ဒေါ်လာစျေးနဲ့ရွှေစျေးကတော့တအိအိနဲ့ပြန်လည်ကျဆင်းလာတယ်။ဒါပေမယ့်အရင်ကပြောခဲ့သလိုကုန်စျေးနှုန်းကတော့ပြန်ကျမလာတော့ဘူး။ဗဟိုဘဏ်ကတစ်လကိုဒေါ်လာသန်းရာနှင့်ချီပြီးရောင်းချနေပေမယ့်စျေးကွက်ထဲမှာမြန်မာကျပ်ငွေရှားပါးမှုဟာပိုမိုဆိုးရွားလာတယ်။အခုဆိုရင်ဘဏ်တွေဟာ ATMစက်တွေမှာငွေမထည့်တော့တာတစ်လကျော်တောင်ရှိနေပြီ။အရင်ကဆိုငွေထုတ်ချင်ရင်ATMမှာတန်းစီထုတ်လို့ရနိုင်သေးတယ်။ဘဏ်တွေမှာလဲထုတ်ပေးတဲ့ငွေပမာဏကပိုနည်းလာပြီ။အစိုးရဘဏ်တွေဆိုတစ်လတစ်သိန်းပဲထုတ်ပေးတော့တယ်။ဘယ်လိုအလုပ်လုပ်ကြမလဲ။ပြင်ပစျေးကွက်ကထုတ်ရင်တော့ထပ်ဆောင်းအပိုငွေအနည်းဆုံး၅ရာခိုင်နှုန်းပေးနေရဆဲပဲ။အရေးတကြီးထုတ်ဖို့လိုအပ်သူတွေကတော့ကိုယ့်ငွေကိုရာခိုင်နှုန်းတွေပေးပြီးထုတ်နေကြရတယ်။ဒီကာလကြီးမှာဘယ်အရာမှအဆင်ပြေမနေဘူး။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...