မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာသို့ ယမန်နေ့ နို၀င်ဘာလ ၂၀ ရက်နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လူနေအိမ် ၁၀ အိမ်ခန့်ရှိ အတွင်းပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အိမ်တွေထဲ တော်တော် ပျက်စီးသွားတယ်။ဗိုလ်ချုပ်ကြေးရုပ်ထုကို လှဲချသွားတယ်။ အုတ်နံရံမှာလည်း မီးလောင်မယ်ဆိုတဲ့ စာရေးပြီး ရွာကိုခြိမ်းခြောက်ထားတာ။ ကျွန်တော်တို့က ရွာကို သူခိုးတွေ အန္တရာယ်ကင်းအောင် ကင်းလှည့်ပတ်ပြီး မှတ်တမ်းလိုက်ယူနေတာ။ အခုဆိုရွာခံတွေ သောင်ပြင်မှာ အိပ်နေရတယ် ဆောင်းတွင်းဆိုတော့ နှင်းကျတာနဲ့ အဆင်မပြေလို့ စောင်တွေလိုလို့ ကျွန်တော်တို့သွားပို့ပေးရသေးတယ်”ဟု ဗိုလ်ဘီလုံး ပြောက်ကျားအဖွဲ့ ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
ရေလယ်ကျွန်း ဒေသရှိ ရွာပေါင်း ၂၅ရွာကျော်ကို နို၀င်ဘာလ ၁၅ ရက်က စတင်ကာ စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကာ လက်ရှိတွင် မြောက်လက်ဇရပ်နီရွာနှင့် ဆင်ခြေရွာတို့တွင် အဖွဲ့ခွဲ၍ စခန်းချထားကြောင်းသိရသည်။
Source: Mizzima