တိုင်းရင်းသားတပ်များကို ၅ လ အပစ်ရပ်ကြောင်း ကြေညာပြီး မြန်မာပြည်အလယ်ပိုင်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားများကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ဝင်တိုက်ရ ခက်ခဲနေသည်ဟု PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
အရာတော်မြို့နယ် PDF တာဝန်ခံ ဗိုလ်ရောင်ပြန်က ၎င်းတို့ဒေသတွင်း နောင်ကြီးအိုင်နှင့် မကျီးကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာသူရွာသားတို့ကို အကာအကွယ်ယူပြီး ချီတက်တတ်သည်ဟု ပြောသည်။
“ရွာတစ်ရွာကို မွှေမယ်ဆိုရင် တခြားရွာကနေပြီးတော့ ဖမ်းမိတဲ့ ပြည်သူတွေပေါ့ဗျာ။ သူတို့ရှေ့ကနေပြီးတော့ သွားခိုင်းတာမျိုး၊ တကယ်လို့ ချုံခိုတိုက်ခိုက်တာမျိုးတွေ ဘာတွေ ပြုလာရင် ပြည်သူတွေကို အရင်ထိအောင်။ အဲ့ဒီတော့ ပြည်သူအချင်းချင်း လုပ်လို့မရဘူးဗျာ၊ ကျွန်တော်တို့က အကုန်လက်ရှောင်ရတာ။ သူတို့(စစ်သား) မွှေတဲ့ နေရာတိုင်းမှာ တွေ့တဲ့သူဖမ်းပြီးတော့ လူသားဒိုင်းအနေနဲ့ လုပ်တယ်”ဟု ၎င်းက ပြောသည်။
အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA)၏ တာဝန်ခံ ဗိုလ်ဘအိုကလည်း ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ယခင်ထက်ပို၍ အရှိန်မြင့်ကာ စနစ်တကျ ခုခံတော်လှန်သွားရေးမှာ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမို လိုအပ်လာသည်ဟု သုံးသပ်သည်။
ဒေသခံတို့ကို လူသားဒိုင်းအဖြစ် စစ်တပ်က သုံးနေခြင်းသည် PDF များအတွက် အခက်အခဲကြီးဖြစ်နေသည်ဟု ပြောသည်။
“ပြည်သူတွေကလည်း ရွာကို စစ်တပ်က ဝင်စီးတာတွေ၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အနေအထားတွေမှာ ကြိုတင်ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်ထားကြမယ်ဆိုရင်တော့ အဲ့ဒီအခက်အခဲကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံမည့် အနေအထားကို တတ်နိုင်သမျှရှောင်ကာ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများဖြင့် ခုခံရန် ပြင်ဆင်ထားကြောင်း ဗိုလ်ဘအိုက ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုဒဏ်ကြောင့် အထိနာလေ့ရှိသော စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့် နေရာနှင့် အနီးဆုံးရွာကို ပစ်မှတ်ထား ဖျက်ဆီးတတ်သဖြင့် ချုံခိုတိုက်ခိုက်သည့်အခါ နေရာရွေးချယ်ခြင်းသည်လည်း PDF များ၏ အခက်အခဲကြီးတစ်ခု ဖြစ်လာနေသည်ဟု ဆိုသည်။
အရပ်သားတို့ကို အကာအကွယ်အဖြစ် သုံးခြင်း၊ ရွာထဲဝင်ကာ အိမ်မီးရှို့ခြင်း စသည့် ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ အခြားသတင်းဌာနများက မြန်မာပြည်အလယ်ပိုင်းရှိ ထိုဖြစ်ရပ်အကြောင်း မေးခွန်းပို့ ဆက်သွယ်ခြင်းကိုလည်း ၎င်းက တုံ့ပြန်ခြင်း မရှိပေ။
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများတွင်မူ PDF များသည် အကြမ်းဖက်အဖွဲ့များဖြစ်ကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ယူပြီး အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုလေ့ရှိသည်။
စစ်ကောင်စီတပ်က ပြည်သူများကို အကြမ်းဖက်နှိမ်နင်းပြီး လူ့အခွင့်အရေးချိုးဖောက်နိုင်သမျှ ချိုးဖောက်နေခြင်းအတွက် ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က အောက်တိုဘာ ၆ တွင် ဆုံးဖြတ်ခဲ့သည်။ ပြည်သူတို့ကို အနိုင်ကျင့် နှိပ်စက်သည့် လုပ်ရပ်သည် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်သည်ဟု ဥရောပပါလီမန်အမတ်များက ပြောသည်။
အရာတော် စစ်မြေပြင်
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အရှေ့ခြမ်းရှိ ဒေသခံ ပျောက်ကြားအဖွဲ့များကို နေ့စဉ် ရွာစဉ်ထိုးမွှေနှောက်ရှာဖွေနေသည်ကို စက်တင်ဘာလကုန်ပိုင်းမှစ၍ တွေ့ရသည်။
လာမည့်နှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ်ရပ်စဲမည်ဟု မကြာသေးခင်က စစ်ကောင်စီတပ် ကြေညာထားပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်အများစု အပစ်ရပ်ထားသည့် အခြေအနေသည် မြို့ပြတိုက်ပွဲဆင်နေသော PDF များကို ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်အတွက် အသက်ရှူချောင်စေသည်။
ဤအတောအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လုံးဝမရှိဘဲ မြေပြန့်ပြောက်ကျားတိုက်ခိုက်မှု အားအကောင်းဆုံးဖြစ်နေသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားသည်။
စစ်ကိုင်းအရှေ့ခြမ်းရှိ အရာတော်၊ ပုလဲ၊ ဝက်လက်၊ ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး စသည့် မြို့နယ်များကို ပြီးခဲ့သည့် လလယ်ပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီးနောက် အဆိုပါမြို့နယ်အသီးသီးရှိ ရွာများကို ပစ်မှတ်ထားကာ စစ်သားဦးရေ ၁၀၀ ခန့်ဖြင့် နေ့စဉ်ဝင်မွှေနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အဖွဲ့များထံမှ သိရသည်။
ကျေးရွာပေါင်း ၁၀၀ ကျော်ရှိသည့် အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်မွှေနေသဖြင့် ကျေးရွာ ၂၀ ထက်မနည်းတွင် ရှိသည့် ထောင်ချီသော ဒေသခံပြည်သူများသည် ညအချိန်တွင် တောတောင်ထဲ၌ ပုန်းခိုအိပ်ရသည့် စစ်ပြေးဒုက္ခသည်များဖြစ်လာရသည်။
အရှေ့မှ အနောက်သို့ ၁၉ မိုင်၊ တောင်မှ မြောက်သို့ ၂၄ မိုင် ကျယ်ဝန်းသည့်အတွက် အရာတော်မြို့နယ်သည် ပြောက်ကျားတိုက်ခိုက်ရန် အားသာချက်ဖြစ်နေပြီး တောတောင်မထူထပ်သဖြင့် စခန်းအတည်တကျထားပြီး ပြန်တိုက်ရန်မှာ အားနည်းချက်ဖြစ်နေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်တပ်ပိုင် Mytel ၏ ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ နီးပါး ဖျက်ဆီးခံလိုက်ရသည့်အနက် စစ်ကိုင်းတိုင်းသည် ဖျက်ဆီးခံရမှုအများဆုံးဒေသဖြစ်သည်။ အရာတော်မြို့နယ်အတွင်းရှိ တာဝါတိုင် ၁၃ ခု ဖောက်ခွဲဖျက်ဆီးခံရသဖြင့် စစ်ကိုင်းတိုင်းအတွင်း အများဆုံးမြို့နယ်ဖြစ်သည်။
မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် လာမွှေနေသော စစ်သားများသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက် စခတ-၁၀(စစ်ရေးအခြေခံ လေ့ကျင့်ရေးတပ်) နှင့် တကရ-၅၀၀၄ (တင့်ကားတပ်ရင်း) မှ စစ်သားများဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဘုတလင်မြို့နယ်အတွင်း ဝင်မွှေချိန်တွင် ဒေသခံများကို လမ်းပြအဖြစ် အဓမ္မစေခိုင်းခြင်း၊ စားနပ်ရိက္ခာ ယူဆောင်ခြင်းအပြင် လက်ကိုင်ဖုန်းများ၌ တပ်ဆင်ထားသည့် ဖုန်းဆင်းကတ်များကိုပါ ဖြုတ်ယူသွားကြသည်။
ဩဂုတ်လအတွင်းမှာ စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် ဒီပဲယင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များက မရကန်ကျေးရွာရှိ နေအိမ်ဆယ်လုံးကို ဝင်မွှေ၍ ရွှေ၊ ငွေ စသည်များ ယူဆောင်သည့်ပြင် ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့သွားသည်။
ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၄ နှစ်သားအပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက်အသတ်ခံရသည့် ကနီမြို့နယ် ကျေးရွာများတွင်လည်း စစ်ကောင်စီက တပ်စွဲထားသည်။
လက်နက် ကွာခြားမှု
ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရဲစခန်းကို ရှေးဟောင်းသေနတ်အမျိုးအစားဖြစ်သော တူမီးကိုင် PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အင်အားပေါင်းစုံဖြင့် ပြန်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။
ယခုလဆန်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်သား ၅၀ ကျော် သေဆုံးမည်ဟု ပုလဲမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းသည်။
အောက်တိုဘာ ၃ တွင် မိုင်း ၁၆ လုံး၊ နောက်တစ်နေ့တွင် မိုင်း ၂၇ လုံးဖြင့် စစ်ကောင်စီယာဉ်တန်းကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဒုတိယနေ့ယာဉ်တန်းတွင် လူသယ်သံချပ်ကာယာဉ်အပါအဝင် စစ်ကားအစီးရေ ၈၀ ခန့် ပါဝင်သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးက Myanmar Now ကို ပြောသည်။
“၅ စီးကတော့ ရုပ်ပျက်ဆင်းပျက်ကို ပျက်စီးသွားတာ။ မီးလောင်မိုင်းမဟုတ်တဲ့အတွက် မီးလောင်တာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီ(လက်လုပ်မိုင်း) ထဲမှာပါတဲ့ သံတိုသံစ၊ အတိုအစတွေက ရန်သူ့ကိုယ်တွေထဲတော့ ကောင်းကောင်းဖောက်ဝင်နိုင်တယ်”ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၅ နံနက်တွင် ပုလဲမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်မွှေခဲ့ပြီး အိမ်ခြေ ၈၀ ခန့်ရှိသည့် ရေနံမှော်ရွာကို မီးတင်ရှို့သဖြင့် အိမ် ၁၅ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ၌ ဝင်မွှေကာ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၆ နှစ်သမီးအပါအဝင် အရပ်သား ၅ ဦးသေခဲ့သည်။ ထိုရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအလံထောင်ထားသည့် ကိုအောင်သူ၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ခင်ဦးစားချစ်ညိုအဖွဲ့က Myanmar Now ကို အတည်ပြုသည်။
မည်သူက အာဏာသိမ်းမှုဆန့်ကျင်သူဖြစ်ကြောင်း တိတိကျကျမသိသဖြင့် စစ်ကောင်စီတပ်က သတင်းပေးသူများကို အားကိုးအားထားပြုနေရာ ခင်ဦးစားချစ်ညိုအဖွဲ့က ဒေသတွင်း စစ်ကောင်စီသတင်းပေးဟု ယူဆရသူတို့ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။
နှစ်ဘက် အားသာချက်များ
အောက်တိုဘာလဆန်းမှစ၍ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် စစ်ကိုင်းတိုင်းသို့ ရောက်ရှိကွပ်ကဲနေသည်ဟု သတင်းထွက်နေသည်။
ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ရဲချုပ်တာဝန်ဖြင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ကို အနီးကပ်ကြီးကြပ်ရန် ရောက်နေခြင်းဖြစ်နိုင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေသော ဗိုလ်ကြီးဇင်ယော်က ယူဆသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်မှားသည်ဟု အကြောင်းပြကာ စစ်အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ရဲချုပ်သန်းလှိုင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် စစ်ကောင်စီက ရာထူးတိုးခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ရွှေထွက်ရာအများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း စစ်မျက်နှာဖွင့်လာခြင်းမှာ စစ်ကောင်စီလက်ထက်တွင် ၎င်း(စကစ) တို့အတွက် ဝင်ငွေရသည့် စီပွားရေးလုပ်ကွက်တစ်ခုခုဖော်ဆောင်ရန် ရည်ရွယ်ချက်လည်း ရှိနိုင်သည်ဟု ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
“စစ်ကိုင်းနဲ့ ချင်းနဲ့ကိုတော့ သူတို့က ဖိမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်မှာ ထိစပ်နေတာက အိန္ဒိယပဲရှိတယ်လေ။ အိန္ဒိယက စစ်ကောင်စီနဲ့ ပုလဲပနံသင့်တယ်လေ။ အဲ့ဒီတော့ သူတို့ (PDF) သည် ဟိုဘက်နယ်စပ်ကို ကျော်သွားလို့ မရဘူး။ စစ်ရေးအရလည်း ဟိုဘက်ကို ညှိထားမှာလေ။ အိန္ဒိယကို ညှိထားပြီးမှ ဒီစစ်ဆင်ရေးကို လုပ်တယ်လို့ ကျွန်တော် ယူဆတယ်”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့် နေရာဖြစ်၍ PDF များကို နှိမ်နှင်းရန် ပိုလွယ်ကူသယောင်ရှိနေသော်လည်း နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှု၊ ပြောက်ကျားတိုက်စစ်ဆင်နိုင်မှုတို့က PDF တို့အတွက် အထောက်အကူဖြစ်သော အချက်များဖြစ်သည်ဟု ၎င်းက ပြောသည်။
“(တိုက်ခိုက်ခံရမှု) အများဆုံးဖြစ်တဲ့နေရာကို အုံနဲ့ကျင်းနဲ့ ထိုးလိုက်တာ၊ ထိုးစစ်ဆင်နှိမ်နှင်းတာကတော့ စကစ (စစ်ကောင်စီ) ရဲ့ နည်းဗျူဟာပဲဗျ။ တိုက်စစ်အဟုန် ရပ်မသွားရင်တောင်မှ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲပစ်လိုက်တာ။ ဒါပေမဲ့ (PDF တွေ) ရှုံးတော့ မရှုံးနိမ့်နိုင်ဘူး၊ ဦးလည်း မကျိုးနိုင်ဘူး၊ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ လုပ်မယ်ဆိုရင်တော့ စစ်ကောင်စီအတွက် ထပ်ပြီးတော့ စစ်ပန်းမဲ့နေရာလို့ပဲ မြင်တယ်”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဗိုလ်ကြီးဇင်ယော်ဟု မိတ်ဆက်လာသူသည် စစ်အာဏာရှင်တော်လှန်ရေးအတွင်း တစ်ရက်အတွင်း လူရာချီသေဆုံးခဲ့သည့် မတ်လ ၂၇ မတိုင်မီကတည်းက CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် မြန်မာပြည်တောင်ဘက်စွန်းရှိ တပ်ရင်းတစ်ခု၏ အရာရှိတစ်ဦးဖြစ်သည်။
သူနောက်ဆုံးတာဝန်ယူခဲ့သည့် တပ်ရင်းဌာနချုပ်နှင့် စစ်တက္ကသိုလ်(DSA) အပတ်စဉ်နံပါတ်များကိုမူ ၎င်း၏ မိသားစုလုံခြုံရေးအခြေအနေကောင်းမှသာ ထုတ်ဖော်ပြောမည်ဟု ဆိုသည်။
စစ်ကောင်စီကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တော်လှန်ခုခံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကြေညာပြီး တစ်လအတွင်း စစ်ကော်စီဘက်တော်သား အများအပြားသေဆုံးခဲ့သည့် စစ်ကိုင်းတိုင်းကို စစ်မျက်နှာဖွင့်ခံလာရခြင်းဖြစ်သည်။
နိုင်ငံပိုင် ငွေကြေးနှင့် အခြားအရင်းအမြစ်များကို သုံးစွဲနေခြင်း၊ ရာစုနှစ်ဝက်နီးပါး စစ်ရေးအတွေ့အကြုံရှိခြင်း၊ လက်နက်ပြည့်စုံခြင်းတို့မှာ စစ်ကောင်စီတပ်၏ အားသာချက်ဖြစ်သည်။
သို့သော်လည်း လက်နက်အင်အားသာ လုံလောက်စွာရပါက စစ်ကိုင်းတိုင်းအတွင်း လှည့်လည်မွှေနှောက်နေသည့် စစ်ကောင်စီတပ်ကို ချေမှုန်းနိုင်မည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အခိုင်အမာယုံကြည်နေကြသည်။
“ကျွန်တော်တို့ဆိုရင် လက်လုပ်သေနတ်လေးတွေ၊ မိုင်းလေးတွေနဲ့ တော်တော် ကြံ့ကြံ့ခံနေရတယ်။ ဒါပေမဲ့ ကျွန်တော့်နယ်က ပြည်သူ၊ ကျွန်တော့်ပြည်သူလွတ်မြောက်ရေးအတွက် အသက်သေတဲ့အထိ ၊ သေချင်မှလည်း သေလိမ့်မယ်၊ သေသွားလည်း ကျွန်တော် မနှမြောဘူး။ ဘယ်လို ပြဿနာပဲ ကြုံကြုံ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်။ နောက်ဆုတ်သွားမှာတော့ မဟုတ်ဘူး”ဟု စစ်ယာဉ်တန်းများကို လက်လုပ်မိုင်းများစွာဖြင့် တိုက်ခိုက်ခဲ့သည့် ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။
ဒေသခံတို့ကို အသိပေးခြင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုမြင့်တက်လာနေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် အခြားပြည်သူများကိုပါ ထိပါးနိုင်သဖြင့် ပြည်သူများအနေဖြင့် ည ၇ နာရီမှ နောက်နေ့ မနက် ၅ နာရီအထိ ခရီးသွားလာခြင်းမပြုကြရန် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က အောက်တိုဘာ ၇ ၌ အသိပေးထုတ်ပြန်ထားသည်။
စစ်သားများသည် ပြည်သူအယောင်ဆောင်ကာ ကင်းလှည့်သွားလာနေသဖြင့် အရပ်သားများ စစ်ဘက်မော်တော်ယာဉ်များနှင့် ကပ်မလိုက်ရန်၊ အိမ်စီးကားများ ဘေးမှန်ချမောင်းနှင်ကြရန်၊ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကို နီးစပ်ရာ PDF များထံ သတင်းပေးကြရန်လည်း ထိုအဖွဲ့က တိုက်တွန်းထားသည်။
NUG က စစ်ကြေညာပြီး တစ်လအတွင်း ရခိုင်ပြည်နယ်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၆၉၁ ကြိမ်ဖြစ်ပွားခဲ့သည့်အနက် စစ်ကိုင်းတိုင်းအတွင်း ၁၈၅ ကြိမ်ရှိခဲ့သဖြင့် စစ်ရေးပဋိပက္ခအများဆုံးဒေသလည်း ဖြစ်နေသည်။
ထိုတစ်လအတွင်း စစ်ကောင်စီတပ်သား ၉၅၂ ဦး သေဆုံးကာ ၃၂၃ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီကြောင့် ပြည်သူ ၁၇၀ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၉၈ ဦးရှိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။