မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၃) နံနက်ပိုင်းတွင် အင်အားသုံးဖြိုခွင်းခဲ့ပြီး ကျည်ထိ ဒဏ်ရာရရှိထားသူ နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရထားရသည်ဟု မြို့ခံများက ပြောသည်။
နံနက် ၈ နာရီတွင် သထုံမြို့ပေါ်၌ ပေါ်တော်မူကျေးရွာသား ၁၀၀ နီးပါးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ နာရီဝက်အကြာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ နီးပါးက အကြမ်းဖက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။
သေစေလောက်သည်အထိ ဒဏ်ရာရရှိထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲကားဖြင့် ခေါ်ဆောင်သွားကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“အမျိုးသမီးငယ်လေးကို ဆေးရုံပို့တဲ့ လမ်းမှာ လုသွားတယ်။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့မယ်ပြောတယ်။ အခုချိန်ထိ ဆေးရုံမရောက်သေးဘူး။ အဲဒီကားတွေနဲ့ (မြို့ထဲ) ပတ်မောင်းနေတာ” ဟု အထက်ပါမြို့ခံက ပြောသည်။
ရင်ဘတ်တွင် ဒဏ်ရာရရှိထားသည့် အသက် ၅၀ ဝန်းကျင် ဦးသိန်းတန်ကို စစ်ကောင်စီလက်နက်ကိုင်များက ကားပေါ်တင်ခေါ်သွားကြပြီး ဝမ်းဗိုက်ဒဏ်ရာရရှိထားသူ အမျိုးသမီးကို ပြည်သူများက ဆေးရုံသို့ ပို့ဆောင်နေစဉ် စစ်တပ်က လိုက်လံလုယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မူရင်းသတင်း – မြန်မာနောင်း ( https://www.myanmar-now.org/mm/news/6378 )