မတ် ၁၅ တွင် လူ ၅ ဦးသေဆုံးသည်အထိ ပစ်ခတ်ဖြိုခွင်းပြီးနောက် ယနေ့တွင်လည်း သေနတ်နှင့် ကျည်ဆန်များ ပျောက်ဆုံးသည်ဟူသော အကြောင်းပြချက်ဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီးကျေးရွာကို စစ်တပ်က ပိတ်ဆို့ထားပြီး တစ်ရွာလုံးကို ပစ်မည်ဟု ခြိမ်းခြောက်ထားသည်ဟု ဒေသခံများက ပြောသည်။
မန္တလေးတိုင်း သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်တွင် ယမန်နေ့ (မတ် ၁၅) က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက နှစ်ဖက်ညှပ်ပိတ်ဆို့ကာ အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက Myanmar Now ကို အတည်ပြုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များသည် သပိတ်ကျင်းမြို့နယ်၏မြောက်ဘက် မိုးကုတ်ဘက်မှ စစ်ကား(၅)စီးဖြင့်တစ်ဖွဲ့၊ တောင်ဘက်စဉ့်ကူးမြို့နယ်ဘက်မှ စစ်ကား(၅)စီးဖြင့်တစ်ဖွဲ့ လာရောက်ကာ အင်အားအလုံးအရင်းဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်နှင့် ရဲများ၏ ပစ်ခတ်မှုကြောင့် ချောင်းကြီးကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ် ဦး၊ နွယ်ရုံကျေးရွာမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကျည်တောက်ပေါက်ကျေးရွာမှ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက်အရွယ်မသိရသူ အခြားအမျိုးသားတစ်ဦး၊ ကံပျိုကျေးရွာမှ အသက်အရွယ်မသိရသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
မူရင်းသတင်း – မြန်မာနောင်း ( https://myanmar-now.org/mm/news/6107 )