ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ၏နေအိမ် သုံးလုံးပျက်စီးကာ ပြည်သူတစ်ဦးခြေထောက်ထိခိုက်ဒဏ်ရာရရှိကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(DMO-PDF)၏ ပြန်ကြားရေး တာ၀န်ခံထံက သိရသည်။
ယနေ့ အောက်တိုဘာလ ၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် ခေါက်ပလော့ကျေးရွာဘက်သို့ ဒီးမော့ဆိုရဲစခန်းမှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် လေးချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဒီးမော့ဆိုမြို့နှင့် ခေါက်ပလော့ကျေးရွာမှာ ဆိုင်ကယ်စီးသွားပါက ၁၅မိနစ်ခန့်သာ သွားရသည့် အကွာအဝေးရှိကြောင်း DMO-PDF၏ ပြန်ကြားရေးတာ၀န်ခံက ပြောသည်။
“ရဲစခန်းဘက်မှာရှိတဲ့ တပ်ရင်းက လိုက်ပစ်တာပါ။ မနက်ကလည်း တောင်ဘက်ကို အများကြီးပစ်တာ ၊ အဲဒီဘက်မှာက ပြည်သူတွေ၊ အိုးအိမ်တွေမရှိတော့ ထိခိုက်ပျက်စီးမှုမရှိဘူး။ လက်ရှိအနေအထားကတော့ သူတို့လည်း တက်မလာရဲဘူး။ ကျွန်တော်တို့ဘက်ကလည်း ကင်းထောက်နေတုန်း သူတို့လာတာနဲ့တိုက်ပွဲဖြစ်မှာပဲ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ရင်းမှာ ယမန်နေ့ အောက်တိုဘာလ ၄ ရက်က လွိုင်ကော်မြို့ဘက်မှ ဖရူဆိုမြို့ဘက်သို့ ခြေလျင်တပ်ဖွဲ့များအပြင် ကားဖြင့်ပါ စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာခဲ့ခြင်းဖြစ်၍ စစ်အင်အား ၃၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့ရှိ ဒေသခံပြည်သူများမှာ မြို့လုံးကျွတ်တိမ်းရှောင်နေရကြောင်း DMO-PDF ထံမှ သိရသည်။w
Source မဇ္ဈိမ