မနေ့ကချင်းပုန်းရွာကိုဝင်စီးတဲ့စစ်သူပုန်တွေဟာရွာထဲမှာပိတ်မိနေတဲ့ကလေးလေးဆယ်ခန့်နဲ့မူကြိုဆရာမတွေကိုပါဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်ပြုလုပ်ထားတယ်။စစ်သူပုန်တွေကရဟတ်ယာဉ်တွေနဲ့ရုတ်တရက်ကြီးရောက်လာခဲ့လို့ရွာထဲကပြည်သူတွေဘေးလွတ်ရာပြေးဖို့အခွင့်မသာခဲ့ဘူး။အခုဆိုရင်စစ်သူပုန်တွေဟာချင်းပုန်းရွာအပါအဝင်အနီးအနားကျေးရွာတွေကိုပါရှာဖွေမွှေနှောက်ဖျက်စီးနေတယ်။ရွာကိုမီးတင်ရှို့မယ့်အခြေအနေလဲရှိတယ်။ကလေးတွေကိုသွားကယ်တဲ့မိဘတွေကိုလဲဆက်လက်ဖမ်းဆီးထားတယ်။ယင်းမာပင်နဲ့ပုလဲဒေသတွေဟာစစ်ကောင်စီရဲ့လူမဆန်စွာအကြမ်းဖက်မှုတွေကိုခါးစည်းခံနေတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။