NUG ယာယီသမ္မတက ပြည်ပရောက်နေတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ပြည်တွင်းကိုပြန်လာဖို့တိုက်တွန်းလိုက်တယ်။ နွေဦးတော်လှန်ရေးအပေါ် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ပိုပြီးအတင့်ရဲလာချိန် ၊ စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေချိန် ၊ NUG/PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေက မြေပြင်မှာစိုးမိုးနိုင်တဲ့ ဒေသကျယ်ပြန့်လာချိန်မှာ ယာယီသမ္မတ ဒူဝါလရှီးလ က NUGအစိုးရအဖွဲ့ဝင်တွေကိုပြည်တွင်းမှာ စုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အခုလိုအချိန်မှာ ဒါဟာသင့်တော်တဲ့ အလုပ်တစ်ခုပါ။ တော်လှန်ရေးဟာ တဖြည်းဖြည်းနဲ့ ကျဥ်းထဲ ကြပ်ထဲ ရောက်လာချိန်မှာ NUGအဖွဲ့ဝင်တွေဟာ ပြည်တွင်းကနေ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ၁၉၈၈ က NCGUB လိုမျိုးအဝေးရောက် အစိုးရဖြစ်သွားမှာပါ။ တချို့ဝန်ကြီးတွေလဲ ပြန်လာဖို့စီစဥ်နေပြီ လို့သိရတယ်။
နွေဦးတော်လှန်ရေးဟာ အချိန်အကန့်အသတ်ရှိလာပြီလို့လဲ ယာယီသမ္မတကပြောသွားသေးတယ်။ ဖြစ်လာပါပြီ ။ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲဟာ ၂၀၂၅ နိုဝင်ဘာလမှာလုပ်မယ့်ဆိုရင်တောင် အချိန်ဟာတစ်နှစ်မကျန်တော့ပါဘူး ။ ကြားဖြတ်အစိုးရဆိုပြီး ဇာတ်ကွက်ပြောင်းရင်အချိန်ကဒီထက်ပိုနည်းမှာပါ။ ဒီအချက်တွေကို NUG အနေနဲ့ရှင်းရှင်းလင်းလင်း သိထားတယ်ဆိုရင် လုပ်စရာရှိတာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှ အဆင်ပြေမှာပါ။