မနေ့ကမနက်ပိုင်းကတည်းကပုလဲမြို့ပေါ်ကိုရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ရွာတွေကပြည်သူတွေတဖွဲဖွဲရောက်ရှိလာတယ်။တချို့တွေကအိတ်လေးတွေနဲ့၊တချို့တွေကအထုတ်လေးတွေနဲ့၊တချို့တွေကအဝတ်တထည်ကိုယ်တစ်ခုနဲ့ပေါ့။ဆိုင်ကယ်တွေထော်လာဂျီတွေပေါ်မှာဘာပစ္စည်းမှများများစားစားပါမလာကြဘူး။နီးစပ်ရာနေရာတွေမှာတည်းခိုဖို့စီစဉ်ကြရင်းမြို့ပေါ်မှာစစ်ဘေးရှောင်တွေနဲ့ပြည့်နှက်သွားတယ်။တကယ်တမ်းပုလဲမြို့ပေါ်မှာလဲစိတ်ချရတာမဟုတ်ဘူး။စစ်တပ်ကယုတ်မာမယ့်သတင်းတွေအမျိုးမျိုးထွက်နေတယ်။
ဒီလိုနဲ့ညဦးပိုင်းရောက်တော့ဝုန်း…ဒိုင်းဆိုသလိုမြို့ထဲမှာပစ်ခတ်သံတွေ၊လက်နက်ကြီးကျသံတွေရုတ်တရက်ထွက်ပေါ်လာတယ်။မြို့တွင်းတိုက်ပွဲတွေတော့ဖြစ်နေပြီ။မြို့ခံတွေလဲဘာလုပ်ရမှန်းမသိပဲကိုယ့်အိမ်ထဲလုံခြုံရာနေရာရှာပြီးပုန်းနေဖို့ပဲတတ်နိုင်တယ်။ညဆယ်နာရီလောက်မှာမြို့တောင်ဘက်မှာမီးတွေစလောင်တယ်။သေနတ်သံတွေလဲနည်းနည်းစဲသွားတော့လူတွေလမ်းပေါ်ထွက်ကြည့်ကြတယ်။မြို့ထဲမှာတပ်စွဲထားတဲ့စစ်တပ်ကလမ်းပေါ်ထွက်သမျှလူတွေအကုန်လိုက်ပစ်နေတယ်။ဒါပေမယ့်တိုက်ပွဲခဏစဲနေတုန်းမှာနီးစပ်ရာရွာတွေကိုညတွင်းချင်းလူတွေပြေးကုန်ကြပြီ။မြို့ထဲဆက်နေရင်စစ်တပ်ရဲ့လက်နက်ကြီးတွေကြောင့်အကုန်သေကုန်မှာလေ။
မနက်ရောက်တော့မြို့ပေါ်ရဲစခန်းကိုPDFတွေဝင်တိုက်တာလို့သိရတယ်။PDFတွေကရဲစခန်းကိုပဲပစ်မှတ်ထားပေမယ့်စစ်တပ်ကမဲမဲမြင်ရာအကုန်ပစ်လို့ပြည်သူတွေသေဆုံးမှုတွေရှိခဲ့တယ်။မိုးလင်းတာနဲ့ပုလဲမြို့ထဲကလူတော်တော်များများအထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်နဲ့မုံရွာ၊မန္တလေးဘက်ပြေးကြတယ်။တချို့တွေကတော့ရွာတွေထဲမှာ၊တချို့တွေကတော့မြို့ထဲမှာပဲဆက်လက်ပိတ်မိနေကြတယ်။နောက်နေ့တွေဘာတွေဆက်ဖြစ်လာမလဲဘယ်သူမှအာမမခံနိုင်တော့ဘူး။စစ်အာဏာမသိမ်းခင်ကတည်ငြိမ်အေးချမ်းခဲ့တဲ့မြို့လေးဟာနေ့ချင်းညချင်းအရုပ်ဆိုးအကျည်းတန်သွားပြီ။