မဲခေါင်နိုင်ငံတွေနဲ့တရုတ်တို့ပါဝင်တဲ့အစည်းအဝေးဖြစ်တဲ့မဲခေါင်-လန်မန်အစည်းအဝေးကိုပုဂံမှာကျင်းပနေတယ်။ထိုအစည်းအဝေးမှာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးပါဝင်တက်ရောက်နေလို့ဝေဖန်မှုတွေရှိနေတယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုဘယ်အစည်းအဝေးမှတက်ခွင့်မပြုဘူးလို့သတ်မှတ်ထားသော်လည်းအခုအစည်းအဝေးမှာစစ်ကောင်စီဝန်ကြီးကိုတက်ရောက်ခွင့်ပေးထားတာကြောင့်အာဆီယံရဲ့ရပ်တည်မှုဟာတကယ်တော့အလကားပဲ။အစည်းအဝေးတက်ဖို့တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အာဆီယံကိုယ်စားလှယ်လဲပုဂံကိုရောက်နေတယ်။အာဆီယံနဲ့တရုတ်ဟာအကြောင်းအမျိုးမျိုးပြပြီးစစ်ကောင်စီကိုလူရာသွင်းဖို့ကြိုးစားလျက်ရှိတယ်။ပြည်တွင်းမှာအပစ်မဲ့ပြည်သူထောင်နဲ့ချီသတ်ဖြတ်လျက်ရှိတာကိုမင်းအောင်လှိုင်ဟာသူတို့နဲ့တွေ့ဆုံချိန်မှာ “လူ့အသက်ထပ်အရေးကြီးတာဘာမှမရှိ” လို့အရှက်ကင်းမဲ့စွာမျက်နှာပြောင်တိုက်ပြောဆိုနေဆဲပဲ။စစ်ကောင်စီကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်အထောက်အထားပေါင်းစုံကိုလဲစုဆောင်းမိနေပြီ။အခုဆိုရင်စစ်ခေါင်းဆောင်တသိုက်ကိုအာဂျင်တီးနားနဲ့တူရကီမှာတရားစွဲဖို့ပြင်ဆင်နေတယ်။
အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)
တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။