Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက အကြောင်းရှာ ရန်ပြုမည်ကို စီးပွားရေးသမားများ စိုးရိမ်နေ

လုပ်ငန်းရှင်များသည် အာဏာသိမ်းစစ်တပ် ဖမ်းဆီးအသုံးချမည့်ဘေးနှင့် ရင်ဆိုင်နေရသလို ပြည်သူလူထုနှင့် တော်လှန်ရေးသမားတို့ ဒဏ်ခတ်မည်ကိုလည်း သတိထားနေရသည်။

May 15, 2022
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

နာမည်ကြီးလုပ်ငန်းရှင်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံလိုက်ရပြီးနောက် အာဏာသိမ်းစစ်ကောင်စီက အကြောင်းမရှိအကြောင်းရှာ ရန်ပြုလာမည်ကို စီးပွားရေးသမားများ စိုးရိမ်နေကြသည်။

လွန်ခဲ့သော ငါးနှစ်ကျော်က စီမံကိန်းများကို အကြောင်းပြကာ ထိပ်သီးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေနှင့် ဧဒင် ဦးချစ်ခိုင်ကို ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်နေသော ဟိုတယ်လုပ်ငန်းအတွက် ၂၀၁၄ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော မြေငှားရမ်းခဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူကို မတ် ၂၃ တွင် စစ်ကောင်စီက ဖမ်းဆီးသည်။

ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင်နှင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးချစ်ခိုင်နှင့် သားဖြစ်သူကို ယခင်အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့သော တီကျစ်ကျောက်မီးသွေးတွင်းစီမံကိန်းနှင့် ပတ်သက်၍ ဧပြီလကုန်ပိုင်းတွင် ဖမ်းဆီးအရေးယူထားသည်။

စစ်ကောင်စီက အချိန်မရွေးရန်ရှာမည်ကို မည်သူမဆို စိုးရိမ်နေရသည့် အခြေအနေတွင် နာမည်ကြီးစီးပွားရေးသမားများ ပို၍အန္တရာယ်ရှိသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် လုပ်ငန်းရှင်ငါးဦးက ဆိုသည်။

ခရိုနီကြီးများ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် စီမံကိန်းအချို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှုရှိကြောင်း ပုံဖော်လိုခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

“နောက်ထပ် ခရိုနီတွေလည်း အဖမ်းခံရနိုင်တယ်။ ဘာလို့ အဖမ်းခံရနိုင်လဲဆိုတော့ ခရိုနီမှ မဟုတ်ဘူး၊ ကျွန်တော်တို့ သာမန်အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေတောင်မှ အဲဒီခေတ် အဲဒီအခါက အစိုးရရဲ့ ပရောဂျက်တွေနဲ့ကင်းတယ်ဆိုတာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဧဒင်ဦးချစ်ခိုင်ကို စွဲဆိုထားသည့်အမှုတွင် NLD အစိုးရလက်ထက် သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့နှင့်အတူ သတ္တုတွင်းနှင့် လျှပ်စစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးများကိုလည်း အမှုတွဲထားသည်။

၎င်းတို့ကို ထောင် ၁၅ နှစ်အထိ ချနိုင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၅/ ၆၃ ဖြင့် စစ်ကောင်စီလက်အောက်ခံ အဂတိတိုက်ဖျက်ရေးကော်မရှင်က စွဲဆိုထားသည်။

“ဥပမာ ဒေါက်တာဇော်မြင့်မောင်ကို အမှုထပ်တပ်ချင်တယ်။ တပ်ဖို့အတွက်က အမှုက တည်ဆောက်ဖို့ ခက်လာပြီ။ ရှေ့မှာလည်း ငါးမှုခြောက်မှု တည်ဆောက်ပြီးပြီ။ ထပ်ပြီးတည်ဆောက်မယ်ဆိုရင် လူလိုလာပြီ။ တရားခံပြသက်သေလိုလာ၊ တရားလိုပြသက်သေလိုလာပြီ။ အဲ့လို သက်သေရဖို့ အမှုတည်ဆောက်ဖို့အတွက် ဒီသူဌေးတွေပဲ သုံးရတာလေ” ဟု အထက်ပါ ကုန်သည်က ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စွဲဆိုထားသည့် အမှုများတွင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ကို စစ်ကောင်စီက သက်သေအဖြစ် အသုံးချထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငါးသိန်း လာဘ်ပေးခဲ့ရသည်ဆိုသော မောင်ဝိတ်၏ ထွက်ဆိုချက်ကို စစ်ကောင်စီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှနေ၍ အထူးတလည် ထုတ်လွှင့်ခဲ့သည်။

ထို့အတူ ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသွားစဉ် လာဘ်ငွေပေးရသည်ဟုလည်း ခေတ်အဆက်ဆက် အာဏာပိုင်များနှင့် ပူးကပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ထွက်ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ကြီးလေးသောပုဒ်များနှင့် အဂတိပုဒ်မများအပါအဝင် အမှုပေါင်းများစွာ စွဲဆိုထားသည်။

စစ်ကောင်စီသည် မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းလိုသည့် ဆန္ဒရှိသည်ဟု ဦးချစ်ခိုင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တရားစွဲတာကတော့ စွဲပေါ့ဗျာ၊ သူတို့ရဲ့ အနေအထားအရ။ ဒါပေမဲ့ အာမခံပေးလို့ရရင်တော့ ပေးရမှာပေါ့။ ဒါပေမဲ့ သူတို့က လက်ရှိ မစဉ်းစားဘူးလေ။ လက်ရှိအနေအထားအရ အကုန်လုံးကို ထိန်းသိမ်းထားဖို့ ရည်ရွယ်တာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

ဦးခင်ရွှေသားအဖအမှုတွင်လည်း အာမခံပေးလိုက ပေးနိုင်သော်လည်း စစ်ကောင်စီက မပေးကြောင်း သူက ထောက်ပြသည်။ ထိုသားအဖကို စွဲဆိုထားသည့်အမှုမှာမူ NLD အစိုးရနှင့် ဆက်နွှယ်မှု မရှိပေ။

စစ်တပ်တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သူလည်းဖြစ်သည်။

နာမည်ကြီးလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းသည် တော်လှန်ရေးအင်အားစုများကို တိုးတိုးတိတ်တိတ်ထောက်ပံ့သည့် စီးပွားရေးသမားများကိုပါ အကြောက်တရားသွင်းခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့ (စစ်ကောင်စီ) ကြောက်တာ ခရိုနီကြီးတွေ ဟိုဘက်ထဲ ပါသွားမှာ ကြောက်သွားတာဖြစ်မယ်။ တကယ်လည်းဖြစ်ရင်ဖြစ်မယ်။ မဖြစ်ဘဲနဲ့ အဖမ်းပြပြီး ကောလာဟလတွေ ငါတို့အကုန်သိတယ်၊ မင်းတို့မလှူနဲ့ အဲဒါမျိုးကို ပိတ်ချင်လို့ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

ထိပ်သီးလုပ်ငန်းရှင်အများစုသည် စစ်အစိုးရခေတ်တွင် ချမ်းသာခဲ့ကြသူများဖြစ်ရာ စစ်ကောင်စီက ကျေးဇူးရှင်အဖြစ် ခံယူကာ ထင်ရာစိုင်းခြင်းဖြစ်သည်ဟုလည်း တရုတ် – မြန်မာနယ်စပ်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“စစ်အစိုးရ လုပ်ပေးခဲ့လို့ ချမ်းသာတယ် ထင်တာ။ ငါတို့လုပ်ပေးခဲ့လို့ မင်းတို့တွေ ချမ်းသာခဲ့တာပေါ့။ အဲဒီလိုသဘောမျိုး။ အခုလည်း ငါတို့လိုချင်တာ မှန်သမျှ မင်းတို့ပေးရမယ်ဆိုတဲ့ ပုံစံချိုးတာပဲ” ဟု ၎င်းက ဆိုသည်။

ကြားညပ်နေသည့် စီးပွားရေးသမားများ

စီးပွားရေးသမားများသည် တက်လာသမျှ အစိုးရတိုင်းနှင့် တည့်အောင်ပေါင်းကြသော်လည်း လက်ရှိတွင် စစ်ကောင်စီက အပြည့်အဝမထိန်းချုပ်နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများ၏ ဖိအားပေးမှုကိုလည်း သတိထားဆင်ခြင်နေရသည်။

“ကျဉ်းထဲကျပ်ထဲမှာ ရောက်နေတယ်။ မလုပ်တော့ဘူးလို့ ပြောရင်လည်း ပြဿနာတက်နိုင်တယ်။ လုပ်မဲ့လုပ်တော့လည်း (စစ်ကောင်စီနဲ့) ပေါင်းလုပ်တာလားလို့ ဖြစ်ပြန်တယ်။ လက်ရှိ ကျွန်တော်တို့ စီးပွားရေးသမားတွေ ရင်ဆိုင်ရတဲ့ ပြဿနာပဲ” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို ဆွေးနွေးပွဲဖိတ်လျှင် မဖြစ်မနေသွားရမည်ဖြစ်ပြီး မသွားလျှင် ၎င်းကိုယ်တိုင်အပြင် မိသားစုဝင်များကိုပါ အန္တရာယ်ပြုခံရနိုင်ကြောင်း ထိုကုန်သည်က ဆက်ပြောသည်။

“ဖမ်းလို့ရှိရင် အစုလိုက်အပြုံလိုက်ဖမ်းတယ်။ သတ်လို့ရှိရင် အစုလိုက်အပြုံလိုက်သတ်တယ်ဆိုတဲ့ ခေတ်ကိုး။ အဲ့တော့ ဘယ်လိုမှ မရှောင်တိမ်းနိုင်ဘူး။ မငြင်းဆန်နိုင်ဘူး။ ဒါကတော့ ကိုယ့်ဘက်ကိုယ်ရပ်ပြီး ပြောတဲ့စကားမဟုတ်ဘူး။ မြို့ကြီးပြကြီးတွေမှာ နေတဲ့သူတွေသည် တကယ်ကို ထွက်ပေါက်ပိတ်တယ်” ဟု ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီနှင့် ပေါင်းသည်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူလူထုက သပိတ်မှောက်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ အမည်ပျက်သွင်းခြင်း၊ နိုင်ငံတကာက ပိတ်ဆို့အရေးယူခြင်းများ ကြုံတွေ့ရနိုင်သည်။

ထို့ပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ၎င်းတို့၏ လုပ်ငန်းများကို သတိပေးတိုက်ခိုက်မှုများလည်း ရှိပြီး လက်ရှိအဖမ်းခံရသည့် ဦးချစ်ခိုင်၏ Denko ဆီဆိုင်လည်း တိုက်ခိုက်ခံရဖူးသည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည်ဟုဆိုကာ ကုမ္ပဏီခြောက်ခုကို NUG အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းတွင် အမည်ပျက်စာရင်းသွင်းခဲ့ရာ ကုမ္ပဏီများ အကျောက်အကန်ငြင်းဆန်ကြသည်။

ဦးထွန်းမြင့်နိုင်၏ Yangon Aerodrome ကုမ္ပဏီ၊ Puma ကုမ္ပဏီခွဲ Asia Sun Energy၊ ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ Golden Myanmar Airlines၊ တယ်လီနောပိုင်ရှင်သစ် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူနှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ Brighter Energy ကုမ္ပဏီတို့သည် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် လေယာဉ်ဆီတင်သွင်းကာ ပါဝင်ကူညီပေးနေကြောင်း NUG က ဆိုသည်။

ထိုပြင် စီးပွားရေးဟန်ပြလုပ်၍ စစ်အုပ်စုအတွက် လက်နက်ဝယ်ယူပေးနေသည်ဟုဆိုကာ ဦးတေဇ၊ ဦးဂျော်နသန်မျိုးကျော်သောင်း၊ ဒေါက်တာအောင်မိုးမြင့် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီများကို ဇန်နဝါရီလအတွင်းတွင် NUG အစိုးရက အမည်ပျက်စာရင်းသွင်းခဲ့သည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းခံထားရသည့် စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့ပိုင် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ငွေပေးငွေယူခြင်းများ မပြုလုပ်ရန် NUG က သတိပေးတားမြစ်သည်။​

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆက်နွှယ်သည်ဆိုကာ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ကို အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ဒဏ်ခတ်အရေးယူထားသည်။

နာမည်ကြီး လုပ်ငန်းရှင်ကြီးအများစုမှာ အာဏာသိမ်းပြီးကတည်းက တိတ်ဆိတ်နေသည်။ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က လုပ်ငန်းရှင်ကြီးများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်း မည်သည့်လှုပ်ရှားမှုမျှ ကြားသိရခြင်း မရှိတော့ပေ။

အာဏာသိမ်းခေါင်းဆောင်၏ ရန်ကုန်ခရီးစဉ်တစ်ခုတွင် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးဇော်ဇော်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် ကြိုဆိုဧည့်ခံရသည်ကို တွေ့ရသည်။

ထို့နောက်ပိုင်းတွင် ဦးဇော်ဇော်အပါအဝင် အခြားနာမည်ကြီးလုပ်ငန်းရှင်များနှင့် စစ်ကောင်စီကြား မည်သို့သော ဆက်ဆံရေးရှိသည်ကို မသိရပေ။

စစ်ကောင်စီက လုပ်ငန်းရှင်များကိုပါပစ်မှတ်ထားလာခြင်းမှာ တစ်တိုင်းပြည်လုံးဖျက်ဆီးသည့်လုပ်ရပ်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Source – Myanmar Now

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English