Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကလေးသူငယ်တွေ အပါအဝင် နိုင်ငံအနှံ့က စစ်ဘေးရှောင်တွေ အငတ်ဘေးကျမယ့် အန္တရာယ်

October 5, 2021
in သတင်း
Reading Time:4 mins read
Share on FacebookShare on Twitter
ကယားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ၇၉၀၀၀ အထိ ရောက်လာပြီ

မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ကြရသူတွေထဲ ကလေးသူငယ် ဦးရေ ခွန်နှစ်သောင်း ခြောက်ထောင် (၇၆၀၀၀) ကျော် ပါဝင်နေတယ်လို့ ဗြိတိန် အခြေစိုက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပရဟိတ ရံပုံငွေ အဖွဲ့ Save the Children က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်ထဲက လူမှုဘဝတွေ အပေါ် ဘယ်လောက် အတိုင်းအတာအထိ ရိုက်ခတ်သလဲ၊ ဘယ်လို ပုံစံမျိုးတွေ ရိုက်ခတ်သလဲ ဆိုတဲ့အပါ် အဓိက အာရုံစိုက်ပြီး ကလေးသူငယ်များကို ကယ်ဆယ်ရေး Save the Children အဖွဲ့က အစီရင်ခံစာတစ်စောင် လောလောလတ်လတ်မှာပဲ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနဲ့ လူမှုဒုက္ခ အခြေအနေ အမျိုးမျိုးကို အရွယ်ရောက်နှင့်ပြီးသူတွေ ရင်ဆိုင်နေရချိန် ကလေးသူငယ်များဟာလည်း အစာရေစာ မလုံလောက်မှု၊ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို ခံနေရတယ်လို့ အစီရင်ခံစာထဲ သတိပေးထားပါတယ်။

စစ်ဘေးရှောင် မိသားစုတွေထဲက ကလေးသူငယ်တွေဟာ အဟာရမပြည့်ဝတဲ့ ပြဿနာကြောင့် ရောဂါဘယတွေ ကပ်ငြိခံလာရဖို့ အန္တရာယ်များနေပြီး အချိန်မီ ကယ်ဆယ်မှုတွေ မလုပ်နိုင်ဘူးဆိုရင် အသက်သေဆုံးရတဲ့ အထိ ဆိုးရွားတဲ့ အခြေအနေတွေ မကြာခင် ကြုံတွေ့လာရတော့မယ်လို့ အစီရင်ခံစာထဲ ဆိုထားပါတယ်။

ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ မီးဖွားပြီးစ မိခင်တွေ အပါအဝင် စစ်ဘေးရှောင်တွေဟာ တောတွေတောင်တွေထဲ ဖြစ်သလို စီမံထားရတဲ့ နေရာထိုင်ခင်းမျိုးတွေမှာ နေကြရတာ ဖြစ်တယ်လို့ ကလေးသူငယ်များကို ကယ်ဆယ်ရေး Save the Children အဖွဲ့က ထောက်ပြထားပါတယ်။

ကလေးသူငယ်များကို ကယ်ဆယ်ရေး Save the Children ရဲ့ အစီရင်ခံစာ အရ စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အခန်းကဏ္ဍ ၄ ခု ရှိနေတယ်လို့ ဆိုထားပါတယ်။

(၁) အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရခြင်း

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခြေအနေ တွေကြောင့် မြန်မာနိုင်ငံတလွှား အိုးအိမ်စွန့်ခွာ ထွက်ပြေး ကြရသူတွေ အနည်းဆုံး နှစ်သိန်းခြောက်ထောင် ရှိပြီး၊ အဲဒီထဲမှာ အထက်မှာ ပြောခဲ့သလို ကလေးသူငယ်တွေ ခွန်နှစ်သောင်း ခြောက်ထောင် ပါဝင်နေပါတယ်။

ကယားဟာ အခြေအနေ အဆိုးဆုံး နေရာတစ်ခု ဖြစ်ပြီး စက်တင်ဘာ တစ်လထဲမှာကို လူ နှစ်သောင်းနှစ်ထောင် ၂၂၀၀၀ ဝန်းကျင် ထပ်မံ ထွက်ပြေးခဲ့ရပါတယ်။ အခုဆိုရင် ကယားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ခွန်နှစ်သောင်းကိုးထောင် ၇၉၀၀၀ အထိ ရောက်လာပြီလို့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက ခန့်မှန်း ထားကြပါတယ်။

“အကြမ်းဖက် ဖြစ်ရပ်တွေ ဆက်ပြီး ပေါ်ပေါက်နေသ၍တော့ လုံခြုံရာရှာဖို့ ထွက်ပြေးကြရသူတွေ ထပ်ပြီး ရှိလာဦးမှာပဲ။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို လေးစားကြပါ၊ ထိခိုက်မှု မရှိရစေအောင် လုပ်ဆောင်ကြဖို့ ဘက်ပေါင်းစုံကို တိုက်တွန်းပါတယ်” လို့ Save the Children ရဲ့ အစီရင်ခံစာထဲ တောင်းဆို ထားပါတယ်။

“ကလေးသူငယ်တွေရဲ့ အခွင့်အရေးလို့ ပြောရရင် ပဋိပက္ခတွေ ရန်က ကာကွယ်တာ အပြင် စာသင်ကျောင်းတွေဆီ ပြန်လည် ရောက်ရှိနိင်ရေးနဲ့ စိတ်အနာတရ ဖြစ်ခဲ့ရမှုတွေကို ကုစားပေးနိုင်ရေးတွေလည်း လုပ်ဆောင်ပေးဖို့လိုတယ်” ဆိုပြီး အစီရင်ခံစာထဲ ထောက်ပြထားပါတယ်။

(၂) ယာယီခိုလှုံရာနေရာတွေမှာ အခြေအနေ ခက်ခဲဆိုးရွားခြင်း

စစ်ဘေးရှောင် ပြည်သူတွေအများစုဟာ လူသူမနီး ဝေးလံခေါင်သီတဲ့ တောတွေ တောင်တွေထဲ ထွက်ပြေး ကြရတာဖြစ်ပါတယ်။

တောထဲကရတဲ့ ဝါးတွေနဲ့ တိုင်ထူကာ တာပေါ်လင် မိုးကာစတွေကို ချည်နှောင် ထားရတဲ့ ယာယီ တဲမျိုးတွေမှာ စစ်ဘေးရှောင်တွေ နေထိုင်နေကြရပြီး မုတ်သုံရာသီမိုးဒဏ် အပါအဝင် ပြင်းထန်တဲ့ ရာသီဥတုကို အံတုကြရတာ ဖြစ်တယ်လို့ အစီရင်ခံစာထဲ ဆိုထားပါတယ်။

အဲဒီလို နေရာထိုင်ခင်းမျိုးတွေမှာပဲ ကိုယ်ဝန်ဆောင် စစ်ဘေးရှောင် အမျိုးသမီးတွေ မီးဖွားမြင်ကြရပါတယ်။ ကိုယ်တွေ့ကြုံရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်ကို အစီရင်ခံစာထဲ ကိုးကားဖော်ပြထားတာ တွေ့ရပါတယ်။

“ဘယ်လို နာကျင်ရတယ်၊ ခက်ခဲရတယ်ဆိုတာ စကားလုံးတွေနဲ့ ပုံဖော် ပြောပြလို့ မရနိုင်လောက်အောင်ပါပဲ။ နေ့စေ့လစေ့ကြီးနဲ့ ထွက်ပြေးခဲ့ရပြီး တောထဲတောင်ထဲမှာပဲ မွေးရတာပါ။ အခုယာယီစခန်းမှာ နေနေရတဲ့ အခြေအနေမျိုးကြောင့် ကလေးအတွက် အင်မတန်စိုးရိမ်ပါတယ်။ အဟာရ ပြည့်လားမပြည့်လားလဲ မခွဲခြားနိုင်ပါဘူး။ ရရာပဲ စားကြရတာပါ။ ကလေးအတွက် သီးသန့် အစာရယ်လို့လည်း မရှိပါဘူး” လို့ ဆိုပါတယ်။

(၃) ငတ်မွတ်ခေါင်းပါးမှု ပြဿနာ

တောတောင်တွေထဲ ရှိနေတဲ့ စစ်ဘေးရှောင် ယာယီစခန်းတွေဆီ အကူအညီ အထောက်အပံ့တွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်ဖို့ အင်မတန် ခက်လှပါတယ်။

အကြောင်းကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေတဲ့ အပြင်၊ သွားခွင့်လာခွင့် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ခွင့်တွေ ထိန်းချုပ် ကန့်သတ်ခံရ တားမြစ် ခံထားရလို့ ဖြစ်တယ်လို့ အစီရင်ခံစာထဲ ပြောထားပါတယ်။

ဒါ့ကြောင့် ယာယီစခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်ပဲ၊ စစ်ဘေးရှောင် မိသားစု တော်တော်များများဟာ တစ်နေ့မှ တစ်နပ်တည်းကို ခြိုးခြိုးခြံခြံနဲ့ မိသားစုထဲ မျှဝေ စားသောက် နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတစ်နပ်ဟာလည်းပဲ ဆန်ပြုတ်လောက်မျှသာ ဖြစ်တယ်လို့လည်း အစီရင်ခံစာထဲ ရေးထားပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အခု ချက်ခြင်း မလုပ်နိုင်ဘူး ဆိုရင် ထောင်ပေါင်းများစွာသော ကလေးသူငယ်တွေ အစာရေစာ ပြတ်လပ်ပြီး ငတ်မွတ်တဲ့ဒဏ် ဆိုးဆိုးရွားရွား ကြုံလာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

(၄) ကယ်ဆယ်ထောက်ပံ့နိုင်ရေး အခက်အခဲ

စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်တွေ ရရှိနိုင်ဖို့ ပရဟိတ ထောက်ပံ့ရေး အကူအညီတွေ၊ အလှူတွေ အပေါ် အဓိက အားထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဆီကို လိုအပ်တာတွေ အရောက် ပို့နိုင်ဖို့ဆို အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။

ဆက်လက် ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်မှု အပေါ် ကန့်သတ်ချက်တွေကြောင့်စစ်ဘေးရှောင်တွေ ရှိရာ နေရာအများစုဆီကို ထောက်ပံ့ကူညီရေး အဖွဲ့တွေ လာရောက်နိုင်ခြင်း မရှိ ဖြစ်နေရတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

ပရဟိတ ကယ်ဆယ်ရေး သမားတစ်ယောက်က သူ့အတွေ့အကြုံကို အခုလို ပြောထားပါတယ်။

“အစတုန်းကတော့ ဒေသတွင်း ပရဟိတအဖွဲ့တွေ၊ ဒေသခံတွေက ထောက်ပံ့တဲ့ အကူအညီတွေဟာ စစ်ဘေးရှောင် စခန်းတွေဆီ ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် ဒေသတွင်း တတ်စွမ်းနိုင်တဲ့အား ကူနိုင်တဲ့အားဆိုတာလည်း အကန့်အသတ်နဲ့ ဖြစ်သလို၊ အဲဒီလို ကူညီထောက်ပံ့ နေတာကို တားမြစ်ခံလာရပါတယ်။ စစ်ဘေးရှောင် စခန်းတွေဆီ သွားခွင့်မပေးတာမျိုး လုပ်လာပါတယ်”

စစ်ကောင်စီတပ်ဘက်က အဲဒီလို့ အကန့်အသတ်တွေ ချမှတ်ထားတဲ့ ကြားကပဲ ပရဟတိတ သမားတွေဟာ အကူအညီတွေကို စစ်ဘေးရှောင် စခန်းတွေရှိရာဆီ မရောက်ရောက်အောင် ပို့နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆန်အိတ်လေး အနည်းအငယ် သယ်သွားနိုင်ပြီ ဆိုရင် စခန်းကို ရောက်တဲ့အခါ မိသားစုတွေ အားလုံးကို ဝေမျှ ခွဲပေးနိုင်ဖို့ အတော်လေးလုပ်ရပါတယ်။ လူ ၇ ယောက်လောက်ရှိတဲ့ တစ်အိမ်ထောင်ကို ဆန် ငါးလုံးလောက်ပဲ ပေးနိုင်တာပါ။ ဒီလိုသာဆို သူတို့ ဘယ်လို ရေရှည်သွားကြရမှာလဲ” ဆိုပြီး ပရဟိတသမားတစ်ဦးက ဆိုပါတယ်။

အဲဒီလိုမျိုး စားနပ်ရိက္ခာ ပြဿနာကြုံနေကြရတာ ကယား။ ချင်း အပြင် မြန်မာနိုင်ငံ အနှံ့က စစ်ဘေးရှောင်တွေ ရှိရာ နေရာတိုင်းမှာ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံထဲက စစ်ဘေးရှောင် မိသားစုတွေ အတွက် စနစ်တကျ တည်ဆောက်ထားတဲ့ ခိုလှုံဖို့ရာ နေရာထိုင်ခင်းတွေ၊ အစားအစာတွေ၊ စင်ကြယ်တဲ့ သောက်သုံးရေတွေ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး ပစ္စည်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုနေတယ်လို့ Save the Children အဖွဲ့က နိုင်ငံတကာကို အသိပေးနေပါတယ်။

“ကလေးသူငယ်တွေ အပါအဝင် သူတို့ရဲ့ မိသားစုဝင် အားလုံး အတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးတကြီး လိုနေပါတယ်။ Save the Children အဖွဲ့ အနေနဲ့ တတ်နိုင်သမျှ ဆက်ပြီး လုပ်ဆောင် နေကြပေမယ့် မလုံလောက်ပါဘူး။ စစ်ဘေးရှောင်တွေဆီ အသက်ကယ် ပစ္စည်းတွေ အရောက် ပို့ပေးခွင့်ရဖို့ လိုအပ်လှပါတယ်” ဆိုပြီး Save the Children အဖွဲ့က ပြောပါတယ်။

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English