အခုဧပြီလအစမှာတော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာများလာတယ်။ကယား၊ကရင်၊စစ်ကိုင်း၊မကွေး၊မြိုပြတွေအပါအဝင်တနိုင်ငံလုံးနေရာအစုံပဲ။ပိုပြီးအားရစရာကောင်းတာကအရင်လိုမိုင်းထောင်ပစ်ပြေးမဟုတ်တော့ပဲစစ်ကောင်စီတပ်စခန်းတွေကိုထိထိရောက်ရောက်ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်။ပင်လည်ဘူးမှာဆိုမြို့ကိုသိမ်းနိုင်တဲ့အဆင့်ဖြစ်လာပြီးလေကြောင်းပစ်ကူဒဏ်ကြောင့်သာပြန်လည်ဆုတ်ခွာပေးလိုက်ရတာ။ကန့်ဘလူမှာလဲရဲစခန်းတစ်ခုကိုဝင်ရောက်သိမ်းပိုက်နိုင်သေးတယ်။ပြီးတော့ဒီလထဲဖြစ်ပွားတဲ့တိုက်ပွဲတော်တော်များများမှာစစ်သူပုန်တွေဘက်ကလက်နက်ခဲယမ်းတွေပါသိမ်းဆည်းလိုက်နိုင်တယ်။လက်နက်ခဲယမ်းချို့တဲ့နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ဒါဟာအားဖြစ်စေတယ်။အရင်ကလှုပ်ရှားမှုသိပ်မရှိခဲ့တဲ့ပဲခူးတိုင်းထဲမှာလဲပျောက်ကြားတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ဖြစ်ပေါ်လာတယ်။မြို့ကြီးတွေပေါ်မှာလဲတအုံးအုံး၊တဂျိန်းဂျိန်းပဲ။တနိုင်ငံလုံးစစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာမကျန်သလောက်ပဲ။သကြန်ပြီးရင်ဒီထက်ပိုပြီးအရှိန်ကောင်းလာမယ်ထင်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။