ဒီလိုအချိန်၊ဒီလောက်ပူတဲ့ရာသီဥတုအောက်မှာဆန္ဒပြနေဆဲတနိုင်ငံလုံးကမြို့ပေါ်ကျေးလက်သပိတ်တွေကိုမလေးစားပဲမနေနိုင်ဘူး။သူတို့ခင်မျှာအပေါ်ပူ၊အောက်ပူ၊ရင်ထဲကအပူတွေကိုအံတုပြီးတော်လှန်နေကြရတာ။ စစ်ခွေးတွေရဲ့အန္တရာယ်ကိုလဲကြည့်ရှောင်ရသေးတယ်။မြို့ပေါ်အဲကွန်းခန်းလေးထဲမှာနေပြီး “ပူလိုက်တာ ” လို့ညည်းနေတဲ့သူတွေကိုပြောချင်တာက…ခုချိန်တော်လှန်ရေးမအောင်မြင်ခဲ့ရင်နောင်နှစ်ဒီလိုအချိန်မှာဒီထက်အဆများစွာပိုတဲ့အပူတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။မရှိမဲ့ရှိမဲ့လက်ကျန်သစ်တောတွေခုတ်ရောင်းလို့ပိုပူလာမယ့်ရာသီဥတုကတမျိုး၊စားဝတ်နေရေးခက်ခဲလာလို့ပူရတဲ့အပူကတမျိုး၊လူငယ်တွေဆိုအနာဂတ်တွေပျောက်ဆုံးကုန်လို့ပူရတဲ့အပူတွေနဲ့လုံးခြာလိုက်နေလိမ့်မယ်။ဒီချိန်မှာအဲကွန်းလေးဖွင့်ပြီးနှပ်နေနိုင်ပေမယ့်အခြေအနေမကောင်းရင်နောင်တချိန်မှာမီးပျက်ညတွေအလယ်မှာယပ်တောင်နဲ့သာနှစ်ပါးသွားရလိမ့်မယ်ဆိုတာသတိချပ်ကြပါအရပ်ကတို့ရေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


