လာမည့် နှစ် ၂၀၂၂ ခုနှစ်ကား မြန်မာပြည်အတွက် သတင်းဆိုးများသာ ယူဆောင်လာသည်။
ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည်။
ထိုသို့သော ဆင်းရဲနွမ်းပါးမှုကို မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် မကြုံဘူးဟု UNDP ၏ “ပြည်သူ့အခြေခံ လိုအပ်ချက် စစ်တမ်း Myanmar People’s Pulse Survey” အမည်ရှိ အစီရင်ခံစာက ဆိုလိုက်သည်။
တနေ့ဝင်ငွေ ၁၅၉၀ ကျပ် (၀.၉၀ ဒေါ်လာ) ဖြင့် UNDP က သတ်မှတ်ထားသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်ရသော ရာခိုင်နှုန်းသည် တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်က ၂၄.၈ ရာခိုင်နှုန်းသာရှိရာမှ ၄၆.၃ ရာခိုင်နှုန်းသို့ တိုးလာခဲ့ခြင်း ဖြစ်သည်ဟု UNDP ကပြောသည်။ ၂၀၂၂ ခုနှစ်အစောပိုင်းတွင် မြို့ပြဒေသတွင် ဆင်းရဲနွမ်းပါးမှု ရင်ဆိုင်ရသူအရေအတွက် ၃၇.၂ ရာခိုင်နှုန်းရှိမည်ဖြစ်သောကြောင့် ၂၀၁၇ ခုနှစ်က ၁၁.၃ ရာခိုင်နှုန်းထက် ၃ ဆကျော် တိုးလာခြင်းလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံအကြိမ် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသည့် ထိုစစ်တမ်းသစ်သည် နိုင်ငံရေးအကျပ်အတည်းက ပြည်သူများအပေါ် သက်ရောက်နေသည်နှင့် မြန်မာပြည်သူများက ထိုအကျပ်အတည်းကို မည်သို့ ရင်ဆိုင်ရန်ကြိုးစားနေသည်တို့အား အသေးစိတ် ပြသနေသည်။
၂၀၂၁ ခုနှစ် မေလနှင့် ဇွန်လအတွင်း တနိုင်ငံလုံးမှ ဖြေကြားသူ ၁၂၀၀ ကို တွေ့ဆုံမေးမြန်းခဲ့သည့် Myanmar People’s Pulse Survey နှင့် ထိုစစ်တမ်းရလဒ်များကို ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ထိုစစ်တမ်းတွင် ပြည်သူများ၏ နေ့စဉ်ဘဝကို နိုင်ငံရေးအကျပ်အတည်းနှင့် ကိုဗစ်နိုင်တင်းက ပြင်းထန်သော သက်ရောက်မှုကို ပြသနေသည်။
“ထိုအတိုင်းအတာအထိ ဆင်းရဲနွမ်းပါးလာခြင်းကြောင့် လူလတ်တန်းစား ပျောက်ကွယ်သွားသည့် သဘောဖြစ်ကြောင်း UNDP ၏ အာရှပိစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ကန်နီဝစ်နာရာဂျာက Nikkei Asia သို့ ပြောဆိုခဲ့သည်။
လူလတ်တန်းစားသည် ထုံးစံအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်သည်။ ရွေးချယ်ခံ အရပ်သားအစိုးရလက်အောက် ရုန်းကန် ကြီးပြင်းလာနေသော မြန်မာပြည်ရှိ လူလတ်တန်းစားမှာ စစ်အာဏာသိမ်းမှုအပြီး ပြိုကွဲပျက်ဆီးသွားခဲ့ရသည်။ တက်လူငယ်များအတွက်လည်း အနာဂတ်မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန်မှ စတင်ပြီး သန်းနှင့်ချီသော ပြည်သူများ အလုပ်လက်မဲ့ဖြစ်ကုန်သည်။ မရေရာမှုများကြားတွင် ကျပ်ငွေ တန်ဖိုး ထိုးစိုက်ကျဆင်းပြီး နိုင်ငံ၏ဘဏ်လုပ်ငန်းကဏ္ဍသည် နက်ရှိုင်းသော အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့သည်။ ထိုဖြစ်ရပ်များသည် လူမှုအာဏာဖီဆန်ရေးအတွက် အလုပ်မလုပ်ကြတော့ခြင်း၊ စစ်ကောင်စီ အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစသည့် အရေးပါသော ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားခြင်းတို့၏ တိုက်ရိုက်အကျိုးဆက်ဖြစ်သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တနှစ်တာအတွင်း မြန်မာ့စီးပွားရေးသည် အသည်းထိတ်စရာ ၁၈ ရာခိုင်နှုန်းကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မူလက ခန့်မှန်းထားပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု အဆုံးသတ်မည့်အချိန်ကို လတ်တလော မတွေ့ရသေးသောကြောင့် ထိုစီးပွားရေးကျဆင်းမှုသည် ၂၀၂၂ သာမက နောက်နှစ်များအထိ ရှည်ကြာနေမည်ဟု ယူဆရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် စီးပွားရေးကဏ္ဍ ကျဆင်းသွားကြောင်း ဒီဇင်ဘာလ ၃ ရက် နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးတွင် ဝန်ခံသွားခဲ့သည်။
အပြောကား လွယ်သည်။ သို့သော် စစ်အာဏာသိမ်းပြီး ၉ လတာကာလအတွင်း လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့ပြီးပြီ ဖြစ်သည်။ လူပေါင်းများစွာ ဝင်ငွေများ ကျဆင်းကုန်သည်။ အစားလျှော့စားလာနေကြရသည်။ စူဆောင်းမိသည်များ ထုတ်သုံးနေကြရသည်။ အချို့က ဝင်ငွေရလမ်း လုံးဝ မရှိတော့။
ယင်းကပင် စစ်အုပ်ချုပ်ရေးသည် ရွေးကောက်ခံ အရပ်သားအစိုးရများကဲ့သို့ တိုင်းပြည်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားကို မဖန်တီးပေးနိုင်ကြောင်း ပေါ်လွင်ထင်ရှားနေပေတော့သည်။
Source: Irrawaddy