Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဂန့်ဂေါမြို့၊ မြင်သားရွာတိုက်ပွဲတွင် စစ်တပ်က အရပ်သားများကိုပါ ပစ်သတ်

ဒလန်များနှင့်အတူ ရွာထဲဝင်လာသော စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ကာ အရပ်သားတချို့ကို အနီးကပ် ပစ်သတ်ခဲ့သည်

September 10, 2021
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter
မီးသင်္ဂြိုဟ်ရန် ပြင်ဆင်ထားသော မြင်သားရွာ ဒေသခံတို့၏ ရုပ်အလောင်းများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားရွာတွင် ယမန်နေ့ (စက်တင်ဘာ ၉ရက်)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့မှ ၁၃ ဦးနှင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့မှ ကိုင်ဆောင်သည့် လက်နက်များမှာ ယနေ့ခေတ် တိုက်ပွဲဝင်လက်နက်များ မဟုတ်သဖြင့် တစ်ပန်းရှုံးခဲ့ရသည်ဟု သေဆုံးခဲ့သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတွေဘက်က လက်နက်အင်အား မမျှဘူး။ ရာသီဥတုအခြေအနေကလည်း မနေ့က မိုးတွေကရွာဆိုတော့ ဘယ်လိုမှ မမျှဘူး။ ကာကွယ်ရေးအဖွဲ့က ကလေးတွေက အခုမှ ၈ တန်းအောင်၊ အခုမှ ၁၀ တန်းတက်ရမယ့်သူလေးတွေ။ ငယ်ငယ်လေးတွေ အကုန်လုံး။ သူတို့တွေ တိုက်ပွဲမှာ ကျတယ်ရှင် ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

အလောင်းကောက်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မြင်သားရွာ ဒေသခံတစ်ဦးက သေဆုံးခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၃ ဦးအနက် ၈ ဦးခန့်သည် အနီးကပ်ပစ်ခတ်ခံထားရဟန်ရှိသည်ဟု ပြောသည်။

“လက်နက်ကြီးကျလို့ မသေတဲ့သူတွေကို နားထင်ကို ပစ်သတ်သွားတာများတယ်ဗျ။ လက်နက်ကြီးကျတဲ့အချိန် သူတို့ ပုန်းလျှိုးကွယ်လျှိုးနေတဲ့အခါကျတော့ (ထိ)မှန်တာပေါ့။ မသွားနိုင်တဲ့အချိန်မှာ သူတို့ကို အာခံရမလားဆိုပြီး ပစ်သတ်သွားတာ“ ဟု ၎င်းက ပြောသည်။

သေဆုံးသူများမှာ အသက် ၇၅ နှစ်အရွယ် ဦးထွန်းငွေ၊အသက် ၅၀ ကျော်အရွယ် ဦးအောင်ငွေ၊ ဦးရန်အေး၊ ဦးကျော်ဆန်း၊ အသက် ၃၅ နှစ်အရွယ် ဦးဒို့မောင်မောင်၊ အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်သည့် မောင်ပြည့်ဖြိုးဝင်း၊ မောင်ငြိမ်းစည်သူ၊ မောင်ဖြိုးဇော်မင်း၊ မောင်သစ်ထွဋ်အောင်၊ မောင်ရှိုင်းထက်အောင်၊ မောင်အငယ်လေး၊ မောင်ထက်နိုင်ဦး၊ မောင်ပြုံးမောင်မောင်၊ မောင်ရှိန်ဘုန်းနိုင်၊ မောင်နိုင်မျိုးထွန်း၊ မောင်ပုလေးနှင့် အမည်မသိရသေးသူတစ်ဦးတို့ဖြစ်ကြောင်း မြင်သားရွာဒေသခံများထံမှ သိရသည်။

စစ်တပ်ကကျေးရွာအတွင်း တပ်စွဲပြီးနောက် ညနေပိုင်းတွင် အသက်အကြီးဆုံးဖြစ်သော ဦးထွန်းငွေကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ အိမ်များမီးရှို့နေစဉ် ဝင်ရောက်တားဆီးသူ ရွာသားတစ်ဦးနှင့် အခြားနှစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့က စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းကို ယနေ့မနက်ပိုင်းတွင် မီးရှို့သဂြိုဟ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

မြစ်သာမြစ်ကမ်းက တိုက်ပွဲအစ

ဂန့်ဂေါ – ကလေး ကားလမ်းမှ တစ်မိုင်နီးပါးအကွာရှိ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ သာလင်းရွာကို ယမန်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသည့်သတင်းကို မြင်သားရွာဒေသခံများ ကြားသိခဲ့ရသည်။

စစ်တပ်ဝင်လာပါက မီးရှို့မည်စိုးရိမ်သည့်အတွက် ကျေးရွာအတွင်း တစ်ခုတည်းသော ဝင်ပေါက်ဖြစ်သည့် တံတားထိပ်မှ တံခါးကို ပိတ်ရန် ဒေသခံများက ဆုံးဖြတ်လိုက်သည်။

စစ်တပ်က တံတားထိပ်မှနေပြီး စတင်ပစ်ခတ်ခဲ့ရာ မြင်သားရွာဒေသခံကာကွယ်ရေးအဖွဲ့များက ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

မြစ်သာမြစ်အနောက်ဘက်ကမ်းတွင် နေရာယူထားသည့် အင်အား ၃၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြစ်အရှေ့ဘက်ကမ်း မြင်သားရွာထိပ်တွင် နေရာယူထားသည့် ဒေသခံကာကွယ်ရေးအဖွဲ့များက တစ်နာရီနီးပါးကြာ ခုခံတိုက်ခိုက်ခဲ့သည်။

ပေ ၈၀၀ ကျော်ကျယ်သည့် မြစ်သာမြစ်၏ တစ်ဘက်ကမ်းရှိ စစ်တပ်က အေကေ ၄၇ သေနတ်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်ချိန်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက လက်လုပ်တူမီးသေနတ်အကြီးစား (လက်လုပ်စိန်ပြောင်း) များဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။

ရေနံထောင်းသည့် ပိုက်လုံးကြီးများဖြင့် ပြုလုပ်ထားပြီး ယမ်းမှုန့် နို့ဆီဘူး နှစ်ဘူးနီးပါးနှင့် ခဲ ရောစပ်ထည့်ပြီး ပစ်ရသည့် အဆိုပါ လက်လုပ်သေနတ်ဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များက မြစ်တစ်ဘက်ကမ်းရှိ စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ခုခံမှုတွင် ပါဝင်ခဲ့သည့် မြင်သားရွာဒေသခံတစ်ဦးက ပြောသည်။

“ရေနံထောင်းတဲ့ပိုက်လုံးကြီးတွေကို ယမ်းဘူး နို့ဆီဘူးနှစ်ဘူး၊ သုံးဘူး ထည့်လိုက်ရင် ယမ်းရဲ့တွန်းကန်အားက ပေ ၈၀၀ မဟုတ်ဘူး၊ ထောင်ကျော်တယ်ဗျ။ ခဲရဲ့အားနဲ့ဆိုတော့။ ကျွန်တော်တို့ လက်နက်ကြီး အဲ့ဒါကို ထုလိုက်တဲ့အချိန်မှာ သူတို့ ပြားခနဲ ဝပ်သွားတာပဲဗျ။ ကျွန်တော်တို့ ၁၀ ချက်လောက် ထုလိုက်နိုင်တယ်။ (သူတို့ဘက်ကို) အဲ့ဒီလက်နက်ကြီးတွေက ရောက်တယ် “ ဟု ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်သည်ဟု ဒေသခံများက ဆိုသော်လည်း ယင်းအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲစတင်ပြီး ၄၅ မိနစ်ခန့်အကြာတွင် တောင်ခရန်းကျေးရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီဘက်မှ တပ်ကူအင်အား ၃၀ ခန့် ထပ်မံရောက်ရှိလာပြီး တိုက်ပွဲပုံစံ လုံးဝပြောင်းလဲသွားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်သည့်အခါ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ အထိနာပြီး အများအပြားဒဏ်ရာရရှိကာ၊ အများစုလည်း နောက်ဆုတ်ပေးခဲ့ရသည်။

“ကျွန်တော်တို့ဘက်ကို လက်နက်ကြီးနဲ့ လေး၊ ငါးဆယ်ချက်လောက်ထုတယ်။ ပြီးတော့ ဆက်တိုက်ဆက်တိုက် သူတို့ဝင်လာတာပဲ။ မြစ်အနောက်ဘက်နဲ့ အရှေ့ဘက်ဆိုတော့ ဒီဘက်က ကျသွားတာကို သူတို့က မြင်ရတယ်” ဟု ပြောသည်။

မြင်သားရွာအဝင် မြစ်သာတံတားပေါ်တွင် ပြုလုပ်ထားသည့် ဝါးကပ်နှင့် စတီးသံပြားများ ကာထားသည့်တံခါးကို ခတ်ထားသည့်သော့ကို စစ်တပ်က ပစ်ခတ်ဖျက်ဆီးပြီး ကျေးရွာအတွင်း တရကြမ်းဝင်ရောက်စီးနင်းခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ဒေသခံအများစုက အနီးအနားတောတောင်များရှိ ယာခင်းများသို့ ထွက်ပြေး ပုန်းရှောင်ခဲ့သော်လည်း အမျိုးသမီးနှင့် အနည်းစုမှာ ရွာထိပ်ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေခဲ့သည်။

နေ့လယ်ပိုင်းတွင် စစ်သား ၂၀ ဝန်းကျင် ရွာဦးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး စစ်တပ်ရန်ကြောင့် တိမ်းရှောင်နေသူ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများပါမကျန် နေပူထဲတွင် ဒူးထောက်ခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရွာသားများ၏ လက်ကိုင်ဖုန်းအလုံး ၄၀ ဝန်းကျင်ကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင်သောဖုန်းများ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး အိမ်ကြီးအိမ်ကောင်းများအပါအဝင် နေအိမ် ၂၀ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ သိန်းရာနှင့်ချီသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

”ကျွန်မတို့ကတော့ စိတ်နာတယ်ရှင်။ ကမ္ဘာတည်သရွေ့ ဘယ်တော့မှ မကျေဘူး” ဟု မြင်သားရွာဒေသခံ အမျိုးသမီးတစ်ဦးက စစ်တပ်၏လုပ်ရပ်ကို မှတ်ချက်ပြုသည်။

ကျေးရွာအတွင်း ဝင်ရောက်စီးနင်းသူများတွင် စစ်ကောင်စီတပ်သားများသာမက ပျူစောထီးဟုခေါ်သည့် အရပ်သားလက်နက်ကိုင်များလည်း ပါဝင်သည်၊ ဒေသခံ ဒလန်များ၏ လမ်းပြမှုကြောင့် ကျေးရွာအတွင်း လွယ်လင့်တကူ ဝင်ရောက်စီးနင်းခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆထားသည်။

စစ်တပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါးရှိ မြင်သားရွာအပါအဝင် သာလင်း၊ ရွာမ ကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ဂန့်ဂေါမြို့နယ်၊ မြင်သားရွာမှ အိမ်များကို ဖျက်ဆီးမှု၊ ဒေသခံတို့ကို နှိပ်စက်သတ်ဖြတ်ပြီး လက်ကိုင်ဖုန်းများကို မီးရှို့မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးဌာနကို ယနေ့ ညနေပိုင်းက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင်မူ စစ်သားများကို “မြင်သာကျေးရွာအဝင်၌ အကြမ်းဖက်သမား ၅၀ ခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ တစ်လုံးထိုးသေနတ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့်” ပြန်လည်ပစ်ခတ်ရသည်ဟု ရေးသားထားသည်။

“အကြမ်းဖက်သမားများ” ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းတွင် ဖော်ပြထားသည်။

ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး လက်နက်အင်အားအသာစီးဖြင့် ပစ်ခတ်သတ်ဖြတ်နေသည့် စစ်တပ်ကို လက်မလျှော့ဘဲ ဆက်လက်တော်လှန်သွားမည်ဟု မြင်သားရွာ ဒေသခံတစ်ဦးက ပြတ်ပြတ်သားသား မှတ်ချက်ပြုသည်။

“သူတို့လက်နက်နဲ့ ဘယ်လိုတိုက်တိုက် ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ သူတို့က ချဉ်ဖတ်ပဲဗျ။ လုံးဝလက်ခံတဲ့သူ တစ်ယောက်မှမရှိပါဘူး။ သူတို့ ဒီလိုလုပ်လေ ပိုဆိုးလေပဲ” ဟု ထိုဒေသခံက ပြောလိုက်သည်။

Source: Myanmar Now

Related Posts

သတင်း

လီလီနိုင်ကျော်အမှု ဖမ်းဆီးခံလူငယ်များ သေဆုံးပုံနှင့် ယုတ္တိမတန်သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်များ

September 23, 2023

အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့်...

စက်တင်ဘာ ၀၄၊ ၂၀၂၃။ (တနင်္လာ)
သတင်း

နေပြည်တော်က အဘတွေ အထုပ်ပြင်ရတော့မှာလား

September 19, 2023

တိုင်းပြည်တည်ငြိမ်အောင်လုပ်မယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်း လေးကြိမ်...

မူဆယ်ရဲတပ်ဖွဲ့ လောင်းကစားဝိုင်းတွေဆီကနေ ကျပ် ၁၀ သိန်းစီ ကောက်ခံ
သတင်း

မူဆယ်ရဲတပ်ဖွဲ့ လောင်းကစားဝိုင်းတွေဆီကနေ ကျပ် ၁၀ သိန်းစီ ကောက်ခံ

September 10, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist