Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော သတင်းသမားများနှင့်ပတ်သက်၍ နောက်ဆုံးရ အခြေအနေ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးသည့် ယမန်နှစ် ဖေဖော်ဝါရီလမှစတင်၍ ယခုနှစ် မတ်လ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၃၅ ဦးရှိပြီး ၅၅ ဦးမှာ ထိန်းသိမ်းခံထားရပြီး အသတ်ခံရသူ သုံးဦးရှိကြောင်း ဖမ်းဆီးခံရသည့် သတင်းထောက်များ၏ အချက်အလက်များပြုစုသည့် " Detained Journalists Information Myanmar" ၏ ထုတ်ပြန်ချက်အရသိရသည်။

April 3, 2022
in သတင်း
Reading Time:8 mins read
Share on FacebookShare on Twitter
ဖူးအိအိနွယ်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးသည့် ယမန်နှစ် ဖေဖော်ဝါရီလမှစတင်၍ ယခုနှစ် မတ်လ ၂၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၃၅ ဦးရှိပြီး ၅၅ ဦးမှာ ထိန်းသိမ်းခံထားရပြီး အသတ်ခံရသူ သုံးဦးရှိကြောင်း ဖမ်းဆီးခံရသည့် သတင်းထောက်များ၏ အချက်အလက်များပြုစုသည့် ” Detained Journalists Information Myanmar” ၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီက ပြည်တွင်း လွတ်လပ်သည့် ပုဂ္ဂလိကမီဒီယာတိုက်အတော်များများကို ရပ်တည်၍မရအောင် သတင်းသမားများကိုဖမ်းဆီးခြင်းမှသည် ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခြင်းများလုပ်လာခဲ့၍ သတင်းသမားများမြေလျှိုးသွားရခြင်း၊ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် သတင်းတိုက်ပိတ်ခြင်းများလည်းဖြစ်လာခဲ့သည်။

သတင်းမီဒီယာကောင်စီဝင်ဟောင်းဦးမြင့်ကျော်ကတော့ ” သတင်းသမားများ သတင်းအလုပ်ကိုစွန့်ခွာအောင် ဖိအားပေး” ဟု သုံးသပ်သည်။
” စစ်ကောင်စီက သတင်းထောက်တွေ ဖမ်းဆီးတာရဲ့ ရည်ရွယ်ချက်က ဆန္ဒပြမှုနဲ့ ပတ်သက်တဲ့ သတင်း၊ PDF လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့သတင်း၊ NUG အစိုးရ စတဲ့ သတင်းတွေ ကို ဇောင်းပေးဖေါ်ပြတဲ့ သတင်းမီဒီယာတွေ ရပ်နားသွားအောင် အဲလို သတင်းဌာနတွေမှာ လုပ်ကိုင်ကြတဲ့ သတင်းထောက်တွေ အလုပ်ကို စွန့်ခွာအောင် ဖိအားပေးတာ လို့မြင်ပါတယ်၊ အွန်လိုင်း မီဒီယာတွေ ဖြစ်သွားတာကြောင့် သတင်းအချက်အလက်ရေစီးကို တားဆီးဖို့ ခက်ခဲတာကြောင့် သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးခြင်းအားဖြင့် သတင်းအလုပ်ကို စွန့်ခွာအောင် ဖိအားပေးတာလို့မြင်ပါတယ်” ဟု ဦးမြင့်ကျော်က ပြောသည်။
အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခံထားရသော သတင်းသမားများအနက် အချို့အကြောင်းကို ယခုဆောင်းပါးတွင် စုစည်းတင်ပြထားသည်။
လွတ်ငြိမ်းခွင့်နှင့် လွတ်လာပြီး ထပ်မံဖမ်းဆီးခံရသူ ကိုစိုးရာဇာထွန်း
မဇ္စျိမကို သတင်းများပေးပို့ခဲ့သူ အလွတ်တန်းသတင်းထောက်ကိုစိုးရာဇာထွန်းမှာ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာပြီး ယခု မတ်လ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီးခံလိုက်ရသည်။
အသက် ၃၆ နှစ်အရွယ် ကိုစိုးရာဇာထွန်းကို ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
မတ်လ ၉ ရက်နေ့က ကိုစိုးရာဇာထွန်းတိမ်းရှောင်နေသည့် ပဲခူးရိုးမအနီး၊ ဖောင်ကြီးမင်းကုန်းတောနက်ထဲရှိ ဘုန်းကြီးကျောင်းတွင် အင်အား ၅ဝ ဝန်းကျင်ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့သော်လည်းလွတ်မြောက်သွားခဲ့ပြီး နောက်ရက်တွင် ” ဒလန် သတင်းပေး” ကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။
ဖမ်းဆီးရမိချိန်တွင် ကိုစိုးရာဇာထွန်း၏ ဖုန်းထဲ၌ အင်းစိန်ထောင်နှင့်ပတ်သက်သည့် အချက်အလက်များ ရှာဖွေတွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံထားရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသော်လည်း သူ၏အမှုကိုကောင်းစွာသိရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့် ဩဂုတ် ၁ ရက်တွင် လက်မှတ်ရေးထိုးပြင်ဆင်ခဲ့ရာ ဥပဒေ၏ မူလပြဋ္ဌာန်းချက်အရ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိသာ ချမှတ်နိုင်သည့် ပုဒ်မ ၃-ခ၊ ပုဒ်မခွဲငယ် ၁၅ အား အများဆုံး ထောင်ဒဏ် ခုနစ် နှစ်အထိ ချမှတ်နိုင်သည်ဆိုခြင်းကို ပုဒ်မ ၅၂ ( က) အောက်တွင် ထပ်မံ ဖြည့်စွက်ခဲ့သည်။
ကိုစိုးရာဇာထွန်းကို လှည်းကူးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိကျန်းမာရေးကောင်းမွန်သည်ဟု ဆိုသည်။
၎င်းအနေဖြင့် အင်းစိန်ထောင်ထဲမှ အမှုရင်ဆိုင်ရမည်ဖြစ်ပြီး လှည်းကူးမြို့မရဲစခန်းမှ အင်းစိန်ထောင်သို့ လွှဲပြောင်းပို့ဆောင်ခံရမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို သတင်းယူစဉ်အဖမ်းခံခဲ့ရသည့် ကိုစိုးရာဇာထွန်းသည် ရက်ပေါင်း ၁၂၂ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဇွန်လ ၃ဝ ရက်တွင် အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်။
ထောင်တွင်းအကျဉ်းသားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ရသသတင်းဆောင်းပါးကောင်းများရေးသားခဲ့သော ကိုစိုးရာဇာထွန်းမှာ အထွေထွေအကျဉ်းသားများနှင့်ရောထားသည့် ပြစ်ဒဏ်ကိုလည်း ကျခံခဲ့ရသေးသည်။
အလွတ်တန်းသတင်းထောက် မသူဇာ
စစ်ကောင်စီက တရားစွဲဆိုခံထားရသည့် နောက်ထပ်အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ကာ အမျိုးသမီးသတင်းသမားတစ်ဦးအကြောင်း ဖြစ်သည်။
ရန်ကုန်မြို့နေ သတင်းထောက် မသူဇာမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က) အမှုအတွက် တရားရင်ဆိုင်နေရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၅ဝ၅ (က) ဖြင့် ဒုရဲမှူးစိုးမြင့်က တရားလိုပြုလုပ်တိုင်တန်းထားခြင်းဖြစ်ပြီး တရားလိုဘက်ကို စစ်ဆေးကာ စွဲချက်အမိန့်ချပြီးပြီဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။
အင်းစိန်ဗဟိုထောင်တွင် ဖမ်းဆီးခံထားရသည်မှာ ခြောက်လကျော်ရှိပြီဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မသူဇာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟုလည်း သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့က မသူဇာနေအိမ်မှ ထွက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ နောက်ပိုင်းတွင်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ကြရသည်။
အစောပိုင်းလအနည်းငယ်က မသူဇာနေထိုင်ရာ ရန်ကုန်အရှေ့ပိုင်း ဒဂုံတက္ကသိုလ်ကျောင်း ဝန်ထမ်းအိမ်ယာကို စစ်ကောင်စီတပ်လက်နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေခဲ့သော်လည်း မသူဇာမှာ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ခင်ပွန်းဖြစ်သူ သတင်းထောက် ကိုရဲကိုကို ကိုဖမ်းဆီးသွားခဲ့ကြောင်း မသူဇာက မီဒီယာများကို ပြောကြားခဲ့သည်။
သူမ၏ခင်ပွန်းကိုတော့ နှစ်လဝန်းကျင်ထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့သည်။
ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်း
စစ်ကောင်စီတပ်က ဖမ်းဆီးသွားကာ စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရသူများတွင် ကမာရွတ်မီဒီယာကိုတည်ထောင်သူနှင့် အယ်ဒီတာ ဦးဟံသာညိန်းလည်းပါဝင်သည်။
၂ဝ၂၁ ခုနှစ်၊ မတ်လ ၉ ရက်တွင် ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်စီးနင်းကာ ကမာရွတ်မီဒီယာတည်ထောင်သူ အယ်ဒီတာချုပ် ဦးနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့သည်။
စစ်ထောက်လှမ်းရေးများက သူတို့နှစ်ဦးလုံးကို ဆိုးရွားစွာညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်က သတင်းမီဒီယာများသို့ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရသူ ဦးဟံသာညိန်းမှာ ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ)ဖြင့် မတလ ၂၈ ရက်နေ့က ထပ်မံတရားစွဲခံထားရသည်။
စတင်ဖမ်းဆီးချိန်ကပင် အီလက်ထရောနစ်ပုဒ်မဖြင့် တရားစွဲရန် ရမန်ယူခဲ့သော်လည်း ဆက်ရှင်မကျလာသည့်အတွက် ၅ဝ၅ (က) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။
ထို့နောက် ဖမ်းဆီးထားပြီး တစ်နှစ်ကျော်လာသည့်အချိန် ပုဒ်မ ၅ဝ၅ (က) ဖြင့် အမိန့်ချပြီးမှ အမှုသစ်တွဲတင်လာခြင်းဖြစ်သည်။
“သူ့ (ဦးဟံသာညိန်း) အနေနဲ့လည်း မမျှော်လင့်ထားဘူးပေါ့။ ရှေ့က ပုဒ်မတစ်ခုအတွက် ပြင်ဆင်ထားပေမယ့် ဒီနောက်ပုဒ်မက စွဲမလာတာ တစ်နှစ်လောက်ရှိပြီဆိုတော့ သူ့အနေနဲ့ ပြင်ဆင်ထားတာမရှိဘူးပေါ့။ ရုံးထုတ်တဲ့နေ့မှာတော့ သူလည်း တော်တော်ရှော့ခ်ဖြစ်သွားတယ်။ ဒါပေမယ့် သူ့အနေနဲ့ကတော့ သူရင်ဆိုင်ရမယ်ဆိုတာ သိတယ်။ စိတ်ဓာတ်ကျတာမျိုးတော့မရှိပါဘူး” ဟု သူ၏ ရှေ့နေက ပြောသည်။
အသက် ၄ဝ အရွယ် ဦးဟံသာညိန်းမှာ လက်ရှိ ကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိပြီး ပုဒ်မနောက်တစ်ခုဖြင့် ထပ်မံတရားစွဲခံလိုက်ရသည့်အပေါ် စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ရွှေဖီမြေသတင်းဌာန၏ ရုပ်သံသတင်းထောက် မလွေးအမ်ဖောင်း
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်၊ ရွှေဖီမြေသတင်းဌာန၏ ရုပ်သံသတင်းထောက် မလွေးအမ်ဖောင်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ (က) အမှုအတွက် တရားရင်ဆိုင်နေရသည်။
အသက် ၂၁ အရွယ် မလွေးအမ်ဖောင်းသည် လားရှိုးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်မှာ ငါးလကျော်ရှိပြီဖြစ်သည်။
လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ မလွေးအမ်ဖောင်း၏ သူငယ်ချင်းဖြစ်သူနေအိမ်ကို စက်တင်ဘာလ ၂၆ ရက်၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လာရောက်မွှေနှောက်စစ်ဆေးကာ မလွေးအမ်ဖောင်းကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ကာ အိမ်ရှိ လူအားလုံး၏ ဖုန်းများကို စစ်ဆေးပြီးနောက် မလွေးအမ်ဖောင်း၏ ဖုန်းအတွင်း သတင်းအတွက် မေးမြန်းဆက်သွယ်မှုများကို တွေ့ရှိကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
မလွေးအမ်ဖောင်းမှာ ဖမ်းဆီးခံရပြီး ကနဦးရက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်စစ်ဆေးခံခဲ့ရသေးကြောင်း နီးစပ်သူထံမှ သိရသည်။
မဇ္စျိမ အယ်ဒီတာ ကိုသန်းထိုက်အောင်
မဇ္စျိမသတင်းဌာန၏ အယ်ဒီတာ ကိုသန်းထိုက်အောင်မှာ မတ်လ ၂၂ ရက်နေ့ ရုံးချိန်းတွင် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပြီး မတ်လ ၂၄ ရက်နေ့တွင် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည်။
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ကိုသန်းထိုက်အောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်လျှော့ရက်များခံစားခွင့်ရရှိမည်ဟု စီရင်ချက်တွင် ဖော်ပြထားသည်။
သူ၏ လက်ရှိကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိတရားရုံးရှေ့တွင် NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ရုံးချိန်း၌ သတင်းရယူနေချိန် ရုပ်သံသတင်းပေးပို့သူလည်းဖြစ်သော ကိုသန်းထိုက်အောင်ကို အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
စစ်ကြောရေးတွင် ခြောက်ရက်ကြာ နှိပ်စက်စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း နီးစပ်သူများက ပြန်လည်ပြောပြသည်။
သင်္ဃန်းကျွန်းပို့စ်၏ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယု
သင်္ဃန်းကျွန်းပို့စ်သတင်းမီဒီယာ၏ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့မှာ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေပုဒ်မ (၅) ဖြင့် တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည်မှာ ခြောက်လကျော်ပြီဖြစ်သည်။
အမြင့်ဆုံးထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခံရပြီး ခြောက်လကျော်ကြာသည်အထိ ရုံးထုတ်စစ်ဆေးမှုတစ်စုံတစ်ရာမရှိသေးကြောင်း ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။
ကိုဝေလင်းယုကို ယခု မတ်လ ၂၉ ရက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း မထက်ထက်ကို ရုံးထုတ်လာခြင်းမရှိသည့်အတွက် ဧပြီလ ၅ ရက်တွင် ရုံးချိန်းပြန်ချိန်းဆိုထားသည်။
“သူတို့က အမှုအတွဲလိုက်ဆိုတော့ ထက်ထက်မပါတော့ အမှုစစ်လို့ မရဘူးလေ။ ဝေလင်းယုကို ရုံးထုတ်လာပြီးတော့ ထက်ထက်မပါလို့ စစ်လို့ မရဘူးဆိုပြီး ဒီတိုင်းပြန်လွှတ်တာ နှစ်ခါရှိပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
အသက် ၃၀ အရွယ်များဖြစ်ကြသော သူတို့နှစ်ဦးကို စက်တင်ဘာလ ၁၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ပေါက်ကွဲစေတတ်သောပစ္စည်းများကိုပါ ဖမ်းမိခဲ့သည်ဟု အမှုဖွင့်ထားသည့် သာကေတမြို့နယ် ရဲစခန်းဘက်က မိသားစုကို ပြောခဲ့သည်။
စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးမှုများပြုလုပ်သလို မထက်ထက်၏ အသက် ၇ နှစ်အရွယ်သမီးဖြစ်သူနှင့် ညီမဖြစ်သူတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးခဲ့သေးပြီး နောက်နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
သပိတ်ဖြိုခွင်းခံရမှုတွင် ဖမ်းဆီးခံရသည့် မမှူးရတနာခက်မို့မို့ထွန်းနှင့် ကိုကောင်းဆက်လင်း
စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြသည့် သပိတ်တွင် သတင်းရယူခဲ့သော သတင်းထောက်နှစ်ဦးမှာ စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်ကာ ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။
MPA (Myanmar Press Photo Agency) ၏ သတင်းထောက်များဖြစ်ကြသည့် မမှူးရတနာ ခက်မို့မို့ထွန်းနှင့် ကိုကောင်းဆက်လင်းတို့မှာ ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်က ဆန္ဒပြသပိတ်တွင် သတင်းယူနေချိန် စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်ကာ ဖြိုခွင်းမှုတွင် အသက်အန္တရာယ်နှင့်နီးကပ်ခဲ့ရသည်။
မမှူးရတနာခက်မို့မို့ထွန်းမှာ ဦးခေါင်းအရေခွံလန်ခြင်း၊ ညာဘက်မျက်လုံးထိခိုက်မိခြင်း၊ ပေါင်အရင်းမှ ခြေဖျားအထိ အရိုးများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အသက်ရှင်ရန် ရာခိုင်နှုန်းအလွန်နည်းပါးခဲ့သည်ဟု ဆေးဘက်ဆိုင်ရာသမားတော်များက ပြောဆိုခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ဒဏ်ရာများသက်သာစပြုလာပြီဖြစ်သည်ဟု ကြားသိရသည်။
“ဖိဖိစီးစီးကုသနိုင်တာရယ်၊ သူ့ရဲ့ စိတ်ခွန်အားပေါ့။ အဲ့ဒါကြောင့် တဖြည်းဖြည်းချင်းသက်သာလာပါတယ်။ ဦးခေါင်းကလည်း ပြန်ချုပ်ပြီးတော့ မျက်စိလည်း နည်းနည်းအခြေအနေကောင်းလာပါပြီ။ ခန္ဓာကိုယ်အနှံ့က ဒဏ်ရာတွေလည်း သက်သာလာပါတယ်။ ခြေထောက်ကလည်း ကျောက်ပတ်တီးဖြည်လိုက်ပြီ။ ချိုင်းထောက်နဲ့ စမ်းပြီး သွားနေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
မမှူးရတနာခက်မို့မို့ထွန်းကို ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာများမှာ ဆက်လက်ကုသရန်လိုအပ်နေသေးသည့်အတွက် ဆေးကုသမှုခံယူနေရသည်။
ခါးရိုးနှင့် တင်ပဆုံရိုး အပြင်းအထန်ဒဏ်ရာရှိခဲ့ပြီး လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရသော အသက် ၂၉ နှစ်အရွယ် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းမှာလည်း ဒဏ်ရာများသက်သာစပြုလာပြီဖြစ်ပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရကြောင်း ကူညီပေးနေသူက ပြောသည်။
ကိုကောင်းဆက်လင်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က) ဖြင့် အခြားဖမ်းဆီးခံရသူ ခုနစ်ဦးနှင့်အတူ တရားစွဲခံထားရပြီး မမှူးရတနာခက်မို့မို့ထွန်းမှာ ယင်းပုဒ်မနှင့်ပင် တစ်ဦးတည်းသီးခြား စွဲဆိုခံထားရကြောင်း ရှေ့နေက ပြောသည်။
သတင်းထောက်နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားချိန်မှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုခံခဲ့ရကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ကမ္ဘောဇတိုင်းသတင်းက အမျိုးသမီးသတင်းသမား ၂ ဦး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းမ်သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်းနှင့် သတင်းထောက် နန်းဝင်းရီတို့မှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က) ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ညောင်ရွှေထောင်တွင် အကျဉ်းကျခံနေရသည်။
အသက် ၃၁ နှစ်အရွယ် နန်းနန်းတိုင်းနှင့် အသက် ၂၁ နှစ်အရွယ် နနန်းဝင်းရီတို့နှင့်အတူ ကမ္ဘောဇတိုင်းမ်ထုတ်ဝေသူ ကိုတင်အောင်၊ ရုံးစောင့် စိုင်းစည်သူတို့ကိုလည်း တောင်ကြီးမြို့နှင့် ၁၂ မိုင်ခန့် ဝေးသည့် ဟိုပုံးမြို့ ရုံးခွဲနေအိမ်တွင် ပြီးခဲ့သည့်နှစ် မတ်လ ၂၄ ရက် ညပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။
၎င်းတို့မှာ ဒီဇင်ဘာလ ၁ဝ ရက်တွင် ပုဒ်မ ၅ဝ၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီး အယူခံတင်သွင်းရာတွင် အမျိုးသားနှစ်ဦးကို ထောင်ဒဏ် သုံးနှစ်အစား တစ်နှစ်၊ သတင်းသမားအမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် သုံးနှစ်အစား နှစ်နှစ် ပြင်ဆင်အမိန့်ချခဲ့သည်။
ဖမ်းဆီးခံရချိန်မှ လက်ရှိအချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရဘဲ တစ်ဆင့်သတင်းသာ ပြန်ကြားရသည်ဟု ၎င်းတို့နှင့် နီးစပ်သူက ပြောသည်။
ညောင်ရွှေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ၎င်းတို့နှစ်ဦးမှာ ကိုဗစ်တတိယလှိုင်းအတွင်း အကျဉ်းထောင်ထဲ၌ ဆိုးရွားသည့် ဖျားနာမှုကို ခံစားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ယားနာကဲ့သို့ အရေပြားကျန်းမာရေးပြဿနာကြုံတွေ့နေရသည်မှအပ အမျိုးသမီးသတင်းသမားနှစ်ဦး၏ ကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟု နီးစပ်သူသတင်းရင်းမြစ်က ဆိုသည်။
ထုတ်ဝေသူ ကိုတင်အောင်နှင့် ရုံးစောင့် စိုင်းစည်သူတို့ကတော့ ယခုနှစ် မတ်လ ၁၅ ရက်တွင် ရက်စေ့၍ လွတ်မြောက်လာခဲ့သည်။
Credit – Mizzima News
Mizzima – News in Burmese – Posts | Facebook

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English