၁၆ : ၃၆ အင်းစိန် မီးရထားဝင်းရှိ ရပ်ကွက် ဖြိုခွင်းခံရ
ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေသည့် စစ်အာဏာသိမ်းကောင်စီ၏ လက်နက်ကိုင် ရဲနှင့်စစ်သားများမှ ဒီနေ့ မတ်လ ၉ ရက် မွန်းတက် ၃ နာရီတွင် အင်းစိန်ဈေးရှေ့ မီးရထားဝင်းရှိ ပိန္နဲကုန်းရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ရပ်ကွက်အဝင်ဂိတ်ပေါက်များ လမ်းလုံခြုံရေးတံခါးများအား ရိုက်ချိုးဖျက်ဆီးကာ အသံဗုံး ၆ ချက်ခန့် ပစ်ဖေါက်ခြိမ်းခြောက်ခဲ့သည်။
“အရင်နေ့တွေက အင်းစိန်ဈေးရှေ့မှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို ဖြိုတာ ဒီနေ့က ရပ်ကွက်ထဲကို ဝင်ပစ်သွားတယ်။ ဂိတ်တံခါးတွေကို ရိုက်ချိုးတယ်။ အင်းစိန်သားတွေ ညီရဲ့လား လို့အော်ပြီး တလမ်းလုံးကို ဆဲသွားတယ်။ ဖမ်းဆီးခံရတာတော့ မရှိဘူး။ အားလုံးအိမ်ထဲမှာပဲဝင်နေကြတာ” ဟု ပိန္နဲကုန်းရပ်ကွက်ပြည်သူများမှ ပြောသည်။
အင်းစိန် မြို့ နယ် ပေါက်တောဝ၊ ကမ်းနား၊ အင်းစိန်ဈေး စသည့်နေရာများတွင် စစ်အာဏာရှင်ကို အလိုမရှိဆန့်ကျင်ကြောင်း ကျောင်းသားလူငယ်ပြည်သူများမှ နေ့စဥ်လမ်းပေါ်ထွက် ဆန္ဒပြကြသည်
တဘက်မှာလည်း လက်နက်ကိုင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ဆန္ဓပြသူများကို အကြမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်း၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ ပစ်ဖေါက်ခြင်းဖြင့် နေ့စဥ် ဖြိုခွင်းနေသည်။
၁၄ : ၃၀ ကမာရွတ်သတင်းဌာန စီးနင်းခံရ
ကမာရွတ်သတင်းဌာနကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နေ့လည်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။
ရန်ကုန်မြို့၊ လှည်းတန်း စံရိပ်ငြိမ် ၆ လမ်းရှိ ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့က စီးနင်းပြီးနောက် ကမာရွတ်သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ်ကိုနေသန်မောင်တို့ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယမန်နေ့(မတ် ၈)ကလည်း ကုန်ဈေးတန်းလမ်းရှိ Myanmar Nowသတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညပိုင်းတွင် ထုတ်ဝေခွင့်ပိတ်ပင်လိုက်ကြောင်း ကြေညာသည်။
၁၄ : ၀၀ – စစ်ကောင်စီကို မန္တလေးမြို့အာခံဆဲ
စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ကြုံနေရသော်လည်း မန္တလေးမြို့ရှိ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြခဲ့ကြသည်။
၁၂ : ၃၀ – စမ်းချောင်း၌ လုံခြုံရေးတင်းကြပ်ထား
ယမန်နေ့က ၂၄ နာရီနီးပါးပိတ်ဆို့၍ ညလုံးပေါက်အဖမ်းအဆီးရှိခဲ့သည့် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းထိပ်တွင် ရဲတပ်ဖွဲ့က စခန်းချစောင့်ကြပ်နေသည်။ အာဏာသိမ်းပြီးနောက် နေ့စဉ် လူစုလူဝေး ဖြင့် ဆန္ဒပြလေ့ရှိသည့် အဆိုပါနေရာတစ်ဝိုက်တွင် အာဏာသိမ်းမှုကိုဆန့်ကျင်သူပြည်သူအများအပြား စုရုံးနိုင်ခြင်းမရှိသေးပေ။
Source; Myanmar Now
မူရင်း သတင်းကို တိုက်ရိုက် ဖတ်ရူ့ရန် https://www.myanmar-now.org/mm/news/6004