မနေ့ကပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာအတော်ကိုအောင်မြင်ခဲ့တယ်။နိုင်ငံတကာကမီဒီယာပေါင်းများစွာမှာအပြိုင်အဆိုင်ဖော်ပြကြတယ်။မြန်မာပြည်သူတွေဘယ်လောက်ထိညီညွတ်ကြလဲဆိုတာတကမ္ဘာလုံးသိရှိသွားကြတယ်။
မနေ့ကသပိတ်ကိုဘယ်လိုမှနှောက်ယှက်လို့မရတဲ့စစ်ကောင်စီဟာဒီနေ့မှာရှက်ရမ်းရမ်းလာတယ်။မြို့နယ်တချို့မှာဒီနေ့ပြန်ဖွင့်တဲ့စျေးဆိုင်တွေကိုအတင်းပြန်ပိတ်ခိုင်းတယ်။လမ်းဘေးစျေးသည်တွေရဲ့ခုံတွေ၊ထီးတွေကိုစည်ပင်နဲ့ပေါင်းပြီးအကြောင်းမဲ့ဖျက်စီးတယ်။ရန်ကုန်ကမြစ်ကူးတံတားအဆင်းတွေမှာလမ်းပိတ်ပြီးစစ်နေလို့ခရီးသွားတွေဒုက္ခရောက်ကုန်တယ်။စစ်ကောင်စီပိုင်မီဒီယာတွေမှာလဲ PDF တွေကိုကြောက်လို့လူတွေအပြင်မထွက်တာပါဆိုပြီးဝါဒဖြန့်ကြတယ်။တကယ့်ကိုသွေးရူးသွေးတန်းတွေဖြစ်နေကြလေရဲ့။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။