“ညီမကိုစဖမ်းခေါ်သွားတော့ နန်းတွင်းစစ်ကြောရေးကို ခေါ်သွားတယ်။ မျက်နှာကို အဝတ်စနဲ့ ပိတ်တယ်၊ အဝတ်စပေါ်မှာ တိပ်နဲ့ပိတ်တယ်။ ဝါယာကြိုးတွေနဲ့ ရိုက်တယ်။ လက်သည်းအရှည်တွေကို ပလာယာနဲ့ ဆွဲလိမ်တယ်။ ရေဆာလို့ ရေတောင်းသောက်တော့ ရေနွေးပူနဲ့ လောင်းချတယ်။ အနာတွေ ပိုးသတ်မယ်ဆိုပြီး အရက်ပျံတွေနဲ့ ခဏခဏ လာဖြန်းတယ်။”
ဒီစကားတွေကို ပြောပြနေတာက အသက် ၂၀ ဝန်းကျင် ပါးပါးလျလျ ခန္ဓာကိုယ်နဲ့ သာမန်မိန်းကလေးတွေ ထက်ပိုပြီး နူးညံ့သယောင်ထင်ရတဲ့ စောဟန်နွေဦးပါ။ သူဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT အဖြစ် လက်ခံပြောင်းလဲ နေထိုင်တဲ့ စာရေးဆရာမတစ်ဦးဖြစ်သလို အလွတ်တန်းအစီအစဉ်တင်ဆက်သူအဖြစ် ရပ်တည်နေသူတစ်ဦးပါ။
ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ဒေသမှာ စစ်ပညာသွားသင်ခဲ့တဲ့ လူငယ်မျိုးဆက်တွေထဲမှာ LGBT တစ်ယောက်ဖြစ်တဲ့ စောဟန်နွေဦးလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
စစ်ပညာသွားသင်တယ်၊ ပြန်ရောက်လာတော့ PDF တွေကိုထောက်ပံ့တယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာစုတွေ ရေးသားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ စက်တင်ဘာလအတွင်းမှာ မန္တလေးမှာရှိတဲ့နေအိမ်မှာ လာရောက်ဖမ်းဆီး ခံရပြီးတဲ့နောက် ပုဒ်မ ၅၀၅-ကနဲ့ တရားရင်ဆိုင်ပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလထဲမှာ ပြန်လွတ်လာခဲ့ပါတယ်။
ပြန်လွတ်လာတဲ့အခါမှာ သူရဲ့ စစ်ကြောရေး အတွေ့အကြုံကို ပြန်ပြောနေတာပါ။
သွေးပျက်စရာကောင်းတဲ့ စစ်ကြောရေးအတွေ့အကြုံက စောဟန်နွေဦးလို LGBT တစ်ယောက်အတွက်လည်း ခါးသီးခဲ့ပါတယ်။
“ညီမ ထိုင်းမှာ လိင်သွားပြောင်းဖို့အတွက် ဆရာဝန်နဲ့ဆွေးနွေးထားတဲ့ ဖုန်းထဲက စာတွေ့တော့ ပြောင်းထားပြီလား ဆိုပြီး ညီမရဲ့မမြင်အပ်တဲ့နေရာတွေကို အတင်းလှန်ကြည့်တယ်။ မိန်းမလျာက မိန်းမလျာလိုနေ၊ အခြောက်မကခြောက်မလိုနေဆိုပြီး မင်းက အခြောက်ဆိုတော့ ဒါကြိုက်လားဆိုပြီး သူတို့ပစ္စည်းတွေလှန်ပြတယ် ပြောလိုက်၊ လှောင်လိုက်ပေါ့…”စတဲ့ သူကြုံခဲ့ရတဲ့တွေကို ပြန်ပြောချိန်မှာ တော့ စောဟန်နွေဦးရဲ့အသံတွေ တိမ်ဝင်သွားခဲ့ပါတယ်။
ပြီးတော့ သူရခဲ့တဲ့ ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားနေရတုန်းပဲလို့လည်း သူက ပြောပြခဲ့ပါတယ်။
ကားနဲ့တိုက်ဖမ်းခံခဲ့ရတဲ့ စူးရှရှင်းသန့်
မန္တလေးမြို့က LGBT အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စူးရှရှင်းသန့် အောက်တိုဘာလထဲမှာ မန္တလေးမြို့လယ်မှာ ဆိုင်ကယ်စီးနေစဉ် စစ်ကောင်စီတပ်ဖွဲ့လို့ယူဆရတဲ့ အရပ်ဝတ်နဲ့လူတစ်စုက ကားနဲ့တိုက် ဖမ်းဆီးသွားခဲ့ပါတယ်။
စောဟန်နွေဦးနဲ့ စူးရှရှင်းသန့် မန္တလေးအိုးဘိုထောင်ထဲမှာ တွေ့ဆုံခဲ့ချိန်က သိခဲ့ရတာတွေကိုလည်း စောဟန်နွေဦးက ပြန်ပြောပြပါတယ်။
“စူးရှရှင်းသန့်နဲ့က ညီအစ်မအရင်းတွေလိုပဲနေတာ၊ ထောင်ထဲမှာ မျက်နှာချင်းဆိုင်တွေ့တယ်။ သူ့မျက်နှာမှာ ဒဏ်ရာတွေတွေ့တော့ အဆင်ပြေရဲ့လား အစ်မလို့မေးတော့ သူ့ကို သစ်ပင်ပေါ်ကတောင် ဇောက်ထိုးဆွဲပြီး ရိုက်တယ်ပြောတယ်။”
“သူကတော့ နန်းတွင်းစစ်ကြောရေးကိုမရောက်ခဲ့ဘူး။ သူ့ကိုဖမ်းသွားတဲ့ မန္တလေးမြို့နယ်ရဲစခန်းမှာပဲ အဲ့ဒီလိုလုပ်ခဲ့တာလို့ သူပြန်ပြောပြတယ်”လို့ ပြောပါတယ်။
စစ်ကြောရေးမှာ ကြုံတွေ့ခဲ့ရတဲ့ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပါတယ်။
“စစ်သင်တန်းမှာ ခွဲခြားမဆက်ဆံ”
ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ကိုလက်မခံကြောင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူတွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT အင်အားစုတွေလည်း ပါဝင်ကြပါတယ်။
သူတို့ကျွမ်းကျင်တဲ့ မိတ်ကပ်နဲ့ဖက်ရှင်အတတ်ပညာတွေနဲ့ တင်ဆက်မှုပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာ့အရေးကိုအာရုံစိုက်လာအောင် ဆန္ဒထုတ်ဖော်ကြပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ လူငယ်တွေ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီး တောထဲဝင်ချိန်မှာလည်း LGBT တွေ ပါဝင်ခဲ့ပါတယ်။
နာမည်ကြီး မိတ်ကပ်ပညာရှင်တွေလည်းဖြစ်၊ လူမှုကွန်ရက်မှာ ဆယ်လီလို့ခေါ်တဲ့ လူကြိုက်များတဲ့ မိတ်ကပ်မေဦးတို့လို LGBT စုံတွဲတွေလည်း လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။
” ပင်ပန်းမယ်၊ ခက်ခဲမယ် ၊ ခွဲခြားဆက်ဆံမှုတွေလည်း ရှိကောင်းရှိနိုင်လိမ့်မယ်ဆိုတာသိပေမယ့် စစ်သင်တန်း သွားတက်ခဲ့တယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံတာ မကြုံခဲ့ရဘူး။ ပိုပြီး အရေးပေး ဂရုစိုက်တယ်။ အဲ့ဒီမှာလည်း တခြား LGBT တွေရှိတယ်။သီးသန့်အခန်းလေးတွေထားပေးတယ်”လို့ စောဟန်နွေဦးက သူ့ရဲ့ စစ်သင်တန်း အတွေ့အကြုံကို ပြောပြပါတယ်။
” ပင်ပန်းတာကတော့ LGBT မှမဟုတ်ပါဘူး။ ယောက်ျားလေးလည်း ပင်ပန်းတယ်၊ မိန်းကလေးလည်း ပင်ပန်းတယ်။ LGBT လည်းပင်ပန်းတာပါပဲ။ အားလုံးကတော့ ခံယူချက်ကိုယ်စီနဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ ရောက်သွားကြာတာပါပဲ”လို့ ဆက်ပြောပြပါတယ်။
လူမှုအသိုင်းအဝိုင်းမှာ LGBT ကို ခွဲခြားဆက်ဆံတဲ့ ရှေးရိုးစွဲ အမြစ်တွယ်မှုတွေ ဆက်ကျန်နေသေးပေမယ့် အသိပညာပေးတာတွေနဲ့ ဥပဒေတချို့ အကောင်အထည်ပေါ်လာသလို ခွဲခြားဆက်ဆံတဲ့ အမြင်တချို့ လူမှုအသိုင်းအဝိုင်းမှာ ပြောင်းလဲလာပါပြီ။
ကျားမတန်းတူမညီမျှမှုတွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ LGBT အသိုင်းအဝိုင်းပေါ် နှိမ့်ချဆက်ဆံမှုတွေပျောက်ဖို့ကို တက်ကြွလှုပ်ရှားသူတွေက အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြပါတယ်။
စစ်ကြောရေးက ရက်စက်မှုတွေကို မလိုလားကြသလို လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုတွေလည်း ပျောက်ကွယ်သွားမလားဆိုတာက မေးခွန်းထုတ်စရာတစ်ခုပဲ ဖြစ်ပါတယ်။
Source: BBC Burmese