Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နောက်စေ့နှင့်နောက်ကျောကို ပစ်မည်ဟု ခြိမ်းခြောက်ပြီး ၂၄ နာရီအကြာ

March 29, 2021
in သတင်း
Reading Time:2min read
Share on FacebookShare on Twitter

မတ် ၂၇ ရက်နေ့တွင် တပ်မတော်နေ့ကို တခမ်းတနားကျင်းပသည့် အာဏာသိမ်း စစ်ကောင်စီက ကလေးများအပါအ၀င် ငြိမ်းချမ်းစွာ ဆန္ဒပြသူ တစ်ရာကျော်ကို လမ်းပေါ်တွင် ပစ်သတ်ခဲ့သည်

“နောက်စေ့နဲ့ နောက်ကျောကို ဖောက်မဲ့အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ သင်ခန်းစာ ယူစေလိုပါတယ်”

 ပြည်သူများ ဆန္ဒပြကန့်ကွက်ပါက နောက်စေ့နှင့်နောက်ကျောကို သေနတ်ဖြင့်ပစ်ခတ်ခံရဖွယ်ရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မတ်လ ၂၆ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် အပြင်းထန်ဆုံး ခြိမ်းခြောက်လိုက်သည့်စကား ဖြစ်သည်။

ထိုသို့ ကြေညာပြီး ၂၄နာရီအကြာ နောက်တစ်ရက်တွင်တော့ စစ်ကောင်စီ၏လက်နက်ကိုင်အဖွဲ့များက နိုင်ငံတဝန်း၌ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ရက်စက်စွာပစ်သတ်တော့သည်။

ပြည်သူများက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားသည့် ယနေ့ (မတ်လ ၂၇) ရက်တွင်လည်း စစ်ကောင်စီအဖွဲ့က အဆိုပါ ခြိမ်းခြောက်ထားသည့်ပြောစကားကို ကြေးမုံသတင်းစာတွင် အကျယ်တဝင့် ဖော်ပြထားသည်။

‘လူငယ်အချို့ဟာ နယ်ချဲ့လက်ပါးစေရဲ့ သွေးဆောင်ဖြားယောင်းမှုကို နားထောင်ပြီး တိုင်းပြည်ဖျက်ဆီးမဲ့ စီမံကိန်း အရ ဆူပူဆန့်ကျင်ရမယ့် သူတို့လှုပ်ရှားမှုမှာ ဂိမ်းကစားသလို ထင်မှတ်ကာ ပါဝင်လိုကြတယ်၊ သတိထားပါလေ။ နောက်စေ့နဲ့ နောက်ကျောကို ဖောက်မဲ့အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ သင်ခန်းစာ ယူစေလိုပါတယ်၊ နားမယောင်လေနဲ့ သားတို့သမီးတို့၊ မိဘများက နားဝင်အောင် ကြိုတင် တားဆီး ကြပါ၊ အချည်းနှီး မသေပါစေနဲ့’ဟု ဖော်ပြထားသည်။

ထိုသို့ ကြေညာမှုကို လူထုက ပြင်းထန်စွာဝေဖန်ပြီး ‘ပြည်သူများကိုသတ်မည့်တိုင်းပြည်တွင် ငါနေထိုင်သည်’ဟု လူမှုကွန်ရက်တွင် ရေးသားကြသည်။

“သူတို့သတ်ရဲရင် တစ်နိုင်ငံလုံးသတ်သွား”ဟု ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ လမ်းမများတွင် နေ့စဥ်ဆန္ဒပြရာတွင် ပါဝင်နေသူ အသက် ၂၅နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ယနေ့ပြုလုပ်သည့် တပ်မတော်နေ့ကို ပြည်သူများကလည်း “ဖက်ဆစ်တော်လှန်ရေးနေ့” ဟု သတ်မှတ်ကာ နိုင်ငံတဝန်း ချီတက်ဆန္ဒပြပွဲများဆင်နွဲရန် ယခင်ရက်များကတည်းက လှုံ့ဆော်ခဲ့ကြသည်။

ထိုသို့ လှုံ့ဆော်ထားသည့်အတိုင်း ပြည်သူများက ၎င်းတို့မြို့အသီးသီးရှိ လမ်းမများပေါ်တွင်  ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြရာ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ ခြိမ်းခြောက် ထားသည့်အတိုင်း နိုင်ငံတဝန်း ဆန္ဒပြပြည်သူများကိုအပြင်းအထန် ပစ်ခတ်သတ်ဖြတ်ကြသည်။

စစ်ကောင်စီလက်နက်ကိုင်တို့က ဖက်ဆစ်တော်လှန်ရေးနေ့ဟု မလုပ်နိုင်ရန်အတွက် ယမန်နေ့ညပိုင်းကတည်းက နိုင်ငံတဝန်း မြို့နယ်အသီးသီးတွင် ပြည်သူများကြောက်လန့်စေရန်   လိုက်လံပစ်ခတ်ကြသည်။   စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံး၀န်းကျင်တို့တွင်လည်း ညပိုင်းကတည်းက တပ်စွဲနေရာယူထားကြသည်။ယနေ့ ညနေ ၆ နာရီအထိ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၂၀ ခန့်တွင် ပြည်သူ အနည်းဆုံး ၁၀၆ ဦး ကျဆုံးခဲ့သည်။ ယနေ့ မွန်းတည့်ချိန်အထိ Myanmar Now က အတည်ပြုထားနိုင်သော သေဆုံးသူအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်း ဒလတွင် ၅ ဦး၊ အင်းစိန်ရွာမတွင် ၅ ဦး၊ မြောက်ဒဂုံ ၁ ဦးနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ၁ ဦး၊ စမ်းချောင်း ၂ ဦး၊ တောင်ညွန့်တွင် တစ်ဦး၊ လှိုင် ၂ ဦး၊ သက်န်းကျွန်းတွင် ၂ ဦး စုစု ပေါင်း ၁၉  ဦး ရှိသည်။

ပဲခူးတိုင်းအတွင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း၊ မိုးညိုနှင့် ဖဒိုတွင် သေဆုံးသူ တစ်ဦးစီ၊ ဒိုက်ဦးမြို့တွင် ၂ ဦး   စုစုပေါင်း သေဆုံးသူ ၅ ဦးရှိသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်း ဝမ်းတွင်း၌ ၂ ဦး၊ မိတ္ထီလာတွင် ၄ ဦး၊ ကျောက်ပန်းတောင်းတွင် ၃ ဦး၊ မြင်းခြံ တွင် ၅ ဦး၊ မန္တလေးတွင် ၆ ဦး၊ ညောင်ဦးတွင် ၁ ဦး စုစုပေါင်း  ၁၁ ဦး ရှိပြီဖြစ်သည်။ မိုးကုတ်မြို့တွင် ပစ်ခတ်ဖြိုခွင်းခံ ရမှုကြောင့် သေဆုံးသူ ၂ ဦး ရှိကြောင်း ဒေသခံတို့က မွန်းလွဲပိုင်းတွင် အတည်ပြုကြသည်။   ပြင်ဦးလွင်မြို့တွင်လည်း အရပ်သား ၃ ဦး ကျဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းမြို့တွင်  ၃ ဦး၊ ရွှေဘိုမြို့တွင် ၄ ဦးနှင့် မုံရွာမြို့တွင် ၂ ဦး ကျဆုံးခဲ့သဖြင့် စုစုပေါင်း ကျဆုံးသူ ၉ ဦးရှိသည်။

ရှမ်းပြည်နယ် လားရှိုးမြို့တွင်  ၄ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ၁ ဦး၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ၂ ဦးနှင့် ပခုက္ကူတွင် ၃ ဦး၊ ဧရာဝတီတိုင်း ပုသိမ်တွင် ၃ ဦး ကျဆုံးခဲ့သည်။  တနင်္သာရီတိုင်း ထားဝယ်မြို့တွင်လည်း သေဆုံးသူ ၁ ဦးရှိကြောင်း အတည်ပြုနိုင်သည်။

သေဆုံးသူများအနက် မိတ္ထီလာမြို့တွင် အိမ်ထဲအထိ ဝင်ရောက် ပစ်ခတ်ခံရသဖြင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ရန်ကုန် မရမ်းကုန်းမြို့နယ်၊  သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် ယနေ့ (မတ် ၂၇) နေ့လယ် ၁ နာရီကျော်ခန့်က စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကစားနေသော တစ်နှစ်သားအရွယ် ကလေး၏ မျက်လုံးကို ရာဘာကျည်ထိမှန်ခဲ့သည်။

အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ ဆက်တိုက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးသူနှင့်ဒဏ်ရာရသူ အရေအတွက် တိုးမြင့်လာဖွယ်ရှိနေပါသည်။

အဆိုပါ အရေအတွက်မှာ တပ်မတော်ကအာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသောပြည်သူများကို တစ်ရက်တည်းဖြင့် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုအများဆုံးပြုလုပ်သည့်နေ့ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

တပ်မတော်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်းကို ပြည်သူများက လမ်းပေါ်ထွက်၍ ဆန္ဒပြကန့်ကွက်သည့် ၂ လခန့် အကြာတွင် ပြည်သူအများအပြား ကျဆုံးခဲ့ရခြင်းလည်း ဖြစ်သည်။

ဒဏ်ရာရ သေဆုံးသည့်ပုံများ အွန်လိုင်းလူမှုကွန်ရက်တွင် နေ့တွင်းချင်း အဆက်မပြတ် ထွက်ပေါ်လာပြီး ထိုပုံများထဲတွင် မန္တလေးမှ ဦးခေါင်းပွင့်ထွက် သွားသူတစ်ဦး၏ ရုပ်အလောင်းပုံလည်း ပါ၀င်သည်။

မတ်လ ၁၄ ရက်တွင် လှိုင်သာယာဖြစ်စဥ်အပါအဝင် နိုင်ငံတဝန်း၌ အနည်းဆုံးပြည်သူ ၃၈ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကစ၍ ယမန်နေ့ (မတ်လ ၂၆) အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူ ၃၂၈ ဦးအထိ ရှိနေကြောင်း AAPP က ထုတ်ပြန်ထားသည်။

ယူနက်စကို၏ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံ၊ ညောင်ဦးမြို့တွင်ပင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်၍ သွေးမြေကျခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ပြပြီး အကြောက်တရားဖြင့် အုပ်ချုပ်ရန် စီစဥ်နေခြင်းဟု ရန်ကုန်မှ အမည်မဖော်လိုသူ  နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက  သုံးသပ်သည်။

“ဒါက ဦး‌‌နေဝင်းထက်ဆိုးသွားပြီ” ဟု သူက ပြောသည်။ 

မဆလ တစ်ပါတီအာဏာရှင်အစိုးရကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်နေဝင်းသည် ၁၉၈၈ ခုနှစ် သြဂုတ်လ မတိုင်မီက လူထုဆန္ဒပြပွဲများကို စစ်တပ်က ပစ်ခတ်ဖြိုခွဲမည်ဖြစ်ကြောင်း ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“စစ်တပ်ဆိုတာ ပစ်ရင် မှ န်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ရင် တပ်ကို လုပ်လို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်”  

ဗိုလ်ချုပ်နေဝင်းက ထိုကဲ့သို့ မိန့်ခွန်းပြော ခြိမ်းခြောက်ပြီး ၃၃ နှစ် အကြာတွင် အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအား နောက်စေ့နှင့်နောက်ကျောကို သေနတ်ဖြင့်ပစ်သတ်မည်ဟု အပြင်းထန်ဆုံးခြိမ်းခြောက်သည့် သမိုင်းဝင်စကားလုံးဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

ပြည်သူများက သတ်မှတ်သည့် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရက်စက်စွာအသတ်ခံရသည့်အပေါ် နောင်တစ်ချိန်တွင် ပြန်ပြောင်းသတိရစေမည့်နေ့ဟု စမ်းချောင်းမြို့နယ်ရှိ လမ်းမများတွင် နေ့စဥ်ဆန္ဒပြရာတွင် ပါဝင်နေသည့် လူငယ်က ဖွင့်ဟသည်။

“ပြည်သူတွေနိုင်ရင် သေချာပါတယ်။ ဒီနေ့က ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်မှာပါ”ဟု ၎င်းက ပြောသည်။

စစ်တပ် ပစ်ခတ်သတ်ဖြတ်မှု အများဆုံးနေ့အဖြစ် သမိုင်းဝင်မည့် ဖက်ဆစ်တော်လှန်ရေးနေ့ မတ် ၂၇ တွင် လူကြီးများသာမက ကလေးငယ်များပါ သွေးထွက်သံယို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လေသည်။

Source – Myanmar NOW ( https://myanmar-now.org/mm/news/6282 )

Related Posts

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း
သတင်း

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

May 27, 2023

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက...

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
သတင်း

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

May 19, 2023

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ...

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ
သတင်း

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

May 11, 2023

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist