စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဒန်းကုန်းရွာ ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း အာဏာသိမ်းမှုဆန့်ကျင်သူတို့နှင့် စုစည်းထားသည့် ခင်ဦးမြို့ ပြန်ကြားရေးကော်မတီက ယနေ့ (မတ် ၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဒေသခံတို့ကလည်း စစ်သားများ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်း Myanmar Now ကို မွန်းလွဲပိုင်းတွင် ပြောသည်။
ယနေ့ နံနက်အစောပိုင်းကတည်းက စစ်သားအင်အား ၈၀ ခန့်က ရေဦးမြို့ဘက်မှတစ်ဆင့် ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဒန်းကုန်းကျေးရွာအရောက် ထိုသို့ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒန်းကုန်းရွာနှင့် ကပ်လျက်ဖြစ်သော ရွှေယမင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တာမျိုး မကြားရဘူး။ စစ်သားတွေ ဒီအတိုင်းရောက်လာတော့ ရွာသားတွေက ထွက်ပြေး၊ စစ်သားတွေက အိမ် ၃ လုံးကို စပြီး မီးရှို့နေတာ” ဟု အဆိုပါရွှေယမင်းရွာသားက ယနေ့ နေ့လယ် ၂း ၄၅ တွင် Myanmar Now ကို ပြောသည်။
စစ်သားများသည် ရွာသစ်ကုန်း၊ ပတက်ကုန်း၊ ကုန်းသာ၊ အောင်သာ၊ တဲကုန်းကြီးကျေးရွာများကို ချီတက်ဖြတ်သန်းခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ မရှိဘူး။ သူတို့ ရွာတွေတစ်လျှောက် စစ်ကြောင်းထိုးနေတာ။ အခြေအနေအရ ကျွန်တော်တို့အဖွဲ့တွေက နောက်ဆုတ်ပေးနေတာ၊ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု ဆိုသည်။
အင်တာနက်အသုံးမပြုနိုင်သေးသဖြင့် မီးလောင်သည့်အခြေအနေမှတ်တမ်းဓာတ်ပုံများကို ဖော်ပြခြင်း မပြုနိုင်သေးကြောင်း ခင်ဦးမြို့ ပြန်ကြားရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၅ နှစ်အရွယ် ကလေးတစ်ယောက်လည်း လက်နက်ကြီးထိထားပါတယ်။ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်သည် ခုခံစစ်များ ပြင်းထန်လျက်ရှိသည့် စစ်ကိုင်းတိုင်းမြို့နယ် အများအပြားတွင် ထိုးစစ်ဆင်လျက်ရှိပြီး ရွာလုံးကျွတ်မီးရှို့မှုကို ဆက်တိုက် ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောသည်။
ပြီးခဲ့သည့် မတ် ၂ နှင့် ၃ ကလည်း မကွေးတိုင်း၊ ပေါက်မြို့တောင်ပိုင်းတွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ဝင်များက လက်ပံလှနှင့် လယ်ယာကျေးရွာနှစ်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ခဲ့သည်။
စစ်ကောင်စီက မတ် ၃ ည ၁၁ နာရီမှစ၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၂၃ မြို့နယ်ကို မိုဘိုင်းအင်တာနက် ဖြတ်တောက်ခဲ့သည်။
ယခုအခါ စစ်ကိုင်းတိုင်းတွင် အင်တာနက်ပိတ်ပင်ခံရသည့် မြို့နယ် ၃၀ ကျော်အထိ ရှိလာသည်။
အင်တာနက်ဖြတ်အပြီး ယမန်နေ့ (မတ် ၄) တွင် မုံရွာ- ဒီပဲယင်း လမ်းမအနီးရှိ မင်းဆွေနှစ်ကျေးရွာ၊ ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်၊ မူးမြစ်ကမ်းနံဘေးရှိ မူးကမ်းကြီးကျေးရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဒေသခံ ၉ ဦးကို သတ်ဖြတ်၍ ကလေးနှစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသည်။
အာဏာသိမ်းစစ်ကောင်စီကမူ ၎င်းတို့သည် လူထုကို အကာအကွယ်ပေးနေကြောင်း၊ နေအိမ်များကို မီးမရှို့ကြောင်း တုံ့ပြန်လေ့ရှိသည်။
Source – Myanmar Now