ဇွန် ၂၆ ည ၁၁ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင် ၁၅ ဦးခန့် လိုက်ပါလာသည့် ကား ၂ စီး တနင်္သာရီတိုင်း ကျေးလက်ဒေသကို ရောက်သွားပြီး မကြာမီ သေနတ်သံများ ထွက်ပေါ်လာသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ တောင်ဘက် ၈ မိုင်ကျော်အကွာ ထားဝယ်-ရှင်မော်ဘုရားသွား ကားလမ်းမပေါ်တွင် တည်ရှိသည့် ကဒက်ကြီးကျေးရွာမှ ကား ၂ စီး ပြန်ထွက်သွားပြီး ဒေသခံတို့ တွေ့လိုက်ရသည်မှာ သွေးအိုင်ထဲတွင် လဲကျနေသည့် အသက် ၆၀ ကျော်အရွယ် လင်မယား၏ ရုပ်အလောင်းများဖြစ်သည်။
ဦးသောင်းဝင်းမှာ မျက်လုံးနှင့် ဗိုက်၊ ဒေါ်ဝင်းအေးမှာ နောက်စေ့နှင့် ဗိုက် အနီးကပ်ပစ်ခတ်ခံထားရကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံနှင့် ရုပ်အလောင်း မျက်မြင်တွေ့ခဲ့သူများက ဆိုသည်။
“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ လမ်းဘေးမှာပဲ လင်မယားနှစ်ယောက်စလုံး လက်နောက်ပြန်ကြိုးတုပ်ပြီး သွေးအိုင်ထဲမှာ လဲနေတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အနီးကပ်ပစ်သတ်သွားသူများမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်များ၊ ပန်းဒလဲကျေးရွာမှ စစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု သူက ပြောသည်။
Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသတွင်းတော်လှန်ရေးသမားများကလည်း ထိုပစ်ခတ်မှုမတိုင်မီ စရဖကားနှင့် ပျူစောထီးကား ကဒက်ကြီးရွာဘက် မောင်းသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြသည်။
ကဒက်ကြီးရွာဖြစ်ရပ်မှာ စစ်ကောင်စီတပ်က အာဏာဖီဆန်မှု အားကောင်းသည့် လောင်းလုံးမြို့နယ်အတွင်း ဇွန်လလယ်ပိုင်းမှ အစပြု ကျူးလွန်သော သတ်ဖြတ်၊ ဖမ်းဆီး၊ မီးရှို့သည့် အကြမ်းဖက်လုပ်ရပ်များထဲမှ တစ်ခုဖြစ်လာသည်။
စစ်တပ်ကို အရှိုက်ထိုးသည့် လောင်းလုံး
ထားဝယ်ခရိုင်တွင်ရှိသည့် လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ကို အရှိုက်ထိုးနှက်နိုင်သည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။
ယခင်လတွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စခန်းကို ဝင်သိမ်းပြီး တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားသည်။ PDF တို့ကလည်း စစ်ကောင်စီတပ်သားတို့ကို ပြောက်ကျားတိုက်ခိုက်နေဆဲဖြစ်သည်။
လောင်းလုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဟိန်းထက်ကလည်း ဒေသခံတို့မှာ စစ်အာဏာရှင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေကြောင်း၊ အားကောင်းသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။
ယင်းကြောင့်ပင် လောင်းလုံးတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အသက်ဝင်မလာကြောင်း၊ အထူးသဖြင့် ဒေသန္တရအုပ်ချုပ်ရေးဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးကိုပင် မဖော်ဆောင်နိုင်သဖြင့် စစ်ကောင်စီအတွက် အလွန်အကျပ်ရိုက်စေကြောင်း ၎င်းက မှတ်ချက်ပြုသည်။
လောင်းလုံး ဆေးရုံနှင့် စာသင်ကျောင်းများမှ ဝန်ထမ်းအများအပြားကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ထားသည်။ ယင်းအချက်များကြောင့် စစ်တပ်က လောင်းလုံးမြို့နယ်ကို ဖိနှိပ်နိုင်ရေးအတွက် အကြမ်းနည်းသုံးဖမ်းဆီး၊ သတ်ဖြတ်လာခြင်းဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်းမှ တော်လှန်ရေးလုပ်နေသူများက သုံးသပ်ကြသည်။
သတ်ဖြတ်၊ လုယက်ခြင်း
ကဒက်ကြီးကျေးရွာမှ ဦးသောင်းဝင်းတို့ လင်မယားကို လက်ပြန်ကြိုးတုပ်ပြီးမှ လမ်းပေါ်တွင် ပစ်သတ်ပြခြင်းမှာ စစ်ကောင်စီတပ်က ပြည်သူလူထုကြောက်သွားအောင် ရက်ရက်စက်စက် လုပ်ဆောင်ပြခြင်းဟု ဒေသခံတို့က ယုံကြည်ကြသည်။
ကဒက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဒေါ်ခင်အေးနှင့် သူ့တူမ CDM ကျောင်းဆရာမကို လာရောက်ရှာဖွေဖမ်းဆီးရာ မတွေ့သဖြင့် ဦးသောင်းဝင်းတို့ လင်မယားကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
လက်နက်ကိုင်တို့က အဆိုပါလင်မယား ၂ ယောက်ကို မပစ်သတ်မီ ၎င်းတို့သွားလိုသည့် နေအိမ်ကို လိုက်ပြခိုင်းခဲ့သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးထံမှ သိရသည်။
“ဒေါ်ခင်အေးကို ဘာလို့ လာရှာတာလဲဆိုတော့ သူက အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်တယ်။ အရင်တုန်းကလည်း တက်ကြွလှုပ်ရှားဖူးထားတာရှိတယ်။ ရွာမှာလည်း ပရဟိတတွေ လုပ်နေတာဆိုတော့ အဲ့တာတွေနဲ့ပဲ လာဖမ်းတာလို့ ထင်တယ်” ဟု သူက ပြောသည်။
CDM ကျောင်းဆရာမ၊ ဒေါ်ခင်အေးနှင့် မိဘနှစ်ဦးမှာ ကြိုတင်တိမ်းရှောင်နိုင်သဖြင့် လွတ်မြောက်သွားခဲ့သည်။
လက်နက်ကိုင်တို့က ဒေါ်ခင်အေး၊ သူ၏ အစ်မ၊ တူမ၊ မိဘအိမ်များကို သွားရောက်ရှာဖွေခဲ့ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသော ဒေသခံများက ဆိုသည်။
ထိုသို့ ရှာဖွေစဉ် မော်တော်ကားတစ်စီးကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ငွေကြေး၊ ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းများလည်း ယူဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမူ သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံကလည်း စစ်ကောင်စီက ပြည်သူများရင်ထဲ အကြောက်တရားကြီးစိုးစေရန် စနစ်တကျ အစီအစဉ်ချ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
“သူတို့လာပြီဆိုကတည်းက ဖမ်းသွားဖို့ အစီအစဉ်မရှိဘူး။ တခါတည်းပစ်သတ်မဲ့ပုံစံ၊ သူတို့လုပ်နေတာတွေက။ ဖမ်းမဲ့သူမရှိရင်လည်း ရှိတဲ့သူကို ပစ်သတ်ပြီးထားခဲ့မယ်၊ သူတို့လုပ်နေတာ အဲဒီလိုပုံစံ” ဟု ၎င်းက ဆိုသည်။
ဒေသတွင်း ဖမ်းဆီး၊ သတ်ဖြတ်မှု အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရေးအတွက် လောင်းလုံးမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲတို့တွင်လည်း ထိုဖြစ်ရပ်များအကြောင်း ဖော်ပြခြင်း မရှိပေ။
အကြမ်းဖက် မီးရှို့မှု
စစ်ကောင်စီတပ်နှင့် လက်ဝေခံများက ဇွန်လ ၁၆ ရက်နေ့တွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ဝင်ရောက်စခန်းချကာ PDF အဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၊ CDM ဝန်ထမ်းများကို လိုက်လံ ရှာဖွေခဲ့သည်။
ပထမဆုံးနေ့မှာပင် ဒေသခံ ၄ ဦး သတ်ဖြတ်ခံရ၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
မြို့တောင်ဘက် ၅ မိုင်ခန့်အကွာ ထားဝယ်-ရှင်မော်ကားလမ်းပေါ်ရှိ ဂေါ့အင်းကျေးရွာမှ ဒေါ်အေမီဖြိုးဝေကို စစ်ကောင်စီက နေအိမ်ရှေ့မှာပင် အနီးကပ်ပစ်သတ်သွားခဲ့ပြီး အိမ်ကိုလည်း မီးရှို့သွားခဲ့သည်။
ဒေါ်အေမီဖြိုးဝေမှာ မု့န်ဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်ပြီး သူ၏ မောင်နှမနှစ်ယောက်မှာ CDM လှုပ်ရှားမှုတွင် ပါဝင်ထားကြသူများဖြစ်သည်။
စစ်ကောင်စီတပ်သားများ ရွာရှိနေအိမ်များကို မီးရှို့ခြင်း၊ သေနတ်များ ရမ်းကားပစ်ခတ်ခြင်းတို့ကြောင့် ထိုရွာမှ အသက် ၅၀ ကျော် နှလုံးရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦးမှာလည်း နှလုံးဖောက် သေဆုံးသွားခဲ့သည်။
ယင်းညတွင်ပင် ညဘက် ဆိုင်ကယ်စီးသွားလာနေသည့် အသက် ၂၀ကျော်အရွယ် အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ဂေါ့အင်းရွာသား ကိုဇော်ဇော်လတ်ဆိုသူ သေဆုံးခဲ့သည်။
အခြားလူငယ်တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အဲဒီညက ဖြစ်ခဲ့တာကို အခုထိ ကြောက်နေတုန်းပဲ။ တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ အခုဆို ရွာမှာ လူတွေမနေရဲတော့လို့ ပြောင်းပြေးနေကြရတယ်” ဟု ဂေါ့အင်းဒေသခံတစ်ဦးက ဆိုသည်။
တစ်ချိန်တည်းမှာပင် မြို့အရှေ့ဘက် ၄ မိုင်အကွာတွင်ရှိသည့် ဝေဒီကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ဒေါ်သန်းဌေးဆိုသူကို ပစ်ခတ်ခဲ့ပြီး နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။
နေအိမ် ပြာကျသွားပြီးမှ ဒေါ်သန်းဌေး၏တူမဖြစ်သူ မနွယ်နီဌေးကို ဖမ်းဆီးသွားပြီး ညဘက် လူပြတ်သည့်လမ်းတွင် သေနတ်ဒဏ်ရာများနှင့် ပစ်ထားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဖမ်းသွားပြီး ပြန်လွှတ်ပေးမယ်ဆိုပြီး လွှတ်ပေးပြီးမှ ကားပေါ်ကနေ သေနတ်နဲ့ ပစ်လိုက်တာ” ဟု ၎င်းက ဆိုသည်။
အဆိုပါအမျိုးသမီးနှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာများကြောင့် ဆေးကုသနေရဆဲဖြစ်သည်။
စစ်ကောင်စီတပ်က ဇွန် ၂၁ ညတွင်လည်း မြို့မြောက်ဘက် ဝဗျောကျေးရွာမှ ရာသီပေါ်သီးနှံရောင်းချနေသည့် ဒေါ်ခင်ချို(ခ) မယ်ချိုကို ပစ်သတ်ခဲ့သေးသည်။
အရပ်ဝတ်နှင့် လက်နက်ကိုင်များမှာ ယင်းနေ့ညပိုင်းတွင် နေအိမ်လာရောက်ကာ ဒေါ်ခင်ချိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီပိုင်းအကြာတွင် နေအိမ်ရှေ့၌ အလောင်းလာရောက် ပစ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနေ့ညတွင်ပင် အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်နှင့် CDM ကျောင်းဆရာမတစ်ဦး၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သေးသည်။ တိမ်းရှောင်နေကြသောကြောင့် ဖမ်းဆီးခံရခြင်း မရှိခဲ့ပေ။
ယင်းအပြင် ဇွန်လ ၂၆ ရက်နေ့ ညတွင် ဂေါ့အင်းကျေးရွာ ကြယ်တောင်ခြေရင်းတွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးကပ်ပစ်သတ်ထားခဲ့သေးသည်။
“အိမ်ပေါ်ကနေ ခေါ်ချပြီးတော့မှ နားထင်ကို တေ့ပြီး ပစ်သတ်သွားတာ” ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။
၂၀၂၁ နိုဝင်ဘာလက ဂေါ့အင်းနှင့် ညင်းမော်ရွာကြားရှိ ကြယ်တောင်ခြေရင်းတွင် စစ်ကောင်စီတပ်ကားကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ဦးဆန်းဝင်းပါဝင်သည်ဟု ယူဆပြီး သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
“ကြယ်တောင်မှာ တိုက်ပွဲဖြစ်ပြီးမှာ ဦးဆန်းဝင်းကို အိမ်မှာလာရှာတာတွေ လုပ်ဖူးတယ်။ သူက ရှောင်နေတာဆိုတော့ မမိဘူးပေါ့။ ဒီနေ့ အိမ်မှာလာရှာတော့ ရှိနေတာနဲ့ ပစ်သတ်သွားတာထင်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဖိနှိပ်မှုနှင့် တော်လှန်လိုစိတ်
နေအိမ်မီးရှို့မှုများနှင့် ပတ်သက်လျှင် စစ်ကောင်စီက ၎င်းတို့၏လက်ချက်မဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီလက်ချက်ဖြင့် မီးလောင်သည့် ပြည်သူပိုင်အိုးအိမ် ၁၉,၀၀၀ နီးပါးရှိသည်ဟု ထိုဖြစ်ရပ်များကို လေ့လာ မှတ်တမ်းတင်နေသည့် အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar ၏ ဇွန်လဆန်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန် ၁၆ မှ ဇူလိုင် ၄ အတွင်း စစ်ကောင်စီတပ်က ၇ ဦးကို သတ်ဖြတ်၊ ၄၆ ဦးကို ဖမ်းဆီးပြီး နေအိမ် ၃ လုံး မီးရှို့ခဲ့ကြောင်း၊ နေအိမ်စွန့်ခွာထွက်ပြေးသူ ၄,၀၀၀ ကျော်ရှိကြောင်း လောင်းလုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မှတ်တမ်းတင်ထားသည်။
ဤအခြေအနေတွင် လောင်းလုံးဒေသခံအချို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြပြီး ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများရှိရာ မြို့ပေါ်နေအိမ်များ၊ စစ်ရှောင်စခန်းများ စသဖြင့် ပိုမိုလုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် သွားရောက်နေထိုင်ကြရသည်။
ထားဝယ်-ရှင်မော် ကားလမ်းမတစ်လျှောက်တွင် တိမ်းရှောင် ထွက်ပြေးနေကြသည့် ဒေသခံပြည်သူတို့၏ ကား၊ ဆိုင်ကယ်များကို ဇွန်လ ၁၆ ရက်မှစကာ နေ့စဉ်တွေ့မြင်နေကြရသည်။
ထွက်ပြေးရန် အခြေအနေမပေးသည့် ပြည်သူများကလည်း ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းစေရန် ပရိတ်ကြီးနှင့် ပဋ္ဌာန်းတရားများ ဖွင့်၍ ပူဇော်ခြင်းစသဖြင့် ယုံကြည်ကိုးကွယ်ရာအလိုက် ဆုတောင်းနေကြရသည်။
ထားဝယ်ရိုးရာ ရှင်ကီးအိမ် (ရွာရှင်ဖိုးဖိုးနတ်အိမ်) နတ်နန်းများမှာ ကျေးရွာထိပ်တွင် တည်ရှိထားကြပြီး ယင်းရှင်ကီးအိမ်နတ်နန်းများတွင် ပူဇော်မှုများသဖြင့် ညနေဘက်၌ စည်ကားနေလေ့ရှိသည်။
အားကိုးရာမဲ့နေသဖြင့် မိမိတို့ကိုးကွယ်ယုံကြည်ရာအလိုက် ဘေးအန္တရာယ်မကျရောက်စေရန် အကူအညီတောင်းခံနေကြရခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့ရွာမှာဆိုရင် ရှင်ကီးအိမ်ကန်တော့ပွဲ ပြတ်တယ်ကို မရှိဘူး။ နေ့တိုင်း ကန်တော့ပွဲပေးပြီး ဆုတောင်းနေကြရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။
လူငယ်များအနေဖြင့် နေအိမ်တွင်နေသော်လည်း မလုံခြုံသည့် အခြေအနေကြောင့် ထိုင်းဘက်သို့ ကူးကာ အလုပ်လုပ်မည်လား၊ ပြည်သူ့ကာကွယ်ရေးတပ်ကို ဝင်ရောက်ကာ ပြန်တိုက်မည်လား ဆိုသည့် လမ်း ၂ ခုသာ ရွေးချယ်စရာရှိကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။
ကာကွယ်ရေးတပ်များသည် လူထုကြားထဲတွင်သာ ရှိသဖြင့် ဆက်သွယ်ရန် များစွာ မခက်ခဲလှပါ။ ထားဝယ်ခရိုင်သည်လည်း ထိုင်းနိုင်ငံ ကန်ချဘူရီနှင့် ကပ်လျက် တည်ရှိနေသည်။
မူလက မဆိုင်သလိုနေသူများကိုပင် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုက တပ်လှန့်လိုက်သလိုဖြစ်ကာ တော်လှန်ရေးကို ရရာနေရာက ပါဝင်ရမည်ဟူသော အသိစိတ်ကို နှိုးဆွပေးသကဲ့သို့ ဖြစ်လာသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဟိန်းထက်က ဆိုသည်။
“လူငယ်တွေက ကျွန်တော်တို့ ဝင်ပါရစေ၊ ကာကွယ်ရေးတပ်မှာ ပါပါရစေ၊ ကျွန်တော်တို့ကို သင်တန်းပေး ကျွန်တော်တို့ ချမယ်ဆိုတာမျိုး ဖြစ်လာတယ်” ဟု ဦးဟိန်းထက်က ပြောလိုက်သည်။
Source – Myanmar Now