စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ဘုန်းတော်ကြီးကျောင်းအတွင်း တိမ်းရှောင်နေသည့်ဒေသခံများထဲမှ အမျိုးသား ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။
မတ် ၂၁ မွန်းလွဲ ၃ နာရီခန့်တွင် ယင်းမာပင်မြို့မြောက်ဘက်ကပ်လျက် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိ ရွာထောင်ရွာနှင့် လေးရွာကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယင်းမာပင်မြို့အစွန် မမ္ဘရာဘုန်းတော်ကြီးကျောင်းအတွင်းသို့ တိမ်းရှောင်ကြခြင်းဖြစ်သည်။
ရွာသူရွာသားများကို ရန်သူကဲ့သို့ ဆက်ဆံသည်ဟု မြောက်ယမားကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုခန့်က Myanmar Now ကို ပြောသည်။
“ရွာကို ဝင်စီးတော့၊ လက်နက်သံတွေ ကြားတော့ ရွာသူရွာသားတွေက ဘုန်းကြီးကျောင်း ပြေးနေတာပေါ့။ အဲဒီမှာ ဖမ်းသွားတာ” ဟု သူက ဆိုသည်။
“ဝင်စီးတာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်တယ်။ တိုက်ပွဲလည်းဖြစ်မနေဘူး။ ခုခံကာကွယ်ရေးအဖွဲ့တွေလည်း အဲဒီမှာ ရှိမနေဘူး”
အမျိုးသမီးများကိုမူ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း၊ ယင်းမာပင်မြို့နယ်ရဲစခန်းအတွင်း ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသာ ကနဦးသိထားရသော်လည်း အဆက်အသွယ်မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ဘူး။ ယောက်ျားလေးဆိုရင် သူတို့ကို တော်လှန်မဲ့သူထင်ပြီး အကုန်ဖမ်းသွားတာ။ ကျွန်တော်တို့နယ်က အရမ်းတိုက်ပွဲကြမ်းတော့ အရင်ကဆိုလည်း ယောက်ျားလေးတွေ့ရင် ဒူးတွေ၊ တံတောင်တွေ စစ်ပြီး ဖမ်းတာ။ ညိုမည်းနေရင်၊ အသားမာတက်နေရင် သင်တန်းတက်ဖူးတယ်ဆိုပြီး ဖမ်းနေတာ” ဟု မြောက်ယမားကာကွယ်ရေးအဖွဲ့တာဝန်ခံက ဆိုသည်။
စစ်ဘေးရှောင်နေသည့် အမျိုးသမီး ၂ ဦးလည်း ပျောက်ဆုံးနေသောကြောင့် ယမန်နေ့ဖြစ်စဉ်တွင် ဖမ်းဆီးခံရခြင်း ရှိမရှိ စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းမာပင်မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထိုစစ်ကြောင်းသည် မတ် ၂၂ ညနေပိုင်းတွင် ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ဆည်ထန်းတောကြီးရွာကို ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့နေသည်ကို တွေ့ခဲ့ရကြောင်း ထိုသူက ပြောသည်။
“မီးခိုးတွေ မြင်နေရတယ်။ ကျွန်တော်တို့ကလည်း မလှမ်းမကမ်းကနေ ကြည့်နေရတာ။ နေ့ခင်းတစ်နာရီလောက်ကတည်းက ရှို့နေတာ။ လက်နက်ကြီးပစ်သံတွေလည်း ကြားနေရတယ်” ဟု ထိုသူက ဆိုသည်။
ပြည်သူက မဲပေးရွေးချယ်သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ မနီးစပ်သည့် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ပါဝင်နေသည်။
စစ်ကောင်စီကလည်း ခုခံတော်လှန်ရေး ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းတွင် ရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီး လေကြောင်းမှပါ တိုက်ခိုက်နေသလို ရွာလုံးကျွတ်မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်မူ ၎င်းတို့သည် အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူကို တိုက်ခိုက်သူမှာ PDF များဖြစ်ကြောင်း ဖော်ပြလေ့ရှိသည်။
အိမ်မီးရှို့သူများမှာ PDF များသာ ဖြစ်သည်ဟုလည်း အာဏာသိမ်းဗိုလ်ချုပ်များက တုံ့ပြန်လေ့ရှိသည်။
Credit-MyanmarNOW
ယင်းမာပင်မြို့နယ်တွင် စစ်ရှောင် အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံရ | Myanmar NOW (myanmar-now.org)