Myanmar Now
Published on Jul 21, 2021
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်မှ ၅၇ နှစ်အရွယ် ဦးကိုကိုနိုင် (အမည်လွှဲ) သည် ကိုဗစ်နိုင်တင်းကပ်ရောဂါ လက္ခဏာများခံစားနေရလျက် စမ်းသပ်ခွင့်၊ ဆေးကုသခွင့် မရရှိခဲ့သည့် အရေအတွက်ပင် မခန့်မှန်းနိုင်သော ရန်ကုန်မြို့နေ ပြည်သူများအနက် တစ်ဦးဖြစ်သည်။
အဖျားဒဏ်ကြောင့် အစားမဝင်၊ ဆီးချုပ်နေသည့် ဦးကိုကိုနိုင်တွင် အခြားသော ကိုဗစ်လက္ခဏာများလည်း ရှိနေပြီး စက်ဖြင့် ကိုယ်တွင်းအောက်စီဂျင်ပမာဏတိုင်းထွာကြည့်ရာ၌ ၃၅ သာ ပြသဖြင့် မိသားစုမှာ ခေါင်းနပန်းကြီးသွားသည်။
“ဆေးခန်းတွေ ကျွန်မတို့လိုက်ရှာတယ်၊ ဆေးရုံတွေလည်း ဆီးလေးပဲချူပေးပါ၊ ဘာမှမလုပ်ပေးပါနဲ့ပြောလည်း ဆီးမချူပေးဘူး၊ အောက်စီဂျင် ၃၅ မို့လို့တဲ့။ အဲဒါနဲ့ပဲ (နောက်တစ်ရက်) ဇူလိုင် ၁၉ ရက်နေ့က ဆုံးသွားတယ်” ဟု သမီးဖြစ်သူကပြောသည်။
မကွယ်လွန်မီတစ်ရက်က မြောက်ဥက္ကလာပဆေးရုံ၊ မင်္ဂလာဒုံစစ်ဆေးရုံနှင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းတစ်ခုတို့ကို ချဉ်းကပ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသလို အောက်စီဂျင်လည်း ရှာမရခဲ့ဟု အထက်ပါမိသားစုဝင်က ဆက်ပြောသည်။
သောကကိုပင် မဖြေသိမ့်နိုင်သေးမီ ရုပ်အလောင်းမြေချရမည့်အရေး မိသားစုဝင်များ ခေါင်းမီးတောက်ရပြန်သည်။
သင်္ဂြိုဟ်ရန်အတွက် လိုအပ်သည့် သေဆုံးကြောင်းလက်မှတ်ရရှိရန် မိသားစုက နေရာသုံးခုသို့ သွားရောက်ရပြီး အချိန် ၆နာရီခန့် ပေးခဲ့ရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်အတွက် ကျပ် ၅၀၀၀၊ ဒေသန္တရကျန်းမာရေးဌာနတွင် ဝန်ဆောင်ခ ၁၀၀၀၊ ဆရာဝန်၏ လက်မှတ်ရရန် ၄၅၀၀ ပေးခဲ့ရသေးသည်ဟု ဦးကိုကိုနိုင်၏ မိသားစုက ပြောသည်။
ရုပ်အလောင်းတင်သည့် ကုန်ကားငယ်
သင်္ဂြိုဟ်ခွင့်ရရေး အထောက်အထားများ ခက်ခက်ခဲခဲရပြီးချိန်တွင်လည်း မိသားစုက ရတက်မအေးဖြစ်ရပြန်သေးသည်။
“လူနာတင်ကားပေါ့။ ဘယ်မှာမှ ဆက်သွယ်လို့မရဘူး။ အဲဒါလေး ပြဿနာတစ်ခုပေါ့။ ကားတွေက မအားကြဘူး။ သူတို့ဆီမှာလည်း (ဝန်ဆောင်မှုပေးရမယ့် နာရေး) လေးငါးဆယ်ရှိတယ်၊ လာဖြစ်တဲ့ အချိန်မှ ဖုန်းဆက်မယ်လို့ အဲဒီလိုပြောပြောသွားကြတယ်” ဟု သမီးဖြစ်သူက ပြောသည်။
ဦးကိုကိုနိုင်၏ နေအိမ်ရှိရာ ရွှေပေါက္ကံမြို့သစ်နှင့် ရေဝေးသုဿန်မှာ မော်တော်ယာဉ်ဖြင့် သွားလျှင် လွန်လှ ၁၅ မိနစ်ခရီးသာ ရှိသော်လည်း ယခုမူ ခက်ခဲလွန်းနေသည်။
ထို့ကြောင့် ရုပ်အလောင်းကို နေအိမ်တွင်သာ ထားခဲ့ရသည်။ နောက်တစ်ရက် ဇူလိုင် ၂၀ တွင် မိတ်ဆွေတစ်ဦး၏ အချိတ်အဆက်ဖြင့် ရုပ်အလောင်းတင် မော်တော်ယာဉ်အခက်အခဲမှာ ပြေလည်သွားသည်။
သို့သော် ရောက်လာသည့် ကားမှာ ရန်ကုန်မြို့အတွင်း ရုပ်အလောင်းသယ်ယူရာတွင် အသုံးပြုလေ့ရှိသည့် နောက်ခန်းအလုံပိတ်မျိုးမဟုတ်ဘဲ light truck ခေါ် ကုန်တင်ယာဉ်အငယ်စား ဖြစ်နေသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းတွင် သေဆုံးနှုန်းလွန်စွာမြင့်နေပြီး သုဿန်သို့ ပို့ရမည့် ရုပ်အလောင်းအများအပြား နေအိမ်၌ပင် ရှိနေရသည့်အခြေအနေတွင် တတ်နိုင်သမျှ ပါဝင်ကူညီဖြေရှင်းပေးရန် ဇူလိုင် ၁၉ရက်ကမှ ဆုံးဖြတ်ခဲ့သည့် စိုင်းအောင်နိုင်ဆိုသူမှာ အဆိုပါ light truck ကား၏ ပိုင်ရှင်ဖြစ်သည်။
“လူတစ်ယောက် သူသေသွားတဲ့ခရီးကို ရှောရှောရှူရှူရောက်အောင်လို့ နောက်ဆုံး သူ့ရဲ့နာရေးကို ပို့လို့အဆင်ပြေအောင် ကူညီတဲ့သဘောထားပါပဲ” ဟု စိုင်းအောင်နိုင်က ပြောသည်။
လူဦးရေ သန်းနှင့်ချီရှိသော ရန်ကုန်တွင် နေ့စဉ် ရုပ်အလောင်းတစ်ထောင်ကျော်အထိ မီးသင်္ဂြိုဟ်နေရသည့် သတင်းများ၊ နာရေးကူညီမှုမော်တော်ယာဉ်တစ်စီးလျှင် ရုပ်အလောင်း လေး၊ ငါးလောင်းအထိ တင်ဆောင်နေရသည့် မြင်ကွင်းများ၊ တက္ကစီကဲ့သို့ အငှားယာဉ်ဖြင့်ပင် ရုပ်အလောင်းပို့ဆောင်နေရသည့် မြင်ကွင်းများကို တွေ့ပြီးချိန်တွင် ၎င်းပိုင် မော်တော်ယာဉ်ဖြင့် တတ်နိုင်သမျှ ကူညီဖြေရှင်းပေးရန် စိုင်းအောင်နိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“နာရေးကူညီမှုကားက မလာဘူး။ မလာဘူးဆိုတာက အပြစ်ပြောလို့မရဘူး။ သေဆုံးတဲ့ပမာဏနဲ့ အရေအတွက် မမျှတော့ ကားကမလောက်ဘူး။ တချို့ရုပ်အလောင်းတွေက နှစ်ရက်သုံးရက်ဖြစ်နေပြီ၊ နာရေးကားလည်း ခေါ်မရပြုမရဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
သူ၏ လုပ်ငန်းသုံးယာဉ်ငယ်ဖြင့် ဇူလိုင် ၁၉၊ ၂၀ နှစ်ရက်ဆက်တိုက် ရုပ်အလောင်းငါးလောင်းကို သုဿန်ပို့ပေးနိုင်ခဲ့ပြီး အားလုံးမှာ ကိုဗစ်သံသယလက္ခဏာများဖြင့် ကွယ်လွန်ကြသည့် နွမ်းပါးသူများဖြစ်ကြသဖြင့် စိုင်းအောင်နိုင်က လွန်စွာပီတိဖြစ်နေသည်။
ရုပ်အလောင်းတန်းစီသည့် နေရာပြောင်း
အာဏာသိမ်းထားသည့် စစ်ကောင်စီကမူ စိုင်းအောင်နိုင်ကဲ့သို့ ပရဟိတစိတ်ရှိသူ ပြည်သူတစ်ဦး၏ ရပ်တည်မှုနှင့် ဆန့်ကျင်ဘက်သို့သွား၍ ကြည့်မကောင်းရှုမကောင်း ပြဿနာများကို ဖြေရှင်းပြသည်။
ဇူလိုင် ၁၉ ရက် ညနေပိုင်း မြဝတီရုပ်သံတွင် ရန်ကုန်တိုင်းစစ်ကောင်စီဥက္ကဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးညွန့်ဝင်းဆွေတို့ ရေဝေးသုဿန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်းကို ထုတ်လွှင့်ခဲ့သည်။ အလောင်းများတန်းစီ၍ အုတ်အော်သောင်းနင်းဖြစ်နေသည့် အခြေအနေမရှိဟု ပြောသည်။
ရန်ကုန် သုဿန် ၇ ခု တွင် ပုံမှန်အားဖြင့် တစ်ရာကျော်သာ နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရရာမှ ဇူလိုင်လအတွင်း နေ့စဉ် တစ်ထောင်ကျော်ဖြစ်လာသည်ဟု ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူက စစ်တပ်ပိုင် မြဝတီရုပ်သံနှင့် အင်တာဗျူးတွင် ပြောသည်။
သို့သော် ဇူလိုင် ၁၈ စာရင်းအရ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းအနက် ၁၆၉ ဦးသာ ကိုဗစ်နိုင်တင်းရောဂါဖြင့် ကွယ်လွန်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရုပ်သံသတင်းရိုက်ကူးနေချိန်တွင် မီးသင်္ဂြိုဟ်စက်ထားရှိရာ အခန်းတွင်း၌ အလောင်းများစုပြုံနေသလို နာရေးကား အစီး ၈၀ ခန့်ပေါ်ရှိ ရုပ်အလောင်းများကို အောက်သို့မချခိုင်းဘဲ ရပ်တန့်စောင့်ဆိုင်းစေခဲ့ကြောင်း လူမှုရေးအသင်းများကပြောသည်။ ကားတစ်စီးလျှင် ရုပ်အလောင်း သုံးလေးလောင်းအထိ တင်ဆောင်ထားသည်ဟုလည်း သိရသည်။
“အခန်းကြီးထဲမှာ မီးသင်္ဂြိုဟ်စက်က တစ်ဝက်၊ လူတွေ (အလောင်း) ပုံတာက တစ်ဝက်၊ ခြောက်ပေတံခါးနှစ်ချပ် ပိတ်လိုက်ရင် ဘယ်သူမှ မမြင်ရတော့ဘူး။ အလောင်းတွေကို အဲဒီအထဲမှာ ထပ်ပြီးစုထားတယ်ဗျာ။ ကားတွေအပြင်မှာ တန်းစီပြီးရပ်ခိုင်းတယ်ဗျာ၊ ကော်ရစ်ဒါမှာ တစ်လောင်းမှ မရှိတော့ဘူးပေါ့” ဟု နာကူအသင်းတစ်ခုမှ ဥက္ကဌတာဝန်ရှိသူက ပြောသည်။
ယခုအခါ သုဿန်များတွင် စီမံခန့်ခွဲမှုပြောင်းလိုက်ပြီး မီးသင်္ဂြိုဟ်စက်အနီး စင်္ကြန်တစ်လျှောက် အလောင်းများစုပြုံနေခြင်းမရှိတော့ဘဲ တန်းစီစောင့်ဆိုင်းနေသော နာရေးကားများပေါ်တွင်သာ ထားခိုင်းပြီး အလှည့်ကျသင်္ဂြိုဟ်ရသည်ဟု ၎င်းက ပြောသည်။
“ကားမှာတော့ အခက်အခဲဖြစ်တာပေါ့၊ သုံးကြောင်းသွားရမယ့်နေရာမှာ တစ်ကြောင်းတည်းနဲ့ အချိန်တွေကုန်တာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ပြည်သူဒုက္ခရောက်နေချိန်တွင် တတ်နိုင်သမျှကူညီနေရသည့် အခြေအနေများ မပျက်ယွင်းလို၍ ယခုကိစ္စကိုမူ အသင်းနှင့် လူနာမည် ထုတ်ဖော်၍ ပရဟိတသမားများက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလိုခြင်းမရှိကြပေ။
စစ်ကောင်စီက မြေပြင်အခြေအနေမှန်ကို ထိုသို့ ဖုံးကွယ်ရုံမျှမက ကိုဗစ်နိုင်တင်းကပ်ရောဂါဖြင့် ကွယ်လွန်သူအရေအတွက်ကိုလည်း ထိမ်ချန်ပြောဆိုပြန်သည်။
သုဿန်များ၌ ဇူလိုင် ၁ ရက်တွင် အလောင်း ၁၅၃ ဦးသာရှိရာမှ ၁၁ ရက်တွင် ၅၆၂ ဦးနှင့် ၁၉ ရက်တွင် ၁၂၀၀ ကျော်အထိ ရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံသည်။
ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူတစ်ဦးနှင့် အင်တာဗျူးထုတ်လွှင့်ရာတွင်မူ ဇူလိုင် ၁၉ ရက်ရက်နေ့က ရန်ကုန်ရှိ သုဿန် ၇ ခုတွင် မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်း ၁၂၃၄ လောင်းရှိကြောင်း၊ ၁၆၉ လောင်းမှာ ကိုဗစ်နိုင်တင်းရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။
သို့သော် အဆိုပါ ထုတ်လွှင့်ချက်များမှာ ပကတိအခြေအနေနှင့် ကင်းကွာလွန်းသည်ဟု လူမှုကူညီရေးအသင်းများက ဆိုသည်။
“မြဝတီကို ကျွန်တော်တို့လည်း ဖြေပိုင်ခွင့်မရှိဘူးလေ။ ကျွန်တော်တို့ကို လာမေးရင် အမှန်အတိုင်းပြောလိုက်မှာ။ မြေပြင်မှာ ကိုဗစ်ဖြစ်မဖြစ်က ကျန်းမာရေးက စစ်မှ မစစ်နိုင်ဘဲ။ ဘယ်လိုလုပ် အလောင်းက အရေအတွက်အတိအကျထွက်မလဲ။ ဒီအလောင်းတွေက အောက်စီဂျင်ကျတယ်၊ အသက်ရှူကျပ်ပြီး ဆုံးတာလေ” ဟု ပရဟိတအဖွဲ့တစ်ခုမှ အမည်မဖော်လိုသူ လုပ်အားပေးတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သင်္ချိုင်းလက်မှတ်ယူပြီး ပို့ခွင့်မရှိဘူးဗျ၊ ဒါဥပဒေအရ အမှန်ပဲ။ ကျွန်တော်တို့က သုဿန်ကို တိုက်ရိုက်ပို့ခွင့်မရှိဘူး။ ကျွန်တော်တို့က ဆေးရုံရင်ခွဲခန်းကို ပို့ရမှာ၊ အဲ့မှာ ကိုဗစ် test စစ်ရမှာ။ ပြီးတော့မှ ဒီအလောင်းက ကိုဗစ်ဆိုရင် ကျွန်တော်တို့အသင်းအဖွဲ့တွေ ကိုင်ခွင့်မရှိတော့ဘူး။ အကုန်လုံး စည်ပင်နဲ့လုပ်ရမှာ။ ဒါပေမယ့် အဲလိုကိုလုပ်ဖို့ ဆေးရုံမှာ အခြေအနေမပေးဘူးလေ” ဟု ၎င်းက ပြောသည်။
ပထမနှင့် ဒုတိယလှိုင်းကြုံချိန် အရပ်သားအစိုးရလက်ထက်၌ ကာကွယ်၊ ကုသ၊ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နာမည်ကျော်သူတစ်ဦးဖြစ်သည့် ဒေါက်တာဝင်းမြတ်အေးကမူ စစ်ကောင်စီ၏ ကိန်းဂဏန်းဆိုင်ရာ လိမ်လည်မှုများသည် ကပ်ရောဂါဖြင့်ကြုံနေရသည့် ပြည်သူများ၏ အသက်ဘေးအတွက် အလွန်စိုးရိမ်ရသည်ဟု Myanmar Now နှင့် ဇူလိုင် ၁၆တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် မှတ်ချက်ပြုထားသည်။
“စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေဟာ တော်တော့်ကို ကွာဟနေတယ်။ ဆေးရုံမှာ သေတာနဲ့ အပြင်(နေအိမ်)မှာ သေတာ၊ ရာနှုန်းတွေကလည်း အများကြီးကွာတယ်။ တွက်ချက်တဲ့နေရာမှာလည်း အများကြီးကွာတယ်။ သေနှုန်းတွေကို တွက်တဲ့အခါ တော်တော့်ကို ကွဲလွဲမှုရှိတယ်လို့ ပြောချင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဝန်ကြီးတာဝန်ယူထားသည့် ၎င်းက ပြောသည်။
ဆရာဝန်အများအပြားကလည်း စစ်ကောင်စီ၏ ကိုင်တွယ်ပုံမှာ ရန်ကုန်မြို့၏ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်းကို ပို၍ပင်တိုးစေနိုင်သည်ဟု သတိပေးထားသည်။
လက်ရှိအခြေအနေများကို ကြည့်လျှင် စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ရေး၊ ကုသရေးတို့၌ စီမံခန့်ခွဲမှုများညံ့ဖျင်းသလို စနစ်တကျ မစီမံ၊ မကြပ်မတ်နိုင်ပါက ရောဂါကူးစက်နှုန်းကို ပိုများစေနိုင်သည့် နာရေးကိစ္စကိုပါ လစ်လျူရှုထားသည့် ပုံပေါက်နေသည်ဟု CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
Source – Myanmar NOW
မြန်မာနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေဟု ရုရှားလက်နက်ကုမ္ပဏီအကြီးအကဲပြော | Myanmar NOW (myanmar-now.org)