောင့်စနိုက်ပါသမားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
“ဒီ ၁၆ နှစ်အရွယ် ကလေးလေးက သူ့မှာ နိုင်ငံရေးနဲ့ ပတ်သတ်လို့ ခံယူချက်တော့မရှိဘူးပေါ့ဗျာ။ ဒါပေမဲ့ တရားတာရယ်၊ မတရားတာရယ်တော့ သူသိတယ်။ ဒီအာဏာသိမ်းမှုဖြစ်စဉ်ကြီးကို သူမတရားမှန်းသိတယ်။ ဒါကြောင့် ဆန္ဒထွက်ထွက်ပြတတ်တယ်” ဟု ကိုလင်းက ဆိုသည်။
အရွယ်နှင့် မမျှအောင် အလုပ်ကြိုးစားသူ အများကို ကူညီတတ်၍ စိတ်ထားရည်မွန်သူ မိဘလုပ်ကျွေးသူ စသဖြင့် နာမည်ကောင်းရှိသည့် ထိုလူငယ်ကို ကမ်းနားလမ်း ကုန်စိမ်းဈေးတစ်ခုလုံးက မသိသူ မရှိသလောက်ဖြစ်သလို ချစ်လည်း ချစ်ခင်ကြသည်။ ထိုလူငယ်ကျဆုံးသည်ကို အစွဲပြု၍ ကမ်းနားလမ်းကုန်စိမ်းဈေးကို “ဝေယံထွန်းဈေး” ဟု အာဏာသိမ်းစစ်ကောင်စီက အသိအမှတ်မပြုသည့်တိုင် မြို့ခံများက ပြောင်းလဲခေါ်ဝေါ် ဂုဏ်ပြုထားသည်။
စိန်ပန်း မဟုတ်တဲ့ ငရဲခန်း
၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက် မန္တလေးမြို့၏ နွေနေပူပူတွင် ထောင်နှင့်ချီသော မဟာအောင်မြေ မြို့နယ်သူမြို့နယ်သားတို့ စိန်ပန်းရပ်ကွက်အတွင်း စုရုံးရောက်ရှိနေကြသည်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လုံခြုံရေးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကိုဖုန်းမော်ကွယ်လွန်ခြင်း ၃၃ နှစ်မြောက်အထိမ်းအမှတ်နှင့် အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်ရန် ရောက်နေကြခြင်းဖြစ်သည်။
“စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး”၊ “ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဒို့အရေး” ဟူသော ကြွေးကြော်သံများဖြင့် တက်ကြွနေသည့် စိန်ပန်းထိုင်သပိတ်မှာ စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် ငရဲခန်းအဖြစ် တစ်မုဟုတ်ချင်း အသွင်ပြောင်းသွားသည်။
စစ်ကောင်စီလက်နက်ကိုင်များက စိန်ပန်းရပ်ကွက် ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော လန်ဒန်ဝင်း၊ တို့ဟူးကျော်တန်းတစ်လျှောက်တို့ကို ပိတ်ဆို့၍ နေအိမ်များအတွင်း ပစ်ခတ်ဖြိုခွင်းခဲ့သည့်နည်းတူ ရိုက်နှက်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
“အဲဒီနေ့က ကျွန်တော်ကိုယ်တိုင် စစ်ကြောင်းနဲ့အတူ ပိတ်မိခဲ့တဲ့နေ့ပါ။ ဖြိုခွင်းခံရတဲ့အချိန်မှာ ပြေးလို့မရတော့ဘူး အခြေအနေမဟန်တော့ဘူးဆိုတာ သိလိုက်တဲ့အချိန် လာလာ ဝင်ခဲ့ကြကလေးတို့ဆိုတဲ့ အိမ်လေးထဲကို ပစ်ဝင်လိုက်ရတယ်” ဟု မန္တလေးမြို့ခံ သတင်းထောက်အမျိုးသမီးတစ်ဦးက အဖြစ်အပျက်ကို ပြန်ပြောပြသည်။
ယိုင်နဲ့နဲ့ ထရံကာ နှစ်ထပ်အိမ် ခပ်ကျဉ်းကျဉ်းအိမ်လေးတွင် သတင်းထောက်အမျိုးသမီးရောက်ရှိသွားချိန် ၎င်းနည်းတူ လာရောက်ပုန်းခိုနေသည့် လူငယ် ၁၀ ယောက်ခန့်ကို တွေ့ရသည်။ အိမ်ရှင်အဘွားအိုတစ်ဦးက ၎င်းတို့၏ ဖိနပ်များကိုစောင်ဖြင့် ပတ်ကာ အိမ်အပေါ်ထပ်တွင် ဝှက်ပေးခဲ့ပြီး ပုန်းခိုစေခဲ့ကြောင်း ယင်းသတင်းထောက်က ဆက်ပြောသည်။
“ကျွန်တော့်ဘဝရဲ့ မမေ့နိုင်ဆုံးနေ့ပါပဲ အသက်အန္တရာယ်နဲ့ နီးခဲ့ရတဲ့နေ့ အိမ်အပေါ်ထပ် အခန်းကျဉ်းလေးထဲမှာ တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်၊ တစ်ယောက်အသက်ရှူသံ တစ်ယောက်ကြားနေရတယ်။ အပြင်မှာလည်း ပစ်နေတာက အချက်ရေ ၃၀ ကျော်ပြီ။ အာခေါင်ခြစ် အော်ငိုသံတွေ၊ ဆင်းခဲ့စမ်း လက်နောက်ပစ်ဆိုပြီး ရိုက်နှက်နေတဲ့အသံတွေ၊ တကယ့်ကို သွေးပျက်စရာပါဘဲ” ဟု ၎င်းက ဆိုသည်။ ယင်းနောက် သူတို့ပုန်းခိုနေသည့် နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရောက်လာမီ စွန့်စား၍ ထွက်ခဲ့ကြရသည်။
၎င်းတို့ပုန်းခိုခဲ့သည့် နေအိမ်၏ လမ်းတစ်ဖက်ခြမ်း လမ်းကြားအဆုံးတွင် ပုန်းခိုနေသည့် လူငယ် ၁၀ ယောက်ကျော်ကို စစ်ကောင်စီ၏သတင်းပေးက ညွှန်ပြခြင်းကြောင့် ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟုလည်း သူက ဆိုသည်။ ပုန်းခိုရန် နေရာပေးခဲ့သည့် အိမ်ရှင်ဖြစ်သူ “ဒေါ်ပြုံး” ဆိုသည့် အမျိုးသမီးကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။
“အမေကြီးက အဲဒီကလေးတွေကို ထုတ်ပေးဆိုပြီးတော့ တောင်းပန်ပြီးပြောတယ်။ ပြောတော့ ဦးခေါင်းကို ပစ်ထည့်လိုက်တယ်။ အိမ်ပေါ်မှာ ပုန်းနေတဲ့ ကလေးတွေက အိမ်ရှင်အမေကြီး သူတို့ကို ကာကွယ်ပေးရင်း ဒီလိုဖြစ်တော့ ထွက်အဖမ်းခံလိုက်ကြတယ်။ ခုတင်အောက်မှာ ပုန်းနေသူ ၇ ဦးလောက်ပဲ လွတ်မြောက်ခဲ့တယ်” ဟု ရက်ကွက်ရှိ မျက်မြင်သက်သေတစ်ဦးက ဆိုသည်။
ယင်းနေ့က ဒဏ်ရာရ လူနာများကို ဆေးကုသပေးနေသည့် “ဗြမ္ဗာစိုရ်” လူမှုကူညီရေးအသင်းသို့ အထက်ပါသတင်းထောက် ရောက်ရှိသွားချိန်တွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည့် ရုပ်အလောင်းများ၊ သွေးထွက်သံယို အော်ဟစ်နေကြသူများ၊ ဒဏ်ရာရသူများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
“အဲဒီနေ့က တစ်နေ့လုံး ထမင်းမစားနိုင်ဘူး။ အဲဒီမြင်ကွင်းတွေကို ပြန်မြင်ပြီး အိမ်ရောက်တော့ ခေါင်းကို ရေနှစ်လိုက် အော်လိုက်၊ အရူးတစ်ယောက်လိုပဲ အော်ငိုမိတယ်။ အဲဒီနေ့က ဘာသတင်း ဘာစာမှလည်း ကျွန်တော် မရေးနိုင်တော့ဘူး။ တကယ့်ကို ငရဲခန်းကြီးတစ်ခုကို ကျွန်တော်ဖြတ်သန်းခဲ့ရတာ” ဟု သူက ဆိုသည်။
ထိုနေ့က ထောင်နှင့်ချီသောပြည်သူများ၏ ထိုင်သပိတ်ကို စစ်တပ်နှင့် ရဲက အင်အားသုံးပိတ်ဆို့ကာ နံနက် ၁၀ နာရီကျော်မှ ညနေ ၄ နာရီကျော်အထိ ပစ်ခတ်ဖြိုခွင်းရာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။
အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ပွဲချင်းပြီးသေဆုံးသူတို့ကို လူမှုကူညီရေးအသင်းများက နေအိမ်သို့ လိုက်လံပို့ဆောင်ပေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုပ်အလောင်းအချို့ကို ယူဆောင်ဖျောက်ဖျက်ခဲ့သည့်အတွက် ဒဏ်ရာရသေဆုံးသူ အတိအကျ မသိရတော့ပေ။ သို့သော် ရုပ်အလောင်းပြန်ရသူ ၅ ဦးကို Myanmar Now က အတည်ပြုနိုင်ခဲ့သည်။
မဟာအောင်မြေရဲ့ တုံ့ပြန်မှုများ
ထိုကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်ဖြေရှင်းမှုအပြီး မဟာအောင်မြေနယ်မြေအတွင်း တုံ့ပြန်မှုများ စတင်လာသည်။ ရက်ကွယ်ငယ် ၁၈ ခုဖြင့် ဖွဲ့စည်းထားသော မဟာအောင်မြေ သံနောက်ရပ်ကွက်ကြီး၏ အုပ်ချုပ်ရေးရုံးသည် မည်သူမည်ဝါ၏ လက်ချက်မှန်းမသိရဘဲ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ရုံးလုံး မီးလောင်ကျွမ်းခဲ့သည်။
ထို့နောက် လအနည်းငယ်အကြာ မဟာအောင်မြေမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးရုံးကို ပြန်လည်တည်ဆောက်သည်။ သို့သော် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ယင်းရုံးကို ဆက်လက်မဆောက်လုပ်နိုင်ရန် သတိပေးဖောက်ခွဲမှု အောက်တိုဘာလတွင် စတင်ပြုလုပ်ခဲ့သည်။
“ရပ်ကွက်ကလည်း ဒီရုံးလည်ပတ်မှာကို မနှစ်မြို့ဘူး။ ဒီအတိုင်းပဲ ဆောက်လက်စနဲ့ ရပ်ထားရတယ်။ သူတို့က ဆောက်လိုက် ဗုံးကွဲလိုက်ပေါ့” ဟု သံနောက်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ Myanmar Now က စုံစမ်းထားသော အချက်အလက်များအရ အာဏာသိမ်းပြီးနောက် မဟာအောင်မြေ သံနောက်ရပ်ကွက်ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုသည် ၈ ကြိမ်ထက်မနည်း ရှိသည်။
စစ်အုပ်ချုပ်ရေးကို အသက်သွင်းသည့် လူပုဂ္ဂိုလ်များ၊ စစ်တပ်ဒေါက်တိုင်များ၊ ၎င်းတို့ကို အထောက်အပံ့ပေးသူများကို ဒေသကာကွယ်ရေးတပ်များက လက်တုံ့ပြန်သည့်အနေဖြင့် ပြန်လည်တိုက်ခိုက်လာကြသည်။ ထိုအထဲတွင် မန္တလေးမှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများလည်း သတ်ဖြတ်ခံခဲ့ကြရသည်။
စစ်ကောင်စီကလည်း ယင်းတို့အုပ်ချုပ်ရေးယန္တရား လည်ပတ်ပေးစေသည့် အုပ်ချုပ်ရေးမှူးများကို စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ် ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ တနံတလျားရှိ အုပ်ချုပ်ရေးမှူးပေါင်း ၄၀၉ ဦးကို အဆိုပါ ဆုတံဆိပ်ပေးခဲ့သည်ကို Myanmar Now က လေ့လာတွေ့ရှိရသည်။ ထိုအထဲတွင် မဟာအောင်မြေမြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူး ၆ ဦး ရဲဗလဆုတံဆိပ် ရခဲ့သည်ကို တွေ့ရသည်။
Myanmar Now မှ စုံစမ်းရရှိမှုအရ မဟာအောင်မြေမြို့နယ်မှ အရာတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဟေမမာလာအုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၊ လျှပ်စစ်ဝန်ထမ်းနှစ်ဦး၊ ရဲတစ်ဦး၊ စစ်ကောင်စီမှ တပ်ကြပ်တစ်ဦးနှင့် ဒလန်ဟု စွပ်စွဲခံရသူအချို့ သတ်ဖြတ်ခံခဲ့ရသည်။ မြို့နယ်အတွင်း စစ်တပ်ထောက်တိုင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကျော်သူ လန်ဒန်ဝင်းရပ်ကွက်အုပ်ချုပ်ရေးမှူးသည် သေနတ်ဖြင့်တစ်ကြိမ် ပစ်ခတ်ခံခဲ့ရသလို နေအိမ်လည်း ဗုံးခွဲတိုက်ခိုက်ခံရသည်။
မဟာအောင်မြေ ကျောက်ဝိုင်း၏ အန်တုမှုများ
မဟာအောင်မြေ၏ အထင်ကရထဲမှ တစ်ခုဖြစ်ပြီး ယခင်က ကျောက်ဝယ်၊ ကျောက်ရောင်းသူများဖြင့် စည်ကားလေ့ရှိသည့် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မဟာအောင်မြေကျောက်မျက်ဝိုင်းသည်လည်း အာဏာသိမ်းအပြီးနောက် ပိတ်သိမ်းခဲ့ကြသည်။ လအနည်းငယ်အကြာတွင် ထိုကျောက်ဝိုင်းကို ပြန်ဖွင့်ရန် စစ်ကောင်စီက ကြိုးစားခဲ့သော်လည်း ကျောက်သမားအများစုက ဝင်ရောက်လုပ်ကိုင်ရန် ငြင်းဆန်ခဲ့ကြသည်။
ကျောက်ရောင်းဝယ်သူများက ကျောက်ပျက်ဈေးအဆောက်အအုံသို့ ဝင်ရောက်မရောင်းချဘဲ ဈေးပြင်ပြ သင်္ဂဇာချောင်းဘေးတွင် ရောင်းဝယ်နေကြရာ ဈေးအတွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် စစ်ကောင်စီက အကြိမ်ကြိမ် ခြိမ်းခြောက်ဖိအားပေးခဲ့သည်။
ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ရှိသည့် မဟာအောင်မြေကျောက်မျက်ဝိုင်းကို ပြည်တွင်းပြည်ပအရောင်းအဝယ်သမားများ လုပ်ကိုင်နေကြရာ အခွန်ငွေများစွာရရှိနိုင်ခြင်းကြောင့် စစ်ကောင်စီက ဖွင့်လှစ်စေလိုခြင်းဟု ဒေသခံများက ယူဆကြသည်။
“အဓိကက (စစ်ကောင်စီကို) အခွန်မပေးချင်တာပေါ့၊ စားဝတ်နေရေးအရ မလုပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ချောင်းဘေးမှာ ရောင်းကြဝယ်ကြတော့လည်း သူတို့ (စစ်တပ်)က မကြာခဏလာပစ်တယ်၊ ဖမ်းတယ်၊ ဝိုင်းထဲကို သွင်းတယ်” ဟု ကျောက်မျက်လုပ်ကိုင်သူ ကိုသက်က ပြောသည်။
သို့သော် ယင်းကျောက်မျက်ဈေးမှ ကျောက်ကုန်သည်အချို့ ဆိုင်ခန်းများ ပြန်မဖွင့်ဘဲ သပိတ်မှောက်တော်လှန်နေဆဲ ဆိုင်ခန်းပိုင်ရှင်များ၊ ကျောက်သမားများရှိနေဆဲဟုလည်း ကိုသက်က ဆိုသည်။ “အခုထိ သူတို့ကို အခွန်မပေးဘူး သူတို့ဖွင့်တဲ့ဝိုင်းထဲ မဝင်ဘူးဆိုတဲ့လူတွေ၊ ကျောက်ကုန်သည်တွေ၊ ဆိုင်ခန်းရှင်တွေလည်း အများကြီးရှိနေဆဲပါ” ဟု ကိုသက်က ပြောသည်။
မဟာအောင်မြေကို ခြေမချတော့သည့် စာသင်သား ရဟန်းများ
မန္တလေးဟု ဆိုလိုက်လျှင် ဗုဒ္ဓဘာသာရဟန်းများနှင့် ယင်းတို့ စာသင်ကြားလေ့ရှိသည့် စာသင်တိုက်ကြီးများကို တွဲမြင်လေ့ရှိတတ်ကြသည်။ မဟာအောင်မြေမြို့နယ်အတွင်း ထင်ရှားသည့် စာသင်တိုက်များအဖြစ် မြတောင်ကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်၊ မစိုးရိမ်တိုက်သစ်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဗန်းမော်ကျောင်းတိုက်၊ ဘုရားကြီးတိုက်တို့ ဖြစ်ကြသည်။
သို့သော် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စာသင်သားရဟန်းအချို့ ထိုကျောင်းတိုက်သို့ ရောက်မလာကြတော့ဘဲ အာဏာရှင်ကို တော်လှန်သည့် အခြေအနေတစ်စိတ်တစ်ပိုင်းအဖြစ် တွေ့မြင်ရသည်။ ရဟန်း ၁,၀၀၀ နီးပါး သီတင်းသုံးသည့် ဘုရားကြီးတိုက်တွင် ၄၈၀ ပါး၊ သံဃာ ၃,၀၀၀ နီးပါးရှိ မစိုးရိမ်တိုက်သစ်တွင် ၄၀၀ ကျော်၊ သံဃာ ၈၀၀ ဝန်ကျင်းရှိ မြတောင်ကျောင်းတိုက်တွင် ၂၁၆ ပါးသာ ရှိတော့ကြောင်း သက်ဆိုင်ရာဆရာတော်များက ပြီးခဲ့သည့်နှစ် ဩဂုတ်လက Myanmar Now ကို မိန့်ကြားထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပရိယတ္တိစာသင်တိုက်ကြီးများ အများဆုံးတည်ရှိရာ မန္တလေးမြို့တွင် စာသင်စာချ ရဟန်းအရေအတွက် ထက်ဝက်မက လျော့နည်းသွားခြင်းမှာ အာဏာရှင်ကို မနှစ်မြို့ခြင်းကြောင့် အနုနည်းဖြင့် တော်လှန်ခြင်းဟု မန္တလေးမြို့ခံ သံဃာများက ဆိုကြသည်။
သွေးမအေးမဲ့ မဟာအောင်မြေ
ပြောက်ကျားတိုက်ခိုက်မှုများဖြင့် အားကောင်းဆဲရှိသည့် မဟာအောင်မြေကို စစ်ကောင်စီကလည်း ယခုနှစ် မေလဆန်းတွင် ဖိနှိပ်မှုများ ပိုမိုပြင်းထန်လာသည်။ စိန်ပန်း၊ သံနောက်၊ အောင်ချမ်းသာ၊ စသည့် တော်လှန်မှုအားကောင်းသော ထိုရပ်ကွက်များကို ဝင်ပေါက်ထွက်ပေါက်များ လေးဖက်လေးတန် ညှပ်ပိတ်ကာ တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေခြင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ဆက်စပ်သည်ဆိုကာ ဒေသခံအများအပြားကို စွပ်စွဲဖမ်းဆီးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။
ထိုအခြေအနေတွင် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Generation Z Power – GZP ကလည်း တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ လောက်ကိုင်မြို့အခြေစိုက် အမှတ် ၃၂၂ ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ် တင်မျိုးထွေး မိခင်နေအိမ်ထံ ခွင့်ဖြင့် ခေတ္တမျှပြန်လာချိန် GZP အဖွဲ့က လုပ်ကြံခဲ့သည်။ အလားတူ ထိုရက်ပိုင်းတွင်ပင် မဟာအောင်မြေ ၃၅ လမ်း ရေကြောင်းရုံးနှင့် ကြံ့ခိုင်ရေးရုံးအနီး စစ်ကောင်စီ၏ ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြသည်။
“ကျွန်တော်တို့ မဟာအောင်မြေက ဘယ်တော့မှ သွေးအေးမှာမဟုတ်ဘူး ရရာနည်းနဲ့ တော်လှန်မယ်” ဟု မဟာအောင်မြေသားတစ်ဦးက ပြောလိုက်သည်။
Source – Myanmar Now