စစ်အာဏာရှင်ကို လက်မခံကြောင်း အသံတိတ်သပိတ်လှုပ်ရှားသည့်နေ့က ပိတ်ခဲ့သည့် ဆိုင်များကို အာဏာသိမ်း စစ်ကောင်စီက ယနေ့တွင် ပြန်လည်ပိတ်ခိုင်းခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းနှင့် ဆဲဆိုကြိမ်းမောင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ် လာကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်) က ပြုလုပ်ခဲ့သော အသံတိတ်သပိတ် (Silent Strike) တွင် နိုင်ငံတဝန်းမှ ပြည်သူများက လမ်းမများပေါ် ကားမရှိ၊ လူမရှိ၊ ဆိုင်မဖွင့်ဘဲ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စသည့် မြို့ကြီးများ အပါအဝင် မြို့နယ်တချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ခင်း ဆိုင်ဖွင့်ရန် ပြင်ဆင်သည့် ဈေးဆိုင်များကို ပြန်ပိတ်ခိုင်းခဲ့ပြီး စည်ပင်ခွင့်ပြုချက် မရှိဘဲ ဆိုင်မဖွင့်ရဟူသည့် စာများ လိုက်ကပ်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်မှု အကြောင်းပြကာ ဈေးများကို ၇ ရက်တိတိ ပိတ်ထားရန် ညွှန်ကြားချက်ထုတ်ပြီး ဖိ အားပေး ပိတ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။
ရန်ကုန်မြို့ လှည်းတန်းဈေးအနီး နေထိုင်သူတဦးက “သူတို့တွေ မနက်စောစောရောက်လာပြီး ကွမ်းယာဆိုင်ရော၊ စတိုးဆိုင်ရောတွေ လမ်းပေါ်မှာ ဖွင့်ထားတဲ့ဆိုင်တွေ အခု ချက်ချင်း ပိတ်ဆိုပြီး ပိတ်ခိုင်းတယ်။ တချို့ဆိုင်တွေဆိုရင် ခုံတွေ၊ ပစ္စည်းတွေကိုလည်း သိမ်းခံလိုက်ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်သွားပြီးနောက် ဈေးဆိုင်တချို့က ပြန်လည်ဖွင့်လှစ် ရောင်းချမှုများ ရှိသလို တချို့ကလည်း ပြန်မထွက်တော့ဘဲ ဆိုင်ကို ပိတ်ထားလိုက်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင်လည်း စစ်တပ်က သေနတ် ပစ်ဖောက်ခြင်း၊ အော်ဟစ်ဆဲ ဆိုခြင်းများ ပြုလုပ်ပြီး ဖိအားပေး ခြိမ်းခြောက်ကာ ဈေးဆိုင်များကို ၇ ရက်တိတိ ပိတ်ထားရန် ပြောဆိုသွားခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။
ဒေသခံတဦးက “မနေ့က မထွက်ကြလို့ ဒီနေ့လည်း မထွက်နဲ့ဆိုပြီး ဖိအားပေး ခြိမ်းခြောက်နေတာ။ ဈေးကြီးနားက ဆိုင်တွေ ပိတ်ကုန်ပြီ။ မြို့ထဲက ဆိုင်တွေရောပဲ အခု ပြန်ပိတ်ကုန်ပြီ” ဟု ပြောသည်။
တချို့မြို့နယ်များတွင် ယမန်နေ့က ဆိုင်ပိတ်သည့် ပိုင်ရှင်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးက ရုံးသို့လာရန် စာပို့အကြောင်းကြားမှုများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အသံတိတ်သပိတ် ဆင်နွှဲမှု အရှိန်လျော့ကျစေရန် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည့်နေ့ရက်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးပြီး လိုင်စင် ပြန်လာရွေးခိုင်းခြင်းကို ဒီဇင်ဘာ ၁၀ ရက်သို့ ပြောင်းလဲချိန်းဆိုခြင်းများ၊ သက်ဆိုင်ရာ မြို့နယ်စည်သာယာရေးကော်မတီများက ဈေးဆိုင်များအား ယင်းနေ့တွင် ဆိုင်ဖွင့်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာပြည်သူလူထု၏ စစ်အာဏာ ရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် နံနက်အစောပိုင်းမှ ညနေ ၄ နာရီအထိ လမ်းမများပေါ် ကားမရှိ၊ လူမရှိ၊ ဈေးများ ဆိုင်များ ဖွင့်လှစ်ခြင်းမရှိဘဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
Source: irrawaddy