Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အသံမတိတ်တဲ့ သံပုံးသပိတ်

April 18, 2021
in သတင်း
Reading Time:3 mins read
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်သားတွေ နှောင့်ယှက်တတ်ပေမယ့် ရန်ကုန်မြို့ခံတွေက သူတို့ရဲ့ မကျေနပ်မှုတွေကို ည ၈ နာရီရောက်တိုင်း သံပုံးတီးပြီး ဆက်လက်ဖော်ထုတ်နေကြပါတယ်

Myanmar Now

Published on Apr 16, 2021

“သံပုံးတီးတာ အားလျော့သွားရင် နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးပါ အားလျော့သွားနိုင်တယ်” လို့ ရန်ကုန်၊ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ မစုထက်က စိုးရိမ်တကြီး ပြောပါတယ်။

သံသေတ္တာလုပ်ငန်းလို့ တချို့က အမည်ပြောင်ပေးထားတဲ့ သံပုံးတီးပြီး စစ်အာဏာရှင် မောင်းထုတ်တဲ့လှုပ်ရှားမှုမှာ အလွတ်တန်းသုတေသနသမား မစုထက်ပါဝင်ခဲ့တာဟာ အာဏာသိမ်းပြီးနောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ကတည်းကပါ။

မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဒန်အိုး၊ ဒန်ခွက်တွေကိုင်ဆောင်ပြီး ည ၈ နာရီထိုးတာနဲ့ တိုက်ခန်းဝရန်တာမှာ သံပုံးတီးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သီချင်းတွေသီဆို၊ ကြွေးကြော်သံတွေ အော်ဟစ်ရာမှာ သူပါဝင်ခဲ့ပါတယ်။

သံပုံးတီးတဲ့ ရပ်ကွက်၊ လမ်း၊ နေအိမ်တွေထဲထိ အကြမ်းဖက် ဝင်ရောက်ပစ်ခတ်လာတဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တွေရဲ့ အရိပ်အခြေကို ကြည့်ပြီး သံပုံးတီးနေရပါတယ်။

နွေဦးတော်လှန်ရေးဦးဆောင်သူ လူငယ်တွေ အဖမ်းဆီးခံရပြီးနောက်ပိုင်းမှာတော့ သူနေထိုင်တဲ့ လမ်းမတော်မှာ သံပုံးတီးတာ တော်တော်အားလျော့လာတယ်လို့ မစုထက်က ပြောပါတယ်။

“လမ်းထဲမှာလည်း သူတို့(စစ်တပ်) လာပြီးတော့ ခြိမ်းခြောက်ပစ်ခတ်သွားတာတွေရှိတယ်။ အဲဒီလိုဖြစ်ပြီးတော့ နောက်ပိုင်းမှာ လျော့သွားတယ်။ အခုဆိုရင် လမ်းထဲမှာ ၁၀ အိမ်လောက်ပဲ တီးကြတော့တယ်” လို့သူက ပြောပါတယ်။

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ မိစ္ဆာ၊ သရဲ၊ တစ္ဆေနဲ့ မကောင်းဆိုးဝါးတွေကို သံပုံးတီးပြီး နှင်ထုတ်တဲ့ ဓလေ့ကို ရှေးပဝေသဏီကတည်းကပဲ မြန်မာတွေကျင့်သုံးခဲ့တာပါ။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ မှာ စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်တဲ့ ဒီသံပုံးတီးသံဟာ အာဏာသိမ်းစစ်ကောင်စီအတွက် ဖြစ်လာပါတော့တယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးနောက်မှာတော့ နွေဦးတော်လှန်ရေးရဲ့ အစပြုရာ သံပုံးတီးသံတွေပျောက်ကွယ်သွားမှာကို လူငယ်တွေက စိုးရိမ်လာကြပါတယ်။

ပစ်မှတ်ဖြစ်လာတဲ့ သံပုံးတီးသံ

နွေဦးတော်လှန်ရေး အစပြုရာလို့တောင် ပြောနိုင်တဲ့ ည ၈ နာရီထိုးတိုင်း သံပုံးတီးတဲ့လှုပ်ရှားမှုကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲက လိုက်လံဖြိုးခွင်းနေခဲ့ပါတယ်။ ခုရက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဖြိုခွင်းမှုက တချို့ရပ်ကွက်တွေမှာ ပိုမိုကြမ်းတမ်းလာပြီး လူ့ဂုဏ်သိက္ခာကို ညိုးနွမ်းစေတဲ့ အနိုင်ကျင့်စော်ကားမှုတွေကိုပါ ကျူးလွန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို သဘောမတူကြောင်းပြသသည့် လှုပ်ရှားမှုကနေ ထွက်လာတဲ့ သံပုံးတီးသံတွေဟာ စစ်ကောင်စီဘက်တော်သားတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်လို့ အများက ယူဆကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေကလည်း ရန်ကုန်မြို့ သံပုံးတီးသံကြားရတဲ့ ရပ်ကွက်တွေကို လိုက်လံပစ်ခတ် ဖြိုခွင်းနေပါတယ်။

မရမ်းကုန်း၊ လှိုင်၊ သာကေတ၊ တောင်ဥက္ကလာ စတဲ့ မြို့နယ်တွေက သံပုံးတီးလှုပ်ရှားမှုမှာ ပါဝင်သူတွေထဲက တချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာမှာတော့ ဧပြီ ၁၄ ညက သံပုံးတီးနေတဲ့အချိန်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ရောက်လာပြီး အကြမ်းဖက်ပစ်ခတ်ခဲ့တယ်လို့ တစ်ညီတစ်ညွတ်တည်း ဖြေဆိုကြပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း သာကေတမြို့နယ် ၇ စျေးအနီးမှာလည်း မနေ့ည ၈ နာရီက သံပုံးတီးနေတဲ့အချိန်မှာ အကြမ်းဖက်သေနတ်သမားတချို့ ရောက်လာပြီး မိသားစုတစ်စုကို ရန်ပြုခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“အဲဒီမိသားစုကို အပြင်ထွက်ခိုင်းပြီးတော့ ဒူးထောက်ခိုင်းပြီး လက်ခုပ်တီးခိုင်းတယ်။ ရပ်လိုက်ရင် ရိုက်တယ်။ အသံတိုးရင်လည်း ရိုက်တယ်။ ပိုက်လုံးတွေနဲ့ ရိုက်နှက်နေတာကိုလည်း တွေ့ရတယ်” လို့ အဲဒီလူငယ်က ပြောပါတယ်။

ည ၁၀ နာရီခွဲအထိ သောင်းကျန်းရိုက်နှက်သွားခဲ့တဲ့ သေနတ်သမားတွေဟာ ရပ်ကွက်ကိုလည်း ဆဲဆို၊ ကြိမ်းမောင်းသွားခဲ့ပေမယ့် ပြည်သူတွေက လှုပ်ရှားမှုကို ရပ်တန့်မှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲ့ဒီလူငယ်ကပြောပါတယ်။

“ဘယ်လိုပဲ အကြမ်းဖက်တာမျိုးလုပ်လုပ် သံပုံးတီးတာကိုတော့ ကျွန်တော်တို့ ပျက်ကွက်မှာ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ဧပြီ ၁၃ သင်္ကြန်အကြိုနေ့ ညကလည်း တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ ၁၄ ရပ်ကွက်နဲ့ သံသုမာလမ်းတွေမှာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ ရောက်ရှိလာပြီး သံပုံးတီးတဲ့ အိမ်တွေကို လေးခွနဲ့ ပစ်ခတ်ခဲ့ပြီး လမ်းမှာတွေ့သမျှ လူငယ်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလူရမ်းကားတွေဟာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို သံပုံးတီးခိုင်းပြီး သံပုံးသံ ရပ်တာနဲ့ ရိုက်နှက်နှိပ်စက်တယ်၊ မူးယစ်ပြီး ကခုန်နေကြတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောပါတယ်။

“သံပုံးတီးခိုင်းပြီး သူတို့က ကကြတယ်။ ရပ်ကွက်ထဲကအိမ်တွေကိုလည်း သံပုံးဆက်မတီးဘူးလားလို့ မေးပြီး ဆဲဆိုပြီးတော့ တီးခိုင်းတယ်။ သူတို့တွေက မူးရူးနေကြတာ” လို့ သူက ပြောပါတယ်။

သံပုံးတီးလူထုလှုပ်ရှားမှုဟာ မြို့ကြီးမြို့ငယ်တချို့မှာ လုံးဝရပ်တန့်သွားပေမယ့် လူနေသိပ်သည်းလွန်းတဲ့ ရန်ကုန်မှာတော့ ရပ်တန့်ခြင်း မရှိသေးပါဘူး။ အထပ်မြင့်တိုက်တွေ များပြားခြင်းဟာလည်း ဒီလှုပ်ရှားမှု ဆက်ရှိစေဖို့ အထောက်အကူ ဖြစ်နေပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ကင်းလှည့်နေတတ်တာကြောင့် လမ်းမနဲ့ နီးတဲ့ အခန်းတွေ အလွယ်တကူရန်ပြုခံရပေမယ့် သံပုံးဆက်တီးဖို့ ပိုပြီး အခြေအနေပေးတာကတော့ အထပ်မြင့်တိုက် အပေါ်ထပ်အခန်းတွေမှာ နေထိုင်သူတွေပဲ ဖြစ်ပါတယ်။

အထပ်မြင့်တိုက်ခန်းတွေမှာ နေပေမယ့် စစ်သားနဲ့ ရဲတွေက လေးခွနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် တချို့က အိမ်ရှေ့ဝရံတာမှာ အကာအရံတွေ တပ်ဆင်နေကြပါပြီ။

ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကတော့ မတ်လထဲမှာ ရဲတွေ စစ်သားတွေက သံပုံးတီးချိန် လမ်းထဲဝင်လာပြီး ပစ်ခတ်ခြိမ်းခြောက်ကြတယ်၊ စနေနေ့ဆိုရင် လာပစ်တတ်လို့ သတိထားပြီး သံပုံးတီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီလထဲမှာတော့ လက်နက်ကိုင်တွေ သံပုံးတီးချိန် ရောက်မလာသေးဘူး၊ လမ်းတိုင်းကို ကင်းလှည့်ဖို့ အင်အားမလုံလောက်တာကြောင့် ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

သေနတ်သံ၊ ဗုံးသံကြားက သံပုံးသံ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ နည်းလမ်းမျိုးစုံ ရှိတဲ့အနက် အလုပ်မဆင်းဘဲ ဆန့်ကျင်အံတုတဲ့ နည်းလမ်းက ဌာနဆိုင်ရာရုံးတစ်ခုခုမှာ လုပ်ကိုင်သူတွေပဲ ပါဝင်နိုင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒီသံပုံးတီးတဲ့ လှုပ်ရှားမှုကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဖို့ အလွှာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ပူးပေါင်းပါဝင်နိုင်တဲ့ စရိတ်အသက်သာဆုံး၊ အလွယ်ကူဆုံးလှုပ်ရှားမှုဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို စစ်ကောင်စီလက်အောက်ခံ လက်မရွံ့သမားတွေက ရပ်ကွက်၊ မြို့၊ ရွာတွေမှာ စခန်းချနေထိုင်နေတဲ့ကာလမှာတော့ ဒီလှုပ်ရှားမှုဟာလည်း စွန့်စားရတဲ့ လှုပ်ရှားမှုဖြစ်လာပါပြီ။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် မြို့နယ်တချို့မှာ သံပုံးတီးသူ လျော့နည်းလာပေမယ့် မရမ်းကုန်းမြို့နယ်မှာတော့ အရှိန်အဟုန်နဲ့ သံပုံးတီးဆဲ၊ ကြွေးကြော်သံတွေ ဟစ်အော်ဆဲပဲဖြစ်ပါတယ်။

ဧပြီလ ပထမပတ်မှာ မရမ်းကုန်းက လူငယ်တွေဟာ အင်းစိန်လမ်းမပေါ်ကို သွားတီးခဲ့ပြီး မိသားစုတွေကတော့ တိုက်ခန်းဝရန်တာတွေပေါ်ကပဲ သံပုံးတီးကြပါတယ်။

အဲဒီအချိန်မှာပဲ အင်းစိန်လမ်းမပေါ်မှာ စစ်ကားတွေရောက်ရှိလာပြီး သံပုံးသံကြားတဲ့ ရပ်ကွက်တွေ လမ်းတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့တယ်လို့ မရမ်းကုန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

“လူတွေအားလုံးဝင်ပြေးချိန်မှာ ရာဘာကျည်နဲ့ တချက်လှမ်းပစ်လို့ လမ်းထဲက ဆိုင်းဘုတ်တခု ပေါက်သွားတယ်။ ဒါပေမယ့် နောက်နေ့တွေ ဆက်တီးနေတုန်းပဲ” လို့ အဲဒီနေ့က သူကြုံခဲ့ရတဲ့ အဖြစ်ကို မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းမအနီးမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ မရမ်းကုန်းမြိုနယ် ဗဟိုလမ်း မုဒိတာအိမ်ရာအနီးတဝိုက်မှာ စစ်တပ်နဲ့ ရဲတွေ တပ်စွဲနေထိုင်ခဲ့တာကြောင့် စိုးရိမ်မှုတွေရှိနေပေမယ့်လည်း သံပုံးတီးတဲ့လှုပ်ရှားမှုကိုတော့ မရပ်တန့်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

“မရမ်းကုန်းမှာ တပ်တွေ ရဲတွေ ခြေချင်းလိမ်နေလို့ လူကြီးတချို့က (သံပုံး) မတီးဖို့ တားကြပေမယ့် သံပုံးသံတွေကတော့ ၈နာရီထိုးတိုင်း ကြားနေရတုန်းပဲ။ ကိုယ်တိုင်လည်း ၈ နာရီထိုးတိုင်း သူတို့ဝင်မလာမချင်း ၁၅ မိနစ်ပြည့်အောင် တီးနေတုန်းပဲ” လို့ သူက ပြောပါတယ်။

မနေ့က ဧပြီ (၁၅) ညပိုင်းကလည်း မရမ်းကုန်းကဒေသခံတွေ သံပုံးတီးနေချိန်မှာပဲ စစ်ကားတွေ ရောက်လာပြီး အသံဗုံးတွေ ပစ်ခတ်ဖောက်ခွဲ၊ ဆဲဆိုကြိမ်းမောင်းခဲ့ပြီး ကျောက်ပြားစက်လမ်းက အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

“သံပုံးသံကတော့ လျော့မသွားသေးပါဘူး၊ ၈နာရီဆို လမ်းထိပ်မှာ တချို့က ထွက်ကြည့်ပေးတယ်၊ လမ်းမီးအမှောင်ချတယ်၊ အိမ်ဝရံတာတွေကနေ လမ်းထိပ်ကို လှမ်းလှမ်းကြည့်ပြီး တီးနေကြတုန်းပဲ” လို့ သူက ပြောပါတယ်။

ဒီသံပုံးတီးတဲ့လှုပ်ရှားမှုဟာ စစ်အာဏာကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ ပေါင်းစုညီညွတ်မှုကို ပြသနိုင်တဲ့ အလွယ်ကူဆုံးလူထုလှုပ်ရှားမှုဖြစ်တာကြောင့် အားလျှော့သွားမှာ၊ တဖြေးဖြေးကွယ်ပျောက်သွားမှာကို စိုးရိမ်တယ်လို့ မစုထက်က ပြောပါတယ်။

သံပုံတီးတဲ့လှုပ်ရှားမှု အားလျော့သွားရင် နွေဦးတော်လှန်ရေးရဲ့ ကျန်တဲ့ တော်လှန်ရေး အစိတ်အပိုင်းတွေပါ အားလျော့သွားနိုင်တာကြောင့် ည ၈ နာရီထိုးတိုင်း သံပုံးတီးဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းတွေ ကြွေးကြော်နိုင်ဖို့ မစုထက်ကတော့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။

“ဒီသံပုံးတီးတဲ့လှုပ်ရှားမှုဟာ ဘယ်သူမှ ဖျက်လို့မရတော့တဲ့ အနေအထားတစ်ခုဖြစ်နေပါပြီ။ ဒါကြောင့်မို့လို့ ဒီအသံမတိတ်တဲ့ သံပုံးသပိတ်က ဆက်သွားနေမယ်ဆိုရင်တော့ နွေဦးတော်လှန်ရေးအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်” လို့ မစုထက်က ခိုင်ခိုင်မာမာ ပြောလိုက်ပါတယ်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6523 )

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English